နေပြည်တော်၊ ဇူလိုင် ၈
ပြည်ထောင်စုအဆင့် အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့နှင့် အထောက်အကူပြုအဖွဲ့ အဆင့်ဆင့်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် (၁/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ပိုင်းတွင် နေပြည်တော်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန၌ ကျင်းပသည်။
အစည်းအဝေးသို့ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ တိုင်းဒေသကြီး/ ပြည်နယ် ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများနှင့် ပြည်ထဲရေးဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်ကြော်ငြာစာအမှတ်၊ ၁၁၇/၂၀၂၄ ဖြင့် ပြည်ထောင်စုအဆင့် အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့များနှင့် မြို့နယ်အခွန်ကောက်ခံမှု အထောက်အကူ ပြုအဖွဲ့များကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်း၊ ယင်းအမိန့်ကြော်ငြာစာတွင် အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ အဆင့်ဆင့်၏ ဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်များကို ဖော်ပြထားကြောင်း။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၉ တွင် “နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကို ပေးဆောင်ရန်တာဝန်ရှိသည်” ဟု ပြဋ္ဌာန်းထားပြီး ယင်းဥပဒေ၏ ဇယား (၁) ပါ ဥပဒေများနှင့် သက်ဆိုင်သည့် အခွန်အခများကို ပြည်ထောင်စု ဝန်ကြီးဌာနများကလည်းကောင်း၊ ဇယား (၅) ပါ အခွန်အခများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များကလည်းကောင်း နိုင်ငံတော်ဘဏ္ဍာရရှိစေရေး အခွန်အကောက်များကို ကောက်ခံလျက် ရှိကြောင်း။
အခွန်ကောက်ခံမှုနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် “အခွန်ကောက်ခံရာတွင် အခွန်နှုန်းထားကို တိုးမြှင့် ကောက်ခြင်းမရှိဘဲ ရသင့်ရထိုက်သည့် အခွန်နယ်ပယ်ကို ချဲ့ထွင်၍ ထိထိရောက်ရောက် ဆောင်ရွက်ခဲ့သည့်အတွက် အခွန်ရရှိမှု တိုးတက်လာသည်ကို တွေ့ရကြောင်း၊ အခွန်နှင့်ပတ်သက်ပြီး တာဝန်ရှိသည့် ဝန်ကြီးဌာနများအနေဖြင့်လည်း နိုင်ငံတော်က ရသင့်ရထိုက်သည့် အခွန်အခများကို ပြည့်ပြည့်ဝဝ ရရှိအောင် ကောက်ခံပေးရန်လိုကြောင်း၊ အခွန်အခများ ကောက်ယူရာတွင် အခွန်အား တိုးမြှင့်ကောက်ခံခြင်း မပြုလုပ်ဘဲ ယခင်ရှိပြီး အခွန်နှုန်းထားများအတိုင်း ရသင့်ရထိုက်သော နယ်ပယ်အလိုက် မကျန်ရှိအောင် ကောက်ခံခြင်းများကို ပြုလုပ်ကြပ်မတ် ဆောင်ရွက်ကြရန် လိုကြောင်း” လမ်းညွှန်မှု ပြုထားပါကြောင်း။
ယခုဖွဲ့စည်းထားသည့် အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့များတွင် ပြည်ထောင်စုအဆင့် အဖွဲ့အနေဖြင့် အခွန်အပြည့်အဝရရှိစေရေးနှင့် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ သတ်မှတ်ပေးရန်၊ သက်ဆိုင်ရာဌာနအသီးသီး ပူးပေါင်းဆောင်ရွက်နိုင်စေရန်၊ အခွန်ပညာပေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကြီးကြပ်ပေးရန်နှင့် ဆောင်ရွက်ခဲ့သည့်လုပ်ငန်းစဉ်များ၏ အားနည်းချက်နှင့် အားသာချက်များကို ပြန်လည်သုံးသပ်လမ်းညွှန်ပေးရန်ဟူ၍ လုပ်ငန်းတာဝန်များ သတ်မှတ်ထားကြောင်း၊ အဓိကမှာ အခွန်ရငွေတိုးတက်လာစေရေးအတွက် ကြပ်မတ် ဆောင်ရွက်ကြရန် ဖြစ်ကြောင်း၊ နိုင်ငံတော်၏ဘတ်ဂျက်တွင် ရငွေပိုင်း၌ အခွန်ရငွေ၊ အစိုးရဌာနများ၏ ရငွေ၊ ပြည်တွင်း /ပြည်ပချေးငွေ၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများမှ ထည့်ဝင်ငွေတို့မှ ရရှိခြင်းဖြစ်ပြီး ယင်းတို့အနက် အခွန်ရငွေမှာ အဓိက အစိတ်အပိုင်းအဖြစ် ပါဝင်နေကြောင်း။
ထို့ကြောင့် ယခုဖွဲ့စည်းထားသည့် အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့များကို ပြည်ထောင်စု ဝန်ကြီးဌာနများက ပြည်ထောင်စုအတွက် ကောက်ခံရမည့် အခွန်အကောက်များကို လျော့နည်း လွတ်ကင်းမှုမရှိစေဘဲ အပြည့်အဝ ရရှိစေရေးအတွက် ဝိုင်းဝန်းကြပ်မတ်ထိန်းကျောင်းနိုင်ရန် ရည်ရွယ်၍ ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စုက ကောက်ခံသည့်အခွန်အခများကို တာဝန်ယူကောက်ခံနေသော သက်ဆိုင်ရာဝန်ကြီးဌာနများသာမက ဒေသဆိုင်ရာ အစိုးရအဖွဲ့များက အနီးကပ်ကြီးကြပ် ဆောင်ရွက်ခြင်းဖြင့် အခွန်ရငွေများ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုအဆင့် အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့က ကြီးကြပ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များအနေဖြင့်လည်း မိမိတို့တာဝန်ယူကောက်ခံရသည့် ဇယား (၅) ပါ အခွန်အခများအပြင် ပြည်ထောင်စုဝန်ကြီးဌာနများက ကောက်ခံသည့် ပြည်ထောင်စု၏ အခွန်အကောက်များ ပိုမိုရရှိလာစေရေးအတွက် အခွန်ကောက်ခံသည့် ဌာနများကို ဝိုင်းဝန်းကြီးကြပ် ကူညီပေးကြရန် လိုအပ်ကြောင်း။
နိုင်ငံတော်အနေဖြင့် ပြည်သူလူထု၏လိုအပ်ချက်ဖြစ်သော ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် ဖြစ်ထွန်းပေါ်ပေါက်လာစေရေးနှင့် လူမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဘဏ္ဍာငွေများ ကျခံသုံးစွဲရာတွင် အဓိကဘဏ္ဍာရေး အရင်းအမြစ်ဖြစ်သည့် အခွန်ငွေများကို အပြည့်အဝ ကောက်ခံရရှိရေးအတွက် ဖွဲ့စည်းထားသည့် အခွန်ကောက်ခံမှုအထောက် အကူပြုအဖွဲ့ အဆင့်ဆင့်အနေဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့်လည်း မိမိတို့ဒေသအလိုက် အခွန်ဆိုင်ရာ အထောက်အကူပြု အဖွဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ကြရသည်ဖြစ်၍ အခွန်ကောက်ခံသည့်ဌာနများကို လိုအပ်သလို ကြီးကြပ်ကွပ်ကဲ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးကြရန် တိုက်တွန်းကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုအဆင့် အခွန်ကောက်ခံမှု အထာက်အကူပြုအဖွဲ့၊ အတွင်းရေးမှူး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထွဋ်က မြန်မာနိုင်ငံ၏ အခွန်စနစ်နှင့် ပြည်ထောင်စုအဆင့်၊ နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ ပြည်နယ် အခွန်ကောက်ခံမှု အထောက်အကူပြု အဖွဲ့များ၏ ဆောင်ရွက်ရန်လျာထားသည့် လုပ်ငန်းစဉ်များနှင့် အခွန်တိုးတက် ကောက်ခံရရှိနိုင်ရေးအတွက် ဆောင်ရွက်မည့်အစီအစဉ်များကိုလည်းကောင်း၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များနှင့် ဒုတိယဝန်ကြီး ဗိုလ်ချုပ် တိုးရီတို့က မိမိတို့နယ်မြေများနှင့် ဝန်ကြီးဌာနအလိုက် အခွန်တိုးတက် ကောက်ခံရရှိမှု အခြေအနေများကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးမင်းမင်းက ကုန်ဈေးနှုန်း တည်ငြိမ်ရေး ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ဆန်၊ စားသုံးဆီနှင့် စက်သုံးဆီ တင်သွင်း/ တင်ပို့မှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုအဆင့် အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့၏ လုပ်ငန်းတာဝန်ဖြစ်သော အခွန်အပြည့်အဝကောက်ခံရရှိရေး ဆောင်ရွက်မည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေးကြရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များအား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


