နေပြည်တော် ၂၃ အောက်တိုဘာ
ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်စာရင်းစစ်ချုပ်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၁၉)ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးစုဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက အစိုးရစာရင်းကိုင်နှင့် ပတ်သက်၍ လက်ရှိငွေသားအခြေခံမှစေ့ရောက်မှု အခြေခံသို့ ပြောင်းလဲဆောင်ရွက်ရန်ရှိပါကြောင်း၊ ကမ္ဘာ့ဘဏ်ရှိ ပညာရှင်များနှင့် ဆွေးနွေးရာ၌ လက်ရှိငွေသားအခြေခံစနစ်တွင်လည်း လိုအပ်ချက်များရှိနေသည်ကို ဆွေးနွေးခဲ့ကြပါကြောင်း၊ ယင်းလိုအပ်ချက်များမှာ ပတ်သက်မှုရှိ ပုဂ္ဂိုလ်များဆိုင်ရာ ဖွင့်လှစ်ထုတ်ပြခြင်းမပါရှိခြင်း၊ အခြားရှင်းတမ်းဆိုင်ရာလိုအပ်သည့် ဖော်ပြချက်များမပါရှိခြင်း၊ ငွေသားရရှိမှုနှင့် ပေးချေမှုအတွက် ဝန်ဆောင်မှုနှင့် ပစ္စည်းရရှိပေးချေမှုများကို ဖော်ပြထားခြင်း၊ လက်ဝယ်ရှိငွေသားဖော်ပြရာ၌ ငွေသားနှင့်အလားတူသည်များ ဖော်ပြထားမှုမရှိခြင်းနှင့် လက်ဝယ်ရှိနိုင်ငံခြားငွေများကို ရှင်းတမ်းပြုစုသည့်နေ့ရှိလဲလှယ်နှုန်းဖြင့် ဖော်ပြထားမှု မရှိခြင်းတို့ဖြစ်ပါကြောင်း။
ထို့ကြောင့် ငွေသားအခြေခံမှ စေ့ရောက်မှုအခြေခံသို့ လျှောက်လှမ်းရမည့် ခရီးရှည်တွင် စိန်ခေါ်မှုအများအပြားရှိပြီး မိမိတို့ဌာနရှိ ဝန်ထမ်းများအနေဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ စာရင်းစစ်ချုပ်များက တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စာရင်းစစ်လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
အဆိုပါ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်စာရင်းစစ်ချုပ်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၂၄ ရက်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စာရင်းစစ်လုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


