၁၂ ဖေဖော်ဝါရီ

ယနေ့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွက် ကျက်သရေမင်္ဂလာရှိသော နေ့တစ်နေ့ဖြစ်သည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ဗိသုကာကြီး၊ အမျိုးသားခေါင်းဆောင်ကြီး၊ လွတ်လပ်ရေးအတွက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို မျိုးစေ့ချပေးခဲ့သော ပုဂ္ဂိုလ်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ဖြစ်သလို ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသား အဖွဲ့အစည်းနှစ်ဖွဲ့က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)တွင် လက်မှတ်ရေးထိုးသောနေ့ ဖြစ်သည်။

 

မြန်မာ့လွတ်လပ်ရေးအတွက် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို အခိုင်အမာ စိုက်ထူပေးခဲ့သည့် ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့သည့် အထိမ်းအမှတ်နေ့ ဖေဖော်ဝါရီလ ၁၂ ရက်(ပြည်ထောင်စုနေ့)အပြီး နောက်တစ်နေ့ (ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့) ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မွန်ပြည်သစ်ပါတီနှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံးတို့ NCA စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးခြင်းသည် ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးအပြင် အမျိုးသားခေါင်းဆောင်ကြီးအား ဂုဏ်ပြုရာလည်း ရောက်ပေသည်။

 

ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးအတွက် ကနဦးခြေလှမ်းမှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးခြင်း ဖြစ်သည်။ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားပါမှ တစ်ဖက်နှင့်တစ်ဖက် ငြိမ်းချမ်းစွာ အဖြေရှာနိုင်မည်ဖြစ်ပြီး ငြိမ်းချမ်းရေးခရီးအတွက် အလှမ်းနီးလာမည်ဖြစ်သည်။ လက်ရှိတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးပြီးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့ရှိပြီး ယခု တိုင်းရင်းသားအဖွဲ့ နှစ်ဖွဲ့ လက်မှတ်ရေးထိုးပြီးနောက် (NCA) တွင် လက်မှတ်ရေးထိုးပြီးအဖွဲ့ ၁၀ ဖွဲ့ ရှိလာမည်ဖြစ်သည်။

 

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ရာတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် ငြိမ်းချမ်းရေးညီလာခံတွင် တက်ရောက်ဆွေးနွေး ညှိနှိုင်းအဖြေရှာနိုင်ရန်အတွက် NCA တွင် လက်မှတ်ရေးထိုးရေးမှာ အရေးကြီးပါသည်။ လက်ရှိတွင် ငြိမ်းချမ်းရေး ညီလာခံများသို့ တက်ရောက်နေသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှာ ရှမ်း(RCSS/SSA) ချင်း(CNF) ကရင်(KNU,DKBA,KNU-KNLA-PC)နှင့် ရခိုင်(ALP) တို့ ပါဝင်ခဲ့ပြီး ယခု မွန်(NMSP) နှင့် လားဟူ(LDU) တို့ ထပ်မံပါဝင်လာခြင်းသည် ငြိမ်းချမ်းရေးခရီးအရွေ့ကို တိုးတက်စေနိုင်သည်။

 

မြန်မာနိုင်ငံနှင့် တိုင်းရင်းသား ပြည်သူအားလုံး၏ မျှော်လင့်ချက်မှာ ငြိမ်းချမ်းရေးပင် ဖြစ်သည်။ ငြိမ်းချမ်းခြင်းသည် တိုင်းရင်းသား ပြည်သူအားလုံး စိတ်နှလုံးချမ်းမြေ့စေပြီး အေးချမ်းသာယာစွာဖြင့် ဆက်ဆံပေါင်းသင်း ရပ်တည်နေထိုင်နိုင်သောကြောင့် ငြိမ်းချမ်းရေးကို မျှော်လင့်ကြသည်။ တောင့်တကြသည်။ လိုချင်ကြသည်။ နိုင်ငံတော်အနေဖြင့် ငြိမ်းချမ်းရေးနှင့် အလှမ်းဝေးနေသေးသောကြောင့် လူမှုစီးပွားဘဝ တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ကြဉ်းပေးနိုင်ရန် အလှမ်းဝေးနေသေးသည်။ တိုင်းပြည်အနေဖြင့် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျကာ သူတစ်ပါးနောက် ရောက်နေသေးသည်။

 

ထို့ကြောင့် ငြိမ်းချမ်းရေးကို လိုလားကြသည်။ ငြိမ်းချမ်းရေးကို ရရှိလိုသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် မိမိတို့လူမျိုး အသီးသီးတို့၏ ရသင့်ရထိုက်သော အခွင့်အရေးများကို ရရှိလိုပါမူ ဦးစွာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) တွင် ပါဝင်လက်မှတ်ရေးထိုးပြီး နိုင်ငံရေးနည်းဖြင့် စားပွဲဝိုင်းတွင် ငြိမ်းချမ်းစွာ အဖြေရှာကြရမည် ဖြစ်သည်။ လက်နက်ကိုင်နည်းဖြင့် အဖြေရှာခြင်းသည် မည်သည့်အခါမျှ ငြိမ်းချမ်းရေးကို ရရှိမည် မဟုတ်သည့်အပြင် မိမိတို့ လိုလားသော အခွင့်အရေးများနှင့်လည်း နီးစပ်နိုင်မည် မဟုတ်ချေ။

 

သို့ဖြစ်ရာ မငြိမ်းချမ်းသောနည်းဖြင့် လက်နက်စွဲကိုင် အဖြေရှာနေသည်မှာ နှစ်ပေါင်း ၇၀ နီးပါးရှိခဲ့ပြီဖြစ်သည်။ အကျိုးဆက်မှာ တိုင်းရင်းသား ပြည်သူများသာ ဒုက္ခဆင်းရဲရောက်ကြရသည်။ သေကျေပျက်စီးကြရသည်။ ငြိမ်းချမ်းရေးကို ငြိမ်းချမ်းသောနည်းဖြင့် အဖြေရှာနိုင်ရန်အတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (ဃြဗ)တွင် ကျန်ရှိသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များလည်း ပါဝင်လက်မှတ်ရေးထိုးနိုင်အောင် ကြိုးပမ်းအားထုတ်ကြရန် အလေးအနက် တိုက်တွန်းအပ်ပါသည်။


(ကြေးမုံ)