နေပြည်တော် ဇွန် ၁၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)မှ ဒုတိယဥက္ကဋ္ဌ(၁) ခွန်ထွန်းတင် ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးသည်။

အဆိုပါ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့ တက်ရောက်ကြပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)မှ ဒုတိယဥက္ကဋ္ဌ(၁)နှင့်အတူ တွဲဖက်အထွေထွေ အတွင်းရေးမှူး(၁) ခွန်မင်းသိန်းနှင့် ဗဟိုကော်မတီဝင်ခွန်ဇွဲထိုရ်တို့ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ပြည်ထောင်စုနိုင်ငံတော်အတွင်း၌ လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး ငြိမ်းချမ်းမှုရှိစေရေးအတွက် ခေတ်အဆက်ဆက်ကြိုးပမ်းဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ ပါတီစုံဒီမိုကရေစီစနစ်ကိုလျှောက်လှမ်းရာတွင် နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများရှိမည်ဖြစ်သော်လည်း ငြိမ်းချမ်းသည့်နည်းလမ်းဖြင့်သာ ဖြေရှင်းဆောင်ရွက်ရန်လိုသည့် အခြေအနေများ၊ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တောင်းဆိုချက်များ၊ ဒေသနှင့်တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်ပြီး ဖြစ်သင့်ဖြစ်ထိုက်သည်များကို ပွင့်လင်းစွာဖြင့် အကြေအလည်ဆွေးနွေးသွားမည်ဖြစ်ပြီး ပြည်ထောင်စုအကျိုးကို ရှေးရှု၍ အမြင်ကျယ်ကျယ်ဖြင့် ဆွေးနွေးဆောင်ရွက်သွားကြရန်လိုသည့် အခြေအနေများ၊ ပြည်သူလူထုဆန္ဒနှင့်ကိုက်ညီသည့် ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရှင်းလင်းဆွေးနွေးပြောကြားသည်။

ထို့နောက် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)မှ ဒုတိယဥက္ကဋ္ဌ (၁)နှင့်အဖွဲ့ဝင်များက ယခုကဲ့သို့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲသို့ ပါဝင်ဆွေးနွေးခွင့်ရသည့်အတွက် အထူးကျေးဇူးတင်ရှိသည့်အခြေအနေများ၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)အနေဖြင့် ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်ခြင်းကို အစဉ်လက်ခံထားသည့်အခြေအနေများနှင့် ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးနှင့်ပတ်သက်၍ သဘောထားတူညီချက်အမြင်များကို ပြန်လည်ဆွေးနွေးပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို တင်ပြသည်။ ယင်းနောက် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍နှစ်ဖက် အမြင်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)မှ ဒုတိယဥက္ကဋ္ဌ(၁)နှင့် အဖွဲ့ဝင်များအား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ရာ ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးအဖွဲ့ချုပ်(PNLO)မှ ဒုတိယဥက္ကဋ္ဌ(၁)မှ ဒေသထွက်လက်ဆောင်ပစ္စည်းများကို ပြန်လည်ပေးအပ်ခဲ့ပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြသည်။

အဆိုပါ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)မှ ဒုတိယဥက္ကဋ္ဌ(၁) ဦးဆောင်သည့်အဖွဲ့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဖွဲ့စည်းပေးထားသည့် ကောင်စီဝင်များပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီတို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။