ထားဝယ် ၉ ဇန်နဝါရီ 

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ အကြံပေးအဖွဲ့နှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

 

5591


တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး၏ အကြံပေးအဖွဲ့ဝင် ဦးမိုးဆွေက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ပြုပြင်ပြောင်းလဲမှုများဖြစ်သော ဥပဒေပြဋ္ဌာန်းချက်များ ပြုပြင်ပြောင်းလဲရေး၊ စီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲရေးအကြောင်း၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ စွမ်းရည်မြှင့်တင်ရေးအကြောင်း၊ အုပ်ချုပ်ရေးပညာ ဖွံ့ဖြိုးမှုသင်တန်းကျောင်း အဆင့်မြှင့်တင်ရေးအကြောင်း၊ ပြည်သူလူထု ပူးပေါင်းပါဝင်မှု၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူ တာဝန်ခံမှု၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရများအား အထောက်အကူပြုရေး စသောနယ်ပယ်(၆)ခုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

5592


ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ အကြံပေးအဖွဲ့ဝင် ဦးဝင်းကြည်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ကျော်က တနင်္သာရီတိုင်းဒေသကြီး၏ ဒေသဆိုင်ရာ အချက်အလက်များနှင့် လုပ်ငန်းဆောင်ရွက်ရာတွင် လိုအပ်ချက်အခက်အခဲများအား ရှင်းလင်းဆွေးနွေးသည်။

 

6003

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၏ အကြံပေးအဖွဲ့၏ နည်းပညာအထောက်အကူပြုအဖွဲ့မှ ဦးဟန်ဝေဆက်က နယ်ပယ် ၅/၆ နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားသည်။

 

6004

 

ယင်းနောက် တိုင်းအုပ်ချုပ်ရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ကျော်က ပြည်ထောင်စုဝန်ကြီး၏ အကြံပေးအဖွဲ့အား တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ ပြုစုထားသည့် ဌာနဆိုင်ရာလုပ်ငန်းများ စနစ်တကျဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်း Standard Operating Procedure (SOP)၊ တနင်္သာရီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လုပ်ငန်းလက်စွဲ၊ ပြည်သူများသိသင့်သော ဌာန(၁၇)ဌာန၏ လုပ်ငန်းလက်စွဲနှင့် ဟန်ချက်ညီသော ဖွံ့ဖြိုးရေးကို ဖော်ဆောင်ရမည့် စနစ်ကျသော စီးပွားရေးလုပ်ငန်းများ အကောင်အထည်ဖော်ရန် နည်လမ်းများ စာအုပ်(၄)အုပ်ကို ပေးအပ်သည်။

 

6005

 

တွေ့ဆုံပွဲသို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ အကြံပေးအဖွဲ့ဝင်များ ဖြစ်သော ဦးမိုးဆွေနှင့် ဦးဝင်းကြည်၊ ပြည်ထောင်စုဝန်ကြီး အကြံပေးအဖွဲ့၏ နည်းပညာအထောက်အကူပြုအဖွဲ့မှ ဦးဟန်ဝေဆက်၊ တနင်္သာရီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအုပ်ချုပ်ရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ကျော်၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်းများနှင့် ခရိုင်/ မြို့နယ်/ မြို့များမှ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။ 

ထားဝယ်ခရိုင်(ပြန်/ဆက်)