နေပြည်တော် ဇန်နဝါရီ ၃၀
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အသိပညာမျှဝေဆွေးနွေးပွဲအစီအစဉ် (Knowledge Sharing Program - KSP) အရ ကျင်းပသည့် ဆွေးနွေးပွဲအမှတ်စဉ် (၅၁) အဖြစ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ မူပိုင်ခွင့်ဥပဒေနှင့် စပ်လျဉ်းသည့် အသိပညာပေးဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ Hybird စနစ်ဖြင့် ကျင်းပသည်။
ဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး၊ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာများ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်စာရင်းစစ်ချုပ်ရုံးနှင့် မြန်မာနိုင်ငံစာရင်းကောင်စီရုံးတို့မှ ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများက Online ဖြင့် တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က မိမိတို့ရုံးသည် စစ်ဆေးခြင်းလုပ်ငန်းအပြင် ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးအတွက် သဘောထားမှတ်ချက်ပေးခြင်းလုပ်ငန်း ကိုလည်း ဆောင်‌ရွက်နေရသည့်အတွက် ဌာန၊ အဖွဲ့အစည်းအသီးသီးမှ ထုတ်ပြန်ထားသော ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ညွှန်ကြားချက်များကို သိရှိနားလည်ထားရန် လိုအပ်ကြောင်း၊ ယနေ့ဆွေးနွေးပွဲတွင် မူပိုင်ခွင့်ဥပဒေ (၄) ရပ်ဖြစ်သည့် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပေးသွားမည်ဟု သိရှိရကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း ဆွေးနွေးပွဲမှရရှိသည့် မူပိုင်ခွင့်နှင့်စပ်လျဉ်းပြီး သိရှိသင့်သည့် အသိပညာ၊ ဗဟုသုတများ၊ ဥပဒေရေးရာအကြောင်းအရာများကို မိမိတို့လုပ်ငန်းနယ်ပယ်တွင် ပြန်လည် အသုံးချပြီး နိုင်ငံတော်၏အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်သည့် ဝန်ထမ်းကောင်းများဖြစ်စေရေး ကြိုးစားကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မူပိုင်ခွင့်ဉီးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနှင်းနွယ်အေးက မူပိုင်ခွင့်ဥပဒေနှင့် မူပိုင်ခွင့်၏အရေးပါပုံ၊ အခြေခံသိကောင်းစရာများခေါင်းစဉ်ဖြင့်လည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးလင်းအောင်ဆွေက တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ အခြေခံသိကောင်းစရာများနှင့် စပ်လျဉ်း၍လည်းကောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးကြပြီး တက်‌ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်