အိမ်မဲ ၂၁ ဒီဇင်ဘာ
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ရွာသစ်ကျေးရွာအုပ်စု တောင်စုကျေးရွာတွင် ပြည်ထောင်စုအဆင့် ကရင်ရိုးရာ ကောက်သစ်စားပွဲတော်နှင့် ကရင်နှစ်သစ်ကူးပွဲတော် ကျင်းပနိုင်ရေးအတွက် အလှူငွေများ လှူဒါန်းမှုကို ဒီဇင်ဘာ ၁၉ ရက် မွန်းလွဲ ၂ နာရီက ပွဲတော်ကျင်းပမည့် ကွင်းအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါလှူဒါန်းမှုကို ဧရာဝတီတိုင်းဒေသကြီး ကရင်စာပေနှင့်ယဉ်ကျေးမှု ဦးစီးကော်မတီဘဏ္ဍာရေးမှူး မန်းဇော်မျိုးအောင် က အိမ်မဲမြို့နယ် ရွာသစ်ကျေးရွာအုပ်စု တောင်စုကျေးရွာ ကရင်စာပေနှင့် ယဉ်ကျေးမှုလုပ်ငန်း ကော်မတီအထွေထွေအတွင်းရေးမှူး ဒေါက်တာမောင်မောင်စိုးအား အလှူငွေသိန်း ၅၀ ကျပ်အား ပွဲတော်တစ်ခုလုံးကျင်းပနိုင်ရေးအတွက် လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါလှူဒါန်းပွဲသို့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူ၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဦးလှမျိုးအောင်၊ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်မေလွင်လွင်နှင့် ပွဲတော်ကျင်းပနိုင်ရေး အသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။
"ပြည်ထောင်စုအဆင့် ကရင်ရိုးရာကောက်သစ်စားပွဲတော်နှင့် ကရင်နှစ်သစ်ကူးပွဲတော်တို့ကို ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ရွာသစ်ကျေးရွာအုပ်စု တောင်စုကျေးရွာမှာ ကျင်းပခြင်းဟာ နှစ်ပေါင်း ၁၀၀ တိုင် ပျောက်ကွယ်နေသော ကရင်တိုင်းရင်းသာလူမျိုးများ၏ ဓလေ့ထုံးတမ်းဖြစ်သည့် ကောက်သစ်စားပွဲတော်ကို ပထမဆုံးအကြိမ် ကျင်းပတာဖြစ်ကြောင်း" ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူ က ပြောသည်။
ချစ်သက်လယ်(အိမ်မဲ )