နေပြည်တော် ဖေဖော်ဝါရီ ၈

 

(၇၈) နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲ နှင့်ပြိုင်ပွဲတွင် လုပ်ငန်း/စီးပွားချိတ်ဆက်မှုပြခန်း၌ MSME လုပ်ငန်းရှင်များအတွက် ပြည်တွင်း ဈေးကွက်ချိတ်ဆက်မှု၊ ပြည်ပဈေးကွက်ချိတ်ဆက်မှု၊ ရင်းနှီးမတည်ငွေချိတ်ဆက်မှုနှင့် ဆက်စပ် ဝန်ကြီးဌာနများ၏ One Stop Services များကို ဆောင်ရွက်ပေးလျှက်ရှိကြောင်းသိရ သည်။

ထိုသို့ဆောင်ရွက်ပေးလျှက်ရှိရာ ယနေ့တွင် ပြည်တွင်းဈေးကွက်ချိတ်ဆက်မှုအတွက် ပဲခူး၊ မွန်၊ ရန်ကုန်တို့မှ MSME လုပ်ငန်းရှင် ၅ ဦးတို့၏ အသင့်စားစားသောက်ကုန်၊ ဝဥ၊ ကွမ်းသီးခြောက်၊ လက်ဖက်ခြောက်တို့ကို လက်လီလုပ်ငန်းရှင်များနှင့် ချိတ်ဆက်နိုင်ရေး ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ပြည်ပဈေးကွက် ချိတ်ဆက်မှုအတွက် တနင်္သာရီ၊ မန္တလေး၊ ဧရာဝတီ၊ မွန်၊ ကရင်တို့မှ MSME စီးပွားရေး လုပ်ငန်းရှင် ၅ ဦးနှင့် စီးပွားရေးသံမှူး ၁၆ ဦးတို့ ရာဘာ၊ ပုလဲ၊ ဝဥခြောက် တင်ပို့လိုမှု ကိစ္စရပ်များ ဆွေးနွေးနိုင်ခဲ့ကြောင်းနှင့် ရင်းနှီးမတည်ငွေ ချိတ်ဆက်မှုတွင် ကရင်၊ စစ်ကိုင်း၊ ပဲခူး၊ ရှမ်း (တောင်)၊ ရန်ကုန်တို့မှ MSME လုပ်ငန်းရှင် ၉ ဦးတို့ကို ဘဏ်လုပ်ငန်းရှင်များနှင့် ရင်းနှီးမတည်ငွေ ရရှိနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းသိရသည်။

 

 

ထို့ပြင် မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် လျောက်ထားမှုအတွက် ကုမ္ပဏီ ၁ ခု ၊မူပိုင်ခွင့် မှတ်ပုံတင်လျောက်ထားပြီး မှတ်ပုံတင်လက်မှတ်ရရှိနိုင်မှုအတွက် ကုမ္ပဏီ ၃ ခုတို့ကို ဆွေးနွေး ဖြေကြားနိုင်ခဲ့ပြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနအနေဖြင့် ဧရာဝတီတိုင်းဒေသကြီးမှ မကျီးတော်ဖီလုပ်ငန်းတစ်ခု၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ဆိတ်သားခြောက် လုပ်ငန်းတစ်ခု၊ မန္တလေးတိုင်းဒေသကြီးမှ သဘာဝခေါင်းလျော်ရည်လုပ်ငန်းတစ်ခုတို့မှ FDA လျောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကို ဆွေးနွေး ဖြေကြားနိုင်ခဲ့သည်။

 

အလားတူ ရင်းနှီးမြုပ်နှံ့မှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် မွန်ပြည်နယ်မှ ဝဥလုပ်ငန်းရှင်၊ ကွမ်းသီးလုပ်ငန်းရှင်တို့၏ ဒါရိုက်တာများလိုက်နာရမည့် တာဝန်များဆိုင်ရာ မေးမြန်း ချက်များကို ရှင်းလင်းဖြေကြားခဲ့ပြီး ကရင်ပြည်နယ်မှ မှိုင်းခံရာဘာထုတ်လုပ်ရေးလုပ်ငန်းရှင်၏ ကုမ္ပဏီအသစ် မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်ကို ကူညီဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်