နေပြည်တော် မတ် ၂၉
    
ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်သည် ယနေ့ မွန်းလွဲ ၁ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး (နေပြည်တော်)၊ စုပေါင်းခန်းမ၌ ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည့် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အကြို စာတမ်းဖတ်ပွဲ ဒုတိယနေ့ အခမ်းအနားသို့ တက်ရောက်သည်။ 
    
စာတမ်းဖတ်ပွဲ ဒုတိယနေ့တွင် စာတမ်း(၈)စောင်ကို တင်သွင်းဖတ်ကြားခဲ့ရာ လုပ်ငန်း အကောင်အထည်ဖော်မှုစစ်ဆေးရေးလုပ်ငန်းစဉ်အပေါ်စိစစ်သုံးသပ်ခြင်း ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အရအသုံးခန့်မှန်းခြေငွေစာရင်း အကောင်အထည် ဖော်မှုအပေါ် စစ်ဆေးတွေ့ရှိချက်များ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြင်ပလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုရာတွင် ထုတ်ပြန်ထားသည့် ဉပဒေ၊ နည်းဉပဒေ၊ အမိန့်၊ စာချုပ်ပါစည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှု ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ၂၀၁၈-၂၀၂၂ မဟာဗျုဟာ စီမံချက်အပေါ် အကောင်အထည်ဖော်မှု ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ASEANSAI ဉက္ကဋ္ဌတာဝန်ယူဆောင်ရွက်မှု ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အရည်အသွေး တာဝန်ခံသော စစ်ဆေးရေးလုပ်ငန်းစဉ်များဖြစ်စေရေး (Quality Assurance Report) ခေါင်းစဉ်ဖြင့် လည်းကောင်း စာတမ်းများဖတ်ကြားခဲ့ကြပြီး စာရင်းစစ်ဆေးခြင်း၊ အစီရင်ခံခြင်းဆိုင်ရာ နယ်ပယ်ကြီး (၃)ခုနှင့် အာဆီယံစာရင်းစစ်ချုပ်ရုံးများနှင့် ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များကို ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးသည့်စာတမ်းများ အပေါ် တက်ရောက်သူများက မေးမြန်းဆွေးနွေးခဲ့ကြသည်။    
     
ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချူပ်က နိုင်ငံအကျိုးပြု၊ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုကောင်းမွန်မှန်ကန်စေရေးအတွက် သုတေသနပြုစာတမ်းဖတ်ကြား တင်ပြခြင်းဖြင့် အနာဂတ်စာရင်းစစ်ဆေးခြင်းလုပ်ငန်းများကို ပိုမိုအရည်အသွေး ပြည့်ဝပြီး အာမခံချက် မြင့်မားလာစေရန် ကြိုးစားဆောင်ရွက်ကြရန်လိုကြောင်း နိဂုံးချုပ်စကားပြောကြားသည်။

စာတမ်းဖတ်ပွဲ ပထမနေ့နှင့် ဒုတိယနေ့တွင် တင်သွင်းခဲ့သည့် စာတမ်း(၁၅) စောင်မှ ပထမ၊ ဒုတိယ၊ တတိယဆုများအတွက် စာတမ်း(၃)စောင်ကို ရွေးချယ်၍ နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ဆုချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)