ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၁၉)ကျင်းပ

နေပြည်တော်  ၂၄  ဧပြီ

 

ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်များ၏ လုပ်ငန်းညှိနှိုင်း အစည်း အဝေး(၁/၂၀၁၉) ကို ယနေ့နံနက်ပိုင်းက  ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးစုပေါင်းခန်းမ၌ ကျင်းပသည်။

 

2020

 

အစည်းအဝေးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးမော်သန်း က နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးကဏ္ဍ အသီးသီးတွင် ပြည်သူ၏ယုံကြည်မှုရရှိရန်အလွန်အရေးကြီးပါကြောင်း ၊ ယုံကြည်မှုရရှိစေရန် အဓိကလိုအပ်ချက်မှာ ဂုဏ်သတင်းကောင်းရန်ဖြစ်ပါကြောင်း၊ ဂုဏ်သတင်းကောင်းရန်မှာ မိမိတို့တစ်ဉီးချင်း၏ လုပ်ကိုင်နိုင်စွမ်းပကား ၊ သိက္ခာသမာဓိနှင့် အများအကျိုးစီးပွားကို ဉီးထိပ်ပန်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းတစ်ဉီးစီ တစ်ယောက်စီမှစ၍ အားလုံးပါဝင်ကြိုးစားကြရမည် ဖြစ်ပါကြောင်း၊ မိမိတို့၏ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ တိုင်း ဒေသကြီး၊ ပြည်နယ်စာရင်းစစ်ချုပ်ရုံးအသီးသီး၏ ဂုဏ်သတင်းကောင်းရန် ဝန်ထမ်းအားလုံးက ကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာတွင် ချမှတ်ထားသည့်စံများအရ ဘဏ္ဍာရေးလောကနှင့် စာရင်းစစ်၊ စာရင်းကိုင်လောကတွင်လည်း ယုံကြည်မှုရရှိရန် နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှု ၊ သိက္ခာသမာဓိရှိမှု ၊ လုံ့လဥဿဟာယစိုက်ထုတ်မှု၊  ပညာရှင်များ၏ ကျင့်ဝတ်နှင့်အညီ လျို့ဝှက်ထားရှိမှုနှင့် ပြည်သူ့အကျိုးစီးပွားကို ဉီးတည်၍ ကျယ်ပြန့်စွာထားရှိဆောင်ရွက်ရန် လိုအပ်မှုတို့ကို သိရှိပြီးဖြစ်ကြပါကြောင်း ထို့အတွက် တစ်ဉီးချင်းမှ အစရုံး၏ ဂုဏ်သတင်းကောင်းရန်အတွက် နိုင်ငံတကာစံများနှင့်အညီ စစ်ဆေးရေးလုပ်ငန်း စွမ်းဆောင်ရည်မြင့်မားစေ ရေး တို့အတွက် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း။

 

စစ်ဆေးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အဓိကပါဝင်သည့်အချက်များမှာ ထိန်းချုပ်ကွပ်ကဲမှုဘောင် ၊ စီမံခန့်ခွဲသူများ၏ ထိန်းချုပ်မှု ၊ လုပ်ငန်းစီမံခန့်ခွဲမှု ၊ လူ့စွမ်းအားအရင်းအမြစ်ခန့်ခွဲမှု၊ ပစ္စည်းထုတ်လုပ်မှု ၊ ထုတ်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချမှုတို့ကိုဆိုင်ရာဌာနအတွင်းပြန်လည်သုံးသပ်ခြင်းအပြင် ၊ ဌာနတွင်းစစ်ဆေးမှုများ ၊ ပြင်ပစာရင်းစစ်ဆေးမှုနှင့် ပြင်ပပုဂ္ဂိုလ်များ၏ စစ်ဆေးအာမခံမှုတို့ ဖြစ်သည်။ စစ်ဆေးမှု အရည်အသွေး အာမခံချက်ရှိစေရေးအတွက် မိမိတို့ရုံးများအတွင်း ဆင့်ကဲဆင့်ကဲစိစစ်ကြီးကြပ် တင်ပြမှုများ ရှိသော်လည်း ရုံးအချင်းချင်းပြန်လည်စိစစ်သုံးသပ်မှုသည်လည်း အရေးပါလှပါကြောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအနေဖြင့် ဘဏ္ဍာရေးစာရင်းစစ်ဆေးခြင်း၊ လိုက်နာဆောင်ရွက်မှုစစ်ဆေးခြင်း၊ လုပ်ငန်းဆောင်ရွက်မှု  စစ်ဆေးခြင်းတို့အတွက် နိုင်ငံတကာစာရင်းစစ်ချုပ်ရုံးများ လိုက်နာရမည့်စံများနှင့်အညီ ဖြစ်စေရေးအတွက် ဆောင်ရွက်လျက်ရှိပြီး လက်ရှိ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များလည်းရှိနေပါကြောင်း စာရင်းစစ်ဆေးမှု အရည်အသွေး ပြည့်မီရန် အတွက် ရုံးအချင်းချင်းပြန်လည် စိစစ်သုံးသပ်မှုဆိုင်ရာ လုပ်ငန်းလမ်းညွှန်နှင့်စပ်လျဉ်း၍လည်း ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်များထံမှ အသေးစိတ်ဖော်ပြ အကြံဉာဏ်တောင်းယူ ဆောင်ရွက်ထား ပြီးဖြစ်၍ ဆောင်ရွက်ရာ၌ ခက်ခဲမှုရှိမည်မဟုတ်ဟု ယုံကြည်ပါကြောင်း ၊ ဤကိစ္စရပ်မှာ လုပ်ငန်းစွမ်းဆောင်မှုစွမ်းရည် တိုးတက်ရန်ဖြစ်ပြီး သိက္ခာသမာဓိ တည်ဆောက်ရန်နှင့် စာရိတ္တကောင်းရန် အတွက်ဖြစ်သဖြင့် ဆင့်ကဲဆင့်ကဲ ထိန်းသိမ်းသွားရန်ဖြစ်ပါကြောင်း။

 

ထို့အတွက်ကြောင့် ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုကောင်းတစ်ခု ဖြစ်စေရန်အတွက် ကြိုးပမ်းကြရမည် ဖြစ်ပါ ကြောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိရာတွင် ၂၀၁၉ ခုနှစ်တွင် စစ်ဆေးရေး လုပ်ငန်းအချို့အား ပုဂ္ဂလိကကဏ္ဍသို့ တာဝန်ပေးအပ်စစ်ဆေးစေခြင်းအတွက် စီစဉ်လျက်ရှိပါကြောင်း ပုဂ္ဂလိကစာရင်းစစ်များအပေါ် အကဲဖြတ်မှုဆိုင်ရာအချက်များလည်း ပြင်ဆင်ထားပြီး ဖြစ်ပါကြောင်းနှင့် နိုင်ငံတကာပြည်သူ့ကဏ္ဍစာရင်းစံများ(IPSAS) ကျင့်သုံးနိုင်ရေးအတွက်လည်း ဉီးတည်ချက်နှင့် လမ်းကြောင်းပြ မြေပုံချမှတ်ပြီးဖြစ်ပါသဖြင့် အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက် နိုင်စေရေးအတွက် အားလုံးပူးပေါင်း ဆောင်ရွက်ကြရန် နှိုးဆော်ပါကြောင်း။

 

ယခုလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်စာရင်းစစ်ချုပ်များအနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အားသာချက် ၊ အားနည်းချက်များ ၊ အခက်အခဲများ စိန်ခေါ်မှုများအပေါ် ကျော်လွှားဖြေရှင်းနိုင်စေရေးအတွက်  စစ်ဆေးဖော်ထုတ်မှုများကို အချင်းချင်းအတွေ့အကြုံဗဟုသုတများ မျှဝေသွားရန် မှာကြားလိုကြောင်း ပြောကြားသည်။

 

ထို့နောက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်စာရင်းစစ်ချုပ်များက ဆွေးနွေးတင်ပြကြသည်။

 

အဆိုပါလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်များ ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ ၂၅ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)