နေပြည်တော် မတ် ၂၈

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ နှစ်ပတ်လည်နေ့အထိမ်းအမှတ်အကြို စာတမ်းဖတ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး (နေပြည်တော်)၊ စုပေါင်းခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

စာတမ်းဖတ်ပွဲအခမ်းအနား၌  ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်က ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ မျှော်မှန်းချက်နှင့်အညီ ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု တိုးတက်ကောင်းမွန်လာစေရေး ဦးတည်လျက် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဉပဒေပါ ပြည်သူ့ဘဏ္ဍာငွေများ အပြည့်အဝ ရရှိခံစားနိုင်စေရေးနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကကျသည့် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ကဏ္ဍများတွင် သုံးစွဲခဲ့သည့် သာမန်နှင့် ရင်းနှီးမြှုပ်နှံမှု အသုံးစရိတ်များကို မှန်ကန်ထိရောက် အကျိုးရှိစွာ သုံးစွဲနိုင်ရေးတို့အတွက် စစ်ဆေးရေးစံများကို အခြေခံ၍ စစ်ဆေးခြင်းနှင့် အစီရင်ခံ တင်ပြခြင်းသည် ဤရုံး၏ တာဝန်ဖြစ်ပါကြောင်း။

ယနေ့စာတမ်းဖတ်ပွဲတွင် စစ်ဆေးရေးဆိုင်ရာ၊ နည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ် တိုးတက်ရေး ဆောင်ရွက်မှုဆိုင်ရာ၊ နိုင်ငံတကာနှင့် ပူးပေါင်းစစ်ဆေးဆောင်ရွက်မှုဆိုင်ရာ အတွေ့အကြုံများစသည့် ကဏ္ဍပေါင်းစုံမှ စာတမ်းများကို ဖတ်ကြားသွားမည်ဖြစ်ကြောင်း၊ သို့ပါ၍ ယခုစာတမ်းဖတ်ပွဲမှ ရရှိသည့် အတွေ့အကြုံ၊ ဗဟုသုတများကို လက်တွေ့လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချ၍ ရည်မှန်းချက်ကို ဦးတည်သော စစ်ဆေးရေး လုပ်ငန်းစဉ်များကို အရည်အသွေးပြည့်မီစွာ ဆောင်ရွက်နိုင်စေရန်နှင့် သင်ခန်းစာများ ဖော်ထုတ်နိုင်စေရန်အတွက် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဒေါ်မြတ်ဖြူပြာကြည်၊ ညွှန်ကြားရေးမှူး (စစ်ဆေးရေးဦးစီးဌာန) က စစ်ဆေး ရေးလုပ်ငန်းအပေါ် စိစစ်သုံးသပ်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်ခိုင်ဖြိုးဝေ၊ ဒုတိယညွှန်ကြားရေးမှူး (မကွေးတိုင်းဒေသကြီး) က ဌာနတွင်း ကြီးကြပ်ကွပ်ကွဲမှု အားနည်းချက်ကြောင့်ဖြစ်ပေါ်လာသည့် စစ်ဆေးတွေ့ရှိချက်များ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်ကေခိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး (စစ်ဆေးရေးဦးစီးဌာန) က Pilot IT Audit စစ်ဆေးဆောင်ရွက်မှု ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်သီတာဟန်၊ ဒုတိယညွှန်ကြားရေးမှူး (စစ်ဆေးရေး ဦးစီးဌာန)က စာရင်းစစ်နှင့် စာရင်းစစ်အန္တရာယ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်မြသက်မွန်၊ ဒုတိယညွှန်ကြားရေးမှူး (စစ်ဆေးရေးဦးစီးဌာန) က Cooperative Audit များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်မှု အတွေ့အကြုံများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးအောင်စိုး၊ ညွှန်ကြားရေးမှူး (စစ်ဆေးရေးဦးစီးဌာန) က စစ်ဆေးရေးလုပ်ငန်းပေါ် စိစစ် သုံးသပ်ခြင်း (QAR) ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်အိမွန်အောင်၊ ဒုတိယညွှန်ကြားရေးမှူး (သင်တန်းကျောင်း) က လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှု ခေါင်းစဉ်ဖြင့်လည်းကောင်း စာတမ်းများ ဖတ်ကြားဆွေးနွေးကြသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အကြိုစာတမ်း ဖတ်ပွဲအခမ်းအနား ဒုတိယနေ့အဖြစ် မတ် ၂၉ ရက်တွင် စာတမ်းရှင် (၈) ဉီး တို့က သက်ဆိုင်ရာခေါင်းစဉ်အလိုက် ဆက်လက်ရှင်းလင်း ဖတ်ကြားမည်ဖြစ်ပြီး အကောင်းဆုံး စာတမ်းရှင် (၃) ဦးအား ရွေးချယ်၍ ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်