နေပြည်တော် နိုဝင်ဘာ ၁၉

 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ကချင်ပြည်နယ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်းနှင့် တာဝန်ရှိသူများ နှင့်အတူ နိုဝင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ပူတာအိုမြို့နယ် ဇီအွန်-လန်းတောင်-နောင်ခိုင် ကျေးရွာချင်းဆက် ကျောက်ချောလမ်း အရှည် ၁ မိုင် ၇ ဖာလုံဖောက်လုပ်နေမှုလုပ်ငန်းခွင်သို့ ရောက်ရှိပြီး ဇီအွန်မှ မူလာရှီးဒီသို့ ကျောက်ချောလမ်း ဆက်လက်ဖောက်လုပ်နိုင်ရေး စိစစ်တင်ပြရန် တာဝန်ရှိသူများကို မှာကြား၍ လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မချမ်းဘော့မြို့နယ်နှင့် ခေါင်လန်ဖူးမြို့နယ်များမှ နေရပ်စွန့်ခွာ ခဲ့သည့် အိမ်‌ထောင်စု ၇၆ စုကို ပြန်လည်နေရာချထားပေးသည့် ပူတာအိုမြို့နယ် ဇီဒန်း (၂) ကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာသူ/ကျေးရွာသားများနှင့် တွေ့ဆုံ၍ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးဆိုင်‌ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားကာ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ သည်။ ယင်းနောက် ကျေးရွာအတွင်း လှည့်လည်ကြည့်ရှု၍ ကျေးရွာဖွံ့ဖြိုး‌ရေးအတွက် လိုအပ်သည့် ကိစ္စရပ်များကို ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပူတာအိုဒေသ၏ ထွက်ကုန်များကို အဆင်ပြေ ချောမွေ့စွာ သယ်ယူပို့ဆောင်နိုင်ရန်နှင့် ဒေသခံတိုင်းရင်းသား ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ် အစိုးရအဖွဲ့တို့ ပူပေါင်းတာဝန်ယူ ဖောက်လုပ်လျက်ရှိသည့် ၂၅ မိုင် အရှည်ရှိ ပူတာအို လွင်ပြင်ပတ်လမ်း တစ်လျှောက် လမ်း/တံတားများ ဖောက်လုပ်ဆောင်ရွက်နေမှုကို မော်တော်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးကာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အပြီးသတ်ဖောက်လုပ်နိုင်ရေးအတွက် လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်‌ရွက်သွားရန် တာဝန်ရှိသူများ အား မှာကြားသည်။

 

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် ပူတာအိုမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၏ မတ်ပန်ကွင်း မိုးစပါးဆင်းဧကရီ-၃ (RS-CS) မျိုးသန့်မျိုးစေ့ထုတ် စိုက်ခင်းသို့ရောက်ရှိ၍ ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံစေရန် အတွက် နွေ၊ မိုး၊ ဆောင်း သီးထပ်စိုက်ပျိုးနိုင်ရေး နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေးမည့် အစီအမံများကို တာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်း မှာကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပူတာအိုမြို့၊ စိန့်အန်ထော်နီ ကက်သလစ်ဘုရားကျောင်းရှိ ပရဟိတ ကျောင်းသား/ ကျောင်းသူများနှင့်တွေ့ဆုံ၍ အမှာစကားပြောကြားခဲ့ပြီး စားနပ်ရိက္ခာများ ထောက်ပံ့ ပေးအပ်သည်။

ထို့နောက် ပူတာအိုမြို့ ဟိုခို(ပရဟိတ) ဇေယျသိဒ္ဓိကျောင်းနှင့် ဖန်ခိုင်(ပရဟိတ) ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသို့ သွားရောက်၍ ဆရာတော်များအား ဖူးမြော်ကာ ကျောင်းသား/ကျောင်းသူများ၏ စားသောက်နေထိုင်ရေး လိုအပ်ချက်များကို လျှောက်ထားမေးမြန်းခဲ့ပြီး စားနပ်ရိက္ခာများ ထောက်ပံ့ လှူဒါန်းသည်။

 

မွန်းလွဲပိုင်းတွင် ပြည်‌ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဆောက်လုပ်‌‌‌ရေးဝန်ကြီးဌာနနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်း၍ တာဝန်ယူဖောက်လုပ်လျက်ရှိသည့် အထက် ဆန်ခေါင်-လုံနဒမ်း - ဇီယာဒမ်းမှတဆင့် ဖုန်ကန်ရာဇီရေခဲတောင်သွားလမ်း လုပ်ငန်းခွင်သို့ ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်‌စေရေးအတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သဖြင့် ၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အပြီးသတ် ဖောက်လုပ်နိုင်ရေး ခွဲဝေတာဝန်ယူဆောင်ရွက်သွားရန် မှာကြား၍ လမ်း/တံတားများ ဖောက်လုပ်ဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးသည်။

 

ပြည်‌ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း (ပူတာအို) ၌ ဝန်ထမ်းများ၊ ကျောင်းသား/ ကျောင်းသူများ၊ သင်တန်းသူများနှင့် တွေ့ဆုံ၍ အမှာစကားပြောကြားပြီး ကျောင်းဝတ်စုံ၊ စာရေးကိရိယာ၊ ဗလာစာအုပ်နှင့် အားကစားပစ္စည်းများ ပေးအပ်ကာ ကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(ပူတာအို)၌ ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများ၊ သင်တန်းသူများနှင့် မိတ်ဆုံစားပွဲသို့ တက်ရောက်၍ ရင်းနှီးနွေးထွေးစွာ နေ့လယ်စာ အတူတကွ သုံးဆောင်ခဲ့ကြောင်း  သိရသည်။

(သတင်းစဉ်)