နေပြည်တော် မတ်  ၂၃

ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဉီးသည် ယမန်နေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် စာရင်းစစ်ချုပ်ရုံး၌  ပြည်နယ်စာရင်းစစ်ချုပ်ရုံး၊ ခရိုင်/ မြို့နယ်စာရင်းစစ်ရုံးများမှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုစာရင်းစစ်ချုပ်က ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသည် ဌာန၊ အဖွဲ့အစည်းများ၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာစာရင်းနှင့် လုပ်ငန်းဆောင်ရွက်မှုများကို ဥပဒေနှင့် အညီစစ်ဆေးခြင်း၊ အစီရင်ခံတင်ပြခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူ့ဘဏ္ဍာ‌ငွေ လေလွင့်ဆုံးရှုံးမှုမရှိစေရေးနှင့် နိုင်ငံတော်နှင့် ပြည်သူ့အတွက် ထိရောက်အကျိုးရှိစေရေး ကျင့်ဝတ်များနှင့်အညီ စစ်ဆေးထိန်းကျောင်းပေးလျက် ရှိပါကြောင်း၊ မိမိတို့၏ ဆောင်ရွက်မှုများသည် နိုင်ငံတော်တည်ဆောက်ရေးအတွက် များစွာ အကျိုးရှိပြီး အရေးပါသော ကဏ္ဍမှပါဝင်လျက်ရှိသဖြင့် အရည်အသွေးပြည့်ဝသည့်အစီရင်ခံစာများ ထုတ်ပြန်နိုင်ရန်လိုအပ်ပါကြောင်း၊ စစ်ဆေးတွေ့ရှိချက်များကို လမ်းစဉ်အတိုင်း မကြွင်းမကျန် ဖော်ပြ၍ အစီရင်ခံတင်ပြရမည်ဖြစ်ပါကြောင်း၊ သတင်းအချက်အလက် လုံခြုံရေးအတွက်လည်း အထူးဂရုပြု ဆောင်ရွက်ကြရမည်  ဖြစ်ပါကြောင်း။ 

စာရင်းစစ်ဆေးခြင်းလုပ်ငန်းသည် အဖွဲ့ဖြင့်ဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်သဖြင့် အပြန်အလှန် လေးစားမှုဖြင့် ဆက်သွယ်ဆောင်ရွက်ကြရန်၊ စည်းလုံးညီညွတ်စွာဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရန်၊ ထုတ်ပြန်ထားသည့် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု တိုးတက်ကောင်းမွန်စေရေးအတွက် အကောင်းဆုံးအကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်သည့် စာရင်းစစ်ဝန်ထမ်းကောင်းများဖြစ်စေရေး ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း မှာကြားသည်။ 

ထို့နောက် ရှမ်းပြည်နယ်စာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူးနှင့် ခရိုင်/မြို့နယ် စာရင်းစစ်ရုံး အရာထမ်းများက  ဝန်ထမ်းအင်အားနှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း‌ ပေးသည်။ 

အလားတူ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် စာရင်းစစ်ချုပ်ရုံး၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ဆောင်ရွက်သည့် ရုံးအဆောက်အဦ ဆောက်လုပ်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်