မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းနေထိုင်ကြသော ပြည်ထောင်စုနိုင်ငံ ဖြစ်သည်။ ပြည်ထောင်စုကြီးအတွင်း နှစ်ပေါင်းထောင်ချီ အေးအတူပူအမျှ အတူတကွလက်တွဲနေထိုင်ခဲ့သော တိုင်းရင်းသား ညီအစ်ကို မောင်နှမများဖြစ်သည်။ မိသားစုအတွင်း ညီအစ်ကိုမောင်နှမချင်းဖြစ်၍ ရံဖန်ရံခါ အခန့်မသင့် ဖြစ်မှုအချို့သာရှိပြီး ပြည်ထောင်စုကြီးအကျိုးစီးပွားကို အစဉ်ထာဝရရှေးရှုကာ လက်တွဲနေထိုင် လာခဲ့သောကြောင့် ပြည်ထောင်စုကြီး ယနေ့ထက်တိုင် တည်တံ့ခိုင်မြဲနေခြင်းဖြစ်သည်။
ပြည်ထောင်စုကြီး အစဉ်ထာဝရတည်တံ့ခိုင်မြဲနေစေရေးအတွက် တိုင်းရင်းသားအချင်းချင်း ချစ်ကြည် ရင်းနှီးလက်တွဲနေထိုင်နိုင်သည့် ပြည်ထောင်စုစိတ်ဓာတ်ထွန်းကားရေးကို သမိုင်းအဆက်ဆက် အလေးထား ဆောင်ရွက်လာခဲ့ကြသည်။ သို့သော် မြန်မာနိုင်ငံ ကိုလိုနီလက်အောက်ကျရောက်ခဲ့စဉ်က သွေးခွဲအုပ်ချုပ်မှုစနစ် နှင့် လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလက သွေးခွဲမှုများကြောင့် တိုင်းရင်းသားအချင်း ချင်း စိတ်ဝမ်းကွဲပြားခဲ့ရသည်။ ထို့နောက် လွတ်လပ်ရေးနှင့်အတူ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများ ပေါ်ပေါက်လာခဲ့ပြီး ပြည်တွင်း/ပြည်ပ သွေးခွဲမှုများ ကြောင့် နှစ်ပေါင်း ၇၀ ကြာအောင် တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်လျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် တိုင်းရင်းသားပြည်သူများလိုလားသည့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့်ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး၊ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်း ရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အတိုင်း အလေးထား လုပ်ဆောင်ရေး နိုင်ငံရေးဦးတည်ချက် ချမှတ်ဆောင်ရွက်လျက်ရှိသည်။ ရှေ့လုပ်ငန်း စဉ်တွင်လည်း တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် (NCA) ပါ သဘောတူညီချက်အတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်သွားမည်ဟု ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်အစိုးရသည် ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ကြေညာခဲ့ပြီး နိုင်ငံရေးအရ ဖြစ်ပေါ်နေသည့်သဘောထားကွဲလွဲမှုများကို မည်သည့် ကန့်သတ်ချက်မျှ မထားရှိဘဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဖိတ်ခေါ်ဆွေးနွေးအဖြေရှာလျက်ရှိသည်။ ထာဝရငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေး အဖြေရှာရာတွင် လက်နက်ကိုင်ပဋိပက္ခများ၏ဆိုးကျိုးများကို မလိုလားဘဲ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရမည်ဟူသည့် ခံယူချက်ထားရှိလျှင် ငြိမ်းချမ်းရေးနှင့် အလှမ်းမဝေးဟုဆိုချင်သည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တောင်းဆိုချက်များသည် မိမိဒေသနှင့် တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်ပြီး ဖြစ်သင့်ဖြစ်ထိုက်သည်များကို ပွင့်ပွင့်လင်းလင်း အဖြေရှာသွားရမည်ဖြစ်သည်။ ပြည်ထောင်စုအကျိုးကို ရှေးရှု၍ အမြင်ကျယ်ကျယ်ဖြင့် ဆွေးနွေးသွားပါက လိုရာ ခရီးပန်းတိုင်သို့ ရောက်ရှိမည်ဖြစ်သည်။
ယခုအခါ ငြိမ်းချမ်းရေးကို လိုလားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဒုတိယအကြိမ်မြောက် ဆွေးနွေးညှိနှိုင်းလျက်ရှိပြီး အလားအလာကောင်းများ ရရှိနေပြီဖြစ်သည်။ မိမိတို့လိုလားချက်များကို ငြိမ်းချမ်းသောနည်းဖြင့် ဆွေးနွေး အဖြေရှာမှရနိုင်ပြီး လက်နက်ကိုင်လမ်းစဉ်ဖြင့် အဖြေရှာပါက မည်သည့်အခါမျှ မရနိုင်သည်ကို မြန်မာ့နိုင်ငံရေးသမိုင်းတွင် မြင်တွေ့နိုင်ပေသည်။ မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေသောနိုင်ငံဖြစ်၍ တိုင်းရင်းသားများအနေဖြင့် မိမိတို့ ဒေသအခွင့်အရေးများကို တရားဥပဒေနှင့်အညီ တောင်းဆိုနိုင်ရေးအတွက် နိုင်ငံရေး စင်မြင့်လွှတ်တော်တွင် ပိုမိုပါဝင်နိုင်အောင် ကြိုးပမ်းရမည်ဖြစ်သည်။ နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်နိုင်ရန် ပါတီဖွဲ့စည်းဆောင်ရွက်ရမည်ဖြစ်ပြီး ဖွဲ့စည်းခဲ့သည့် ပါတီများကိုကြည့်လျှင် နိုင်ငံရေးကို ကိုယ်စားပြု၊ ဒေသကိုကိုယ်စားပြု၊ တိုင်းရင်းသားကို ကိုယ်စားပြုကြသည်ကို တွေ့ရမည်ဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် ငြိမ်းချမ်းရေးကို ရှေးရှုပြီး ဆွေးနွေးအဖြေရှာရာ၌ မိမိတို့၏ လိုလားချက်များကို နိုင်ငံရေးစင်မြင့်တွင် အဖြေရှာ နိုင်ကြပြီဖြစ်သည်။ တိုင်းရင်းသားများကို ကိုယ်စားပြုသည့် အဖွဲ့အစည်းများအနေ ဖြင့် မည်သည့်ခံယူချက်ဖြင့် နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်သည်ဖြစ်စေ အဓိကမှာ မိမိတို့တစ်ဖွဲ့၊ တစ်ပါတီအကျိုးကို ဦးစားမပေးဘဲ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ပြည်ထောင်စုအကျိုးကို ရှေးရှုဆောင်ရွက်သွားမည်ဆိုပါက တိုင်းပြည်တည်ငြိမ် အေးချမ်းသာယာဝပြောပြီး တိုင်းရင်းသားပြည်သူအားလုံး လိုလားသည့် ဒီမိုကရေစီ နှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်မည် ဖြစ်သည်။
သို့ဖြစ်ရာ ပြည်ထောင်စုအကျိုးကိုရှေးရှုပြီး ထာဝရငြိမ်းချမ်းရေးကိုဖော်ဆောင်ကာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး နိုင်ငံရေးမျှော်မှန်းချက်ကို မဖြစ်မနေလက်တွဲ အကောင်အထည်ဖော်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။
ကြေးမုံ