နေပြည်တော်၊ ၁၇ ဇွန်
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပညာရည်မြင့်မားရေး၊ လူ့စွမ်းအားဖွံ့ဖြိုးရေးနှင့် အသိပညာဖြန့်ဝေရေး (Knowledge Sharing Program-KSP) အစီအစဉ်အရ လုပ်ငန်းဆောင်ရွက်မှုစစ်ဆေးခြင်းနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး (နေပြည်တော်)၊ စုပေါင်းခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ရေး စည်းမျဉ်းများနှင့်အညီ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်က ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသည် ဘဏ္ဍာရေးစာရင်းစစ်ဆေးခြင်း၊ လုပ်ငန်းဆောင်ရွက်မှုစစ်ဆေးခြင်းနှင့် လိုက်နာဆောင်ရွက်မှု စစ်ဆေးခြင်း တို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၏ လုပ်ငန်းတာဝန်များတွင်လည်း လုပ်ငန်း ဆောင်ရွက်မှုစစ်ဆေးခြင်း ပါဝင်ကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုစစ်ဆေးခြင်းသည် အစိုးရဌာန/အဖွဲ့အစည်း များ၏ လုပ်ငန်းဆောင်ရွက်ချက်များသည် စီးပွားရေးတွက်ခြေကိုက်မှု/ ခြိုးခြံခြွေတာမှု၊ စွမ်းဆောင် ရည်ပြည့်ဝ မှု၊ ထိရောက်အောင်မြင်မှု ရှိမရှိတို့ကို စစ်ဆေးခြင်းဖြစ်သဖြင့် အရေးကြီးကြောင်း၊ ယခုအခါ အများလက်ခံ ကျင့်သုံးနေသည့် စာရင်းစံများနှင့်အညီ စစ်ဆေးခြင်းမှ နိုင်ငံတကာ စာရင်းစစ်ချုပ်ရုံးများ လိုက်နာကျင့်သုံး ရမည့် နိုင်ငံတကာစံများကို ပြောင်းလဲအသုံးပြုနေပြီ ဖြစ်ကြောင်း၊ ယနေ့ဆွေးနွေးမည့် လုပ်ငန်းဆောင်ရွက်မှု စစ်ဆေးရေးဆိုင်ရာ ဆွေးနွေးချက်များကို သေချာစွာလေ့လာမှတ်သားပြီး လုပ်ငန်းခွင်တွင် ပြန်လည် အသုံးချနိုင်အောင် ကြိုစားရန်လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ လုပ်ငန်းဆောင်ရွက်မှုစစ်ဆေးရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်မြဇင်နှင့် စစ်ဆေးရေး ဌာနခွဲ-၃ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်လေးနွယ်တို့က လုပ်ငန်းဆောင်ရွက်မှု စစ်ဆေးရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ ဆွေးနွေးသည်။
တင်ပြမှုများနှင့်ပတ်သက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်းများက အကြံပြုဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများက အကြံပြုခြင်း၊ ဆွေးနွေးမေးမြန်းခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


