နေပြည်တော် ဇန်နဝါရီ ၂၃
ပြည်ထောင်စုအဆင့် MSMEs ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကိုယ်စားပြုပြခန်း အောင်မြင်စွာခင်းကျင်းပြသနိုင်ရေးနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ (၁) ၌ ကျင်းပရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထော်စုဝန်ကြီးက ပြည်ထောင်စုအဆင့် MSMEs ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ် ငန်းများ စဉ်ဆက်မပြတ်ရှင်သန်အားကောင်းလာစေရန်၊ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ လုပ်ငန်း နယ်ပယ်အလိုက်ထွက်ရှိသည့် ထုတ်ကုန်များ၊ စီးပွားရေးအရ တွက်ခြေကိုက်မှုရှိသည့် ကုန်စည်များ ကို ပြည်တွင်းစားသုံးမှု ဖူလုံစွာထုတ်လုပ်ခြင်းအပြင် ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့ရန်၊ ပို့ကုန်အမယ် သစ်များတင်ပို့နိုင်ရန်၊ ဈေးကွက်သစ်ရရှိရေးနှင့် ဈေးကွက်ချဲ့ထွင်တင်ပို့နိုင်ရေးအတွက် ရည်ရွယ် ကျင်းပခြင်းဖြစ်ကြောင်း၊ ဝန်ကြီးဌာနပြခန်းကို ခမ်းနားထည်ဝါ စည်ကားသိုက်မြိုက်စွာ ခင်းကျင်းပြ သနိုင်ရေး အသတ်မှတ်ထားသည့်အချိန်အတွင်း ပြင်ဆင်မှုများ ပြီးစီးအောင်ဆောင်ရွက်ရန်၊ အများပြည်သူ စိတ်ဝင်စားမှုရှိအောင်နှင့် MSMEs လုပ်ငန်းရှင်များအတွက် လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်အောင် ခင်းကျင်းပြသသွားရန် ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးမင်းမင်းနှင့် ကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်ထားမည့် အစီအမံများကို ရှင်းလင်းတင်ပြပြီး ညွှန်ကြားရေးမှူးချုပ်များက ပြည်ထောင်စုအဆင့် MSMEs ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ၌ ဝန်ကြီးဌာနကိုယ်စားပြု ပြခန်းဆောင်တည်ဆောက်ခြင်းနှင့် ခင်းကျင်းပြသမှုအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေ အနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


