နေပြည်တော် ၂၈ ဒီဇင်ဘာ
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့ ည ၆ နာရီခွဲတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ဒုတိယဝန်ကြီးဦးတင်မြင့်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူးများ၊ အကြံပေးအဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးများ၊အရာထမ်း၊ အမှုထမ်းများ၊ ဆုရဝန်ထမ်းများနှင့် ဝန်ထမ်းဟောင်းများတက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနကို ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၃ ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သော်လည်း မိမိတို့နိုင်ငံတော်အစိုးရ၏ မူဝါဒဖြစ်သည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ထူထောင်ရာတွင် လိုက်လျောညီထွေဖြစ်အောင် အုပ်ချုပ်မှုပြုပြင်ပြောင်းလဲရေးလုပ်ငန်း စဉ်များ ဆောင်ရွက်နိုင်ရန် လိုအပ်လာပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုအစိုးရ အဖွဲ့၏ ရုံးလုပ်ငန်းတာဝန်များကို တာဝန်ယူဆောင်ရွက်နေသည့် အစိုးရ အဖွဲ့ရုံးနှင့် တိုင်းဒေသကြီး / ပြည်နယ်အစိုးရ အဖွဲ့များ၏ ရုံးလုပ်ငန်းတာဝန်များကို တာဝန်ယူ ဆောင်ရွက်နေသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဌာန(၂)ခုလုံးကို ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန လက်အောက်တွင် ထည့်သွင်းဖွဲ့စည်းခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်ကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပါကြောင်း။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ငြိမ်းချမ်းပြီးသာယာဝပြောသည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတစ်ခုဖြစ်လာရန် ဖော်ဆောင်ရာတွင် “မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP)” ကို မူဘောင် တစ်ခုအဖြစ် ထားရှိဆောင်ရွက်ကြရန် လမ်းညွှန်ထားပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ဝန်ကြီးဌာန၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကိုလည်း MSDP စီမံကိန်းနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရည်မှန်းချက်ထားအကောင်အထည်ဖော်နေခြင်း ဖြစ်ပါကြောင်း။
အဆိုပါ MSDP စီမံကိန်း၏ မဏ္ဍိုင်ကြီး(၃)ရပ်အနက် မဏ္ဍိုင်(၁)၏ ရည်မှန်းချက် တစ်ခုဖြစ်သည့် ကောင်းမွန်သောအုပ်ချုပ်မှု (Good Governance)ကို ဖော်ဆောင်နိုင် ရန်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြုပြင်ပြောင်းလဲရေးမူဘောင် (၂၀၁၉) ကို လည်း ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်(၃)ရပ်၊ နယ်ပယ်(၆)ခု၊ အသေးစိတ်လုပ်ငန်းစဉ် များနှင့် အချိန်မူဘောင်များ ရေးဆွဲသတ်မှတ်အတည်ပြုခဲ့ပြီးဖြစ်ပါကြောင်း။
ယင်းပြုပြင်ပြောင်းလဲရေးမူဘောင် (၂၀၁၉)ပါ လုပ်ငန်းစဉ်များကို အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက်လည်း ဝန်ကြီးဌာနအကြံပေးအဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းဟောင်းများ၊ နိုင်ငံတကာ မိတ်ဖက်အဖွဲ့ အစည်းများနှင့် ဝန်ကြီးဌာနတာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်နေပြီဖြစ်သကဲ့သို့ အဓိကတာဝန်ရှိသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းအားလုံးကလည်း အင်တိုက်အားတိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် မိမိအနေဖြင့် အလေးအနက် တိုက်တွန်းပါကြောင်း။
အခုကဲ့သို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၁)နှစ်ပြည့် နှစ်ပတ်လည် ရောက်သည့် အချိန်တွင် အသွင်သဏ္ဍာန် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို (၆)လ အတွင်း မျှော်မှန်းထားသကဲ့သို့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါ ကြောင်း၊ အဓိကကျသည့် အနှစ်သာရပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ဥပဒေပြဋ္ဌာန်း သတ်မှတ်ချက်ဆိုင်ရာ ပြန်လည် ဆန်းစစ်သုံးသပ်ရေးအဖွဲ့ (RRU-Regulatory Review Unit) နှင့် အုပ်ချုပ်စီမံပြုပြင် ပြောင်းလဲရေးအဖွဲ့ (MRU-Managerial Reform Unit) အဖွဲ့များ ဖွဲ့စည်းကာ ရေတို/ရေရှည်စီမံကိန်းများ ရေးဆွဲချမှတ်ပြီး ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်နေသည်ကို အသိပေးပြောကြားလိုပါကြောင်း။
ထို့ပြင် အထွေထွေအုပ်ချုပ်ရေးပြုပြင်ပြောင်းလဲရေးမူဘောင် (၂၀၁၉)အရ ၂၀၁၉ ခုနှစ် အကုန်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များထဲက One State One Township စီမံကိန်းများကို တချို့မြို့နယ်များတွင် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နေသကဲ့သို့ ကျန်မြို့နယ်များတွင်လည်း စတင် အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း။
ထို့ပြင် ပြည်သူနှင့်အတူ (Together with the People)ဆိုသည့် ဆောင်ပုဒ်နှင့် အညီ ထွေထွေအုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရေးမူဘောင်ပါ လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် မြို့နယ်အလိုက်ပြည်သူကို ဗဟိုပြုဆောင်ရွက်မည့် Town Hall Meeting များကို ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းတွင် အကောင်အထည်ဖော်ဆောင်ရွက်သည့်အခါတွင် အဓိက တာဝန်ရှိသည့် မြို့နယ်အုပ်ချုပ်ရေးမှူးများအနေဖြင့် သက်ဆိုင်ရာခရိုင်၊ တိုင်းဒေသကြီး/ ပြည်နယ်အုပ်ချုပ်ရေးမှူးများက တစ်ဆင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ကို တင်ပြပြီး ဝန်ကြီးချုပ်များ၏ ကြီးကြပ်ပါဝင်မှုများနှင့်အတူ အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။
ယနေ့ အခမ်းအနားတွင် ဗဟိုဝန်ထမ်းတက္ကသိုလ်၊ အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှု သင်တန်းကျောင်း(IDA-Institute of Development Administration)များတွင် ဖွင့်လှစ်ခဲ့သည့် သင်တန်းများတွင် ထူးချွန်ဆုရဝန်ထမ်းများကို ဆုချီးမြှင့်သွားမည်ဖြစ်ပါ ကြောင်း၊ ထိုသို့ ဆုများချီးမြှင့်ခြင်းသည် ဝန်ထမ်းများ၏ကြိုးစားမှု၊ အရည်အသွေး ပြည့်ဝမှုအပေါ် ဂုဏ်ပြုခြင်းဖြစ် သကဲ့သို့ တစ်ဦးချင်းကြိုးစားမှု၊ အရည်အသွေးပြည့်ဝမှုမှ သည် အဖွဲ့အစည်းအလိုက် စွမ်းဆောင်ရည်ပြည့်ဝလာရန်အတွက် ရည်ရွယ်ပြီး ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်းပင်ဖြစ်ပါကြောင်း၊ သင်တန်းများတွင် ထူးချွန်သည့် သင်တန်းသား ဝန်ထမ်းများသည် ယခုကဲ့သို့ ဂုဏ်ပြုဆုချီးမြှင့် ခံရရုံသာမက ရာထူး တိုးမြှင့် ရေးတွင်လည်း အချက်တစ်ခုအနေဖြင့် ထည့်သွင်းစဉ်းစားသွားမည်ဖြစ်သည်ကို ပြောကြားလိုပါကြောင်း။
မိမိတို့ဝန်ကြီးဌာန ဝန်ကြီးရုံးနှင့် ဦးစီးဌာနများ၏ ရာထူးတိုးမြှင့်ရေးကိစ္စရပ်များကို နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပွင့်လင်းမြင်သာမှုရှိရှိ မျှမျှတတ တတ်နိုင်သမျှ ကြိုးစား၍ ဆောင်ရွက်ပေးနေသည့်အပြင် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန ဝန်ထမ်းများ အပြောင်းအရွှေ့ကိစ္စရပ်များတွင် မူဝါဒအသစ်ချမှတ်၍ ဆောင်ရွက် နေပြီး ယင်းပြောင်းရွှေ့ ရေးမူဝါဒများနှင့်အညီ ပွင့်လင်းမြင်သာမှုရှိအောင် ဝန်ကြီးဌာန Website၊ ဦးစီးဌာန Website များပေါ်တွင် လွှင့်တင်နိုင်ရေး စတင်ဆောင်ရွက် နေပြီဖြစ်ပါကြောင်း။
ဝန်ထမ်းများအားလုံးသည် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်ရေးယန္တရားတည်ငြိမ်ခိုင် မာအောင်၊ ထိရောက်ပျံ့နှံ့အောင် သစ္စာရှိရှိ တာဝန်ထမ်းဆောင်ကြရန်လိုပါကြောင်း၊ ပြည်သူအပေါ်သစ္စာရှိရန်၊ ပြည်သူတင်မြှောက်ထားသည့် အစိုးရအပေါ်သစ္စာရှိရန်နှင့် မိမိ၏ဝန်ထမ်းအဖွဲ့အစည်းအပေါ်တွင် သိစ္စာရှိစွာ တာဝန်ထမ်းဆာင်ကြခြင်းအားဖြင့် မိမိတို့၏နိုင်ငံ့ဝန်ထမ်းဘဝကို တန်ဖိုးထားဂုဏ်ယူကြစေလိုကြောင်း ပြောကြားလိုပါ ကြောင်း။
မိမိတို့ဝန်ကြီးဌာနသည် ၂၀၁၉ ခုနှစ်က စတင်ပြီး အသွင်သစ်၊ အမြင်သစ်၊ မျှော်မှန်းချက်အသစ်များဖြင့် ပြည်သူများအတွက် အကျိုးရှိမည့် အလွယ်တကူသိမြင် နိုင်သည့် အပြောင်းအလဲများကို ဖန်တီးပေးရန် အခွင့်အလမ်းများကို စတင်နိုင်ခဲ့ပြီးဖြစ် ပါကြောင်း၊ မကြာခင်ရောက်ရှိလာမည့် ၂၀၂၀ နှစ်သစ်တွင်လည်း ပြည်သူ့အကျိုးကို ထမ်းဆောင်နိုင်သည့် ပြည်သူနှင့်အတူ တစ်စိတ်တစ်ဝမ်းတည်း ရပ်တည်နိုင်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနဖြစ်လာရန် အစိုးရအဖွဲ့ရေးရာဌာနနှင့် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ပါ ဝန်ကြီးရုံးနှင့် လက်တွဲညီညီ ပူးပေါင်းဆောင်ရွက် ရန် စိတ်ဓာတ်ခွန်အားအပြည့်ဖြင့်တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နိုင်ရန် တိုက် တွန်းပါကြောင်း၊ အပြုသဘောဆောင်သည့် အရွေ့တစ်ခုကို အစပြုပြီးဖြစ်သည့်အတွက် ရေရှည်စဉ်ဆက်မပြတ် စွဲစွဲမြဲမြဲ ဆက်လက်ဆောင်ရွက်သွားစေလိုကြောင်း ပြောကြား သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှု သင်တန်းကျောင်း(မင်္ဂလာဒုံ)၌ ဖွင့်လှစ်ခဲ့သည့် မြို့နယ်အုပ်ချုပ်ရေးမှူးများ လုပ်ငန်း စွမ်းဆောင်ရည်မြင့်မားရေးသင်တန်းများတွင် ပထမဆုနှင့် ဒုတိယဆုရရှိခဲ့ကြသူများနှင့် ဗဟိုဝန်ထမ်းတက္ကသိုလ်များ၌ ဖွင့်လှစ်ခဲ့သည့် သင်တန်းများတွင် စံပြသင်တန်းသား ဆုများရရှိခဲ့ကြသည့် ဝန်ထမ်းများအားဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးတင်မြင့်က အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှု သင်တန်း ကျောင်း(မင်္ဂလာဒုံ)၌ ဖွင့်လှစ်ခဲ့သည့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးစီးအရာရှိနှင့် မြို့အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းနှင့် စီမံခန့်ခွဲ ရေး ဝန်ထမ်းအဆင့်(၁) လုပ်ငန်းခွင်ဝင်သင်တန်းများတွင် ပထမဆုနှင့်ဒုတိယဆုရရှိ ခဲ့ကြ သူများအားဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီး မြှင့်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်တို့သည် ထူးချွန်ဆုရရှိကြသူများနှင့်လည်းကောင်း၊ ဒုတိယ ညွန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အုပ်ချုပ်ရေးမှူးများ၊ အကြံပေးအဖွဲ့ဝင်များ၊ ဝန်ထမ်းဟောင်းများနှင့် လည်းကောင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများနှင့် နှစ်ပတ် လည်နေ့ အခမ်းအနားသို့ တက်ရောက်လာကြသူများသည် ခေတ်အဆက်ဆက် အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုမှတ်တမ်း Video နှင့် One State One Township စီမံကိန်းဆောင်ရွက်မှု မှတ်တမ်းမှတ်တမ်း Video တို့ကို ကြည့်ရှုကြသည်။
(သတင်းစဉ်)