နေပြည်တော် ဖေဖော်ဝါရီ ၂၃
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းမိသားစုများ၏ တတိယအကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်းအနီး ရင်ပြင်ကျယ်၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ အရာထမ်း၊ အမှုထမ်းများ စုံညီစွာတက်ရောက်ကြပြီး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။
ဦးစွာ ပြည်ထောင်စုစာရင်းစစ်ချုပ်က ထမနဲထိုးပြိုင်ပွဲသည် အသင်းသားများ၏ စည်းလုံးညီညွတ်မှု၊ အင်အားရှိမှု၊ စည်းစနစ်ကျနမှု၊ အချိုးအစား မျှတမှန်ကန်မှု၊ အစီအစဉ် တကျ ရှိမှုတို့အပြင် စီမံခန့်ခွဲကြီးကြပ်ကွပ်ကဲနိုင်မှုကို ဖော်ညွှန်းနေသည့် ချစ်စရာ့မြန်မာ့ ရိုးရာဓလေ့ တစ်ခုလည်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ သည် ပြိုင်ပွဲဝင်အသင်းများ၏ မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာအတိုင်း တပျော်တပါး ထမနဲထိုးယှဉ်ပြိုင်နေမှုကို လိုက်လံကြည်ရှု့အားပေးကြပြီး စုပေါင်းထမင်းနဲထိုးပြိုင်ပွဲတွင် ဆုရရှိသည့်အသင်းများကို ဂုဏ်ပြုဆုငွေနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်