ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) (၁၇)ကြိမ်မြောက် အစည်းအဝေး (ဒုတိယနေ့) ကျင်းပ

ရန်ကုန် ၄ ဇူလိုင်

 

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U)၏ (၁၇)ကြိမ်မြောက် အစည်းအဝေး (ဒုတိယနေ့) ကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ရန်ကုန်ရုံး၌ ဆက်လက်ကျင်းပသည်။ 

 

အစည်းအဝေးသို့ JMC - U ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် တပ်မတော်သား ကိုယ်စားလှယ်များဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ဗိုလ်မှူးချုပ် ကျော်ဇံမြင့်(ငြိမ်း)၊ JMC-U ဒုတိယဥက္ကဋ္ဌ (၁) စောအိ်ုင်းဇက်ဖိုးနှင့် တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့မှ ခေါင်းဆောင်များ၊ JMC-U ဒုတိယ ဥက္ကဋ္ဌ(၂) စိုင်းမျိုးသန့်နှင့် အရပ်သားကိုယ်စားလှယ်များ၊ JMC-S နှင့် JMC-L တို့မှ ကော်မတီဝင်များ၊ နည်းပညာ အထောက်အကူပြုရုံး အဖွဲ့ဝင်များ တက်ရောက်ကြသည်။ 

 

အဆိုပါ အစည်းအဝေးကို ဇူလိုင် ၃ ရက်မှ  စတင်ကျင်းပလျက်ရှိပြီး အစည်းအဝေးတွင်  JMC-U ၏ (၁၆)ကြိမ်မြောက်နှင့် (၁၇)ကြိမ်မြောက် အစည်းအဝေးကြား ကာလအတွင်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ အကောင်အထည်ဖော်မှုများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S) နှင့် ဒေသဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-L) အဆင့်ဆင့်တို့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) တွင် ဝိဝါဒကွဲပြားနေသော ဝေါဟာရအချို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များကို နှစ်ဖက်အပြန်အလှန် ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

 

အလားတူ JMC ၏ (၂၀၁၈ -၂၀၁၉) ဘဏ္ဍာရေး ရန်ပုံငွေ အသုံးစရိတ် ရရှိထားမှုနှင့် ဆောင်ရွက်မှု အခြေအနေများ၊ ဒေသခံ အရပ်သားစောင့်ကြည့်သူ (LCM) နှင့်ပတ်သက်၍ အကောင်အထည်ဖော်မှု အခြေအနေများ၊ တရုတ်နိုင်ငံမှ Volvo မော်တော်ယာဉ် ၁၀ စီး လှူဒါန်းခြင်းနှင့် ခွဲဝေသုံးစွဲမှု အခြေအနေများနှင့် ကုလသမဂ္ဂမှ နည်းပညာဆိုင်ရာ လိုအပ်ချက်များ ဆန်းစစ်ခြင်း (Technical Need Assessment - TNA) ကိစ္စများ ဆွေးနွေးခြင်း၊ နော်ဝေ၊ နီပေါ၊ တရုတ် နိုင်ငံများသို့ ငြိမ်းချမ်းရေးဆိုင်ရာ လေ့လာရေးခရီးစဉ် ကိစ္စရပ်များဆွေးနွေးခြင်း၊ စတုတ္ထအကြိမ် JMC အဆင့်ဆင့်တွင် ပါဝင်သော အရပ်သား ကိုယ်စားလှယ်များ တွေ့ဆုံပွဲကို ဖာပွန်မြို့တွင် ကျင်းပနိုင်ရေးကိစ္စများ၊ JMC မှ ချမှတ်ထားသော လုပ်ထုံးလုပ်နည်း (SOP) နှင့် လုပ်ငန်းလမ်းညွှန် (TOR) အကောင်အထည်ဖော်မှုများအား ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်း- ဇော်ကြီး၊ ဓာတ်ပုံ- ဖေဇော်