နေပြည်တော် အောက်တိုဘာ ၄
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ဒေသစာရင်းစစ်ရုံးအသီးသီးမှ ရေဘေးသင့်ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအား ထောက်ပံ့ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးက ဝန်ထမ်းများ၏ ထိခိုက်ဆုံးရှုံးမှုများကို တတ်နိုင်သမျှ ဝိုင်းဝန်းကူညီပေးလိုသည့်အတွက် ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံး၊ တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံးများနှင့် ခရိုင်/မြို့နယ် စာရင်းစစ်ရုံးမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း၊ စာရင်းစစ်ချုပ်ရုံး ဝန်ထမ်းဟောင်းများအသင်းနှင့် စီးပွားရေးတက္ကသိုလ် ကျောင်းသူ/ကျောင်းသားဟောင်းများ က စုပေါင်းလှူဒါန်းခဲ့ကြသည့် လှူဒါန်းငွေများကို ယနေ့တွင် ဝန်ထမ်းများနှင့် အငြိမ်းစား ဝန်ထမ်းမိသားစုများ၏ ရေဘေးသင့်ခံရမှု၊ ဆုံးရှုံးခဲ့မှု အနည်းအများပေါ် မူတည်ပြီး ငွေကျပ် ၂၈၂ သိန်းကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ဆက်လက်၍ လိုအပ်သည့်နေရာများတွင်လည်း လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများက ရေဘေးသင့်ဝန်ထမ်းများအား ဆုံးရှုံးမှုအလိုက် ထောက်ပံ့ပေးအပ်ကြသည်။
အခမ်းအနားသို့ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ တက်ရောက်ကြပြီး လက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းမှ တာဝန်ရှိသူများ၊ စာရင်းစစ်ချုပ်ရုံး ဝန်ထမ်းဟောင်းများအသင်း ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ပြည်နယ် စာရင်းစစ်ချုပ်ရုံး အသီးသီးမှ ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများက Online ဖြင့် တက်ရောက်ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်


