ဖေဖော်ဝါရီ 

 

၂၀၁၈ ခုနှစ် (၇၁)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက်များမှာ ၁။ ပြည်ထောင်စုစိတ်ဓာတ် ထာဝစဉ်နိုးကြားရှင်သန်ရေး ၂။ တိုင်းရင်းသား စည်းလုံးညီညွတ်မှုဖြင့် ပြည်တွင်းငြိမ်းချမ်းရေးကို အောင်မြင်အောင် တည်ဆောက်ရေး ၃။ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - (၂၁)ရာစုပင်လုံမှသည် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ၄။ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်ခြင်းဖြင့် ပြည်ထောင်စုတစ်ဝန်း စီးပွားရေးဖွံ့ဖြိုး တိုးတက်စေရေးတို့ ဖြစ်သည်။

 

ယခုနှစ် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များသည် ပြည်ထောင်စုစိတ်ဓာတ် နိုးကြားရှင်သန်ပြီး ပြည်တွင်းငြိမ်းချမ်းရေးကို အောင်မြင်စွာတည်ဆောက်၍ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ကာ ပြည်ထောင်စုတစ်ဝန်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို ရည်ညွှန်းထားသည်ကို တွေ့ရပါသည်။ ယနေ့ နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ မျှော်မှန်းချက်မှာလည်း ဖော်ပြပါ ရည်ညွှန်းချက်များအတိုင်း ဖြစ်ပေသည်။

 

ဦးစွာ ပြည်ထောင်စုစိတ်ဓာတ် ထာဝစဉ် ရှင်သန်နိုးကြားထက်သန်ရေးမှာ အရေးကြီးပါသည်။ မြန်မာနိုင်ငံသည် ပြည်ထောင်စုနိုင်ငံဖြစ်၍ တိုင်းရင်းသားပြည်သူအားလုံး ပြည်ထောင်စုစိတ်ဓာတ် အစဉ်ထာဝရ ရှင်သန်နိုးကြား ထက်သန်နေရမည် ဖြစ်သည်။ ပြည်ထောင်စုစိတ်ဓာတ် ဆိုသည်မှာ ပြည်ထောင်စုကြီးအတွင်း ယနေ့လက်ရှိ မှီတင်းနေထိုင်ကြကုန်သော ပြည်ထောင်စုသား အားလုံးတို့သည် ရှေးအတီတေ ဘိုးဘေးဘီဘင် လက်ထက်ကာလ ကတည်းက အတူတကွ ဆင်းသက်ပေါက်ဖွားလာသော မိသားတစ်စုအတွင်းမှ တစ်အူထုံ့ဆင်း ညီရင်းအစ်ကို မောင်ရင်းနှစ်မ ဖြစ်ကြသည်ဟူသော ယုံကြည်ချက်၊ ခံယူချက်ထားရှိခြင်းပင်ဖြစ်သည်။

 

ယင်းအချက်သည် အလွန်အခြေခံကျသည့် အရေးပါသောအချက်ဖြစ်သဖြင့် တိုင်းရင်းသားပြည်သူအားလုံးအနေဖြင့် ယင်းကို သေချာစွာ ဆင်ခြင်သုံးသပ် လေ့လာလျက် မိမိတို့အနေဖြင့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ ဟုတ်၏၊ မဟုတ်၏ကို ဆန်းစစ်အဖြေရှာကာ မှန်ကန်လျှင် လက်သင့်ခံကြရပေလိမ့်မည်။ မူလပင်ရင်း မြန်မာနိုင်ငံသားများသည် ရှေးအတီတေ နှစ်ပေါင်းများစွာကာလ မြန်မာနိုင်ငံ၏ ပထဝီဝင်မြေ ဖြစ်တည်စက ဦးစွာပေါ်ထွန်းသော တိဘက်ကုန်းမြေမြင့်ဒေသမှ ယခုမြန်မာ့မြေအတွင်းသို့ တရွေ့ရွေ့ဆင်းသက်လာသော မျိုးနွယ်စုသုံးမျိုးမှ ပေါက်ဖွားလာကြသူများ ဖြစ်သည်ဟု သတ်မှတ်ထားကြသည်။ ထိုစဉ်ကာလ လူဦးရေ အနည်းငယ်မျှမှ တဖြည်းဖြည်း တိုးပွားလာသော ထောင်၊ သောင်း၊ သိန်း၊ သန်းချီသည့် လူဦးရေအားလုံးတို့သည် တစ်မိသားစုတည်းမှ တိုးပွားပျံ့နှံ့ ဆင်းသက်လာသူများဖြစ်သည်။ မူရင်းလူမျိုးစု၏ အသွေးအသားအလိုက် နှစ်ကာလကြာရှည်မှုနှင့် နေရာဒေသ ကွာခြားမှုတို့ကြောင့် လူမျိုးစုအလိုက် ယဉ်ကျေးမှုဓလေ့စရိုက် မတူကွဲပြားခြင်းသာရှိသည်။ သို့သော် တိုင်းရင်းသား ပြည်သူအားလုံးတို့သည် မိသားစုတစ်စုတည်းမှ ဆင်းသက်လာသည်မှာ အမှန်ဖြစ်သည်။

 

ထို့ကြောင့် တစ်မိသားစုအတွင်းမှ ဆင်းသက်ပေါက်ဖွား လာသူများဖြစ်၍ ပြည်ထောင်စုစိတ်ဓာတ် ရှိကြပြီး နိုးကြားရှင်သန် ကြရမည်ဖြစ်သည်။ ပြည်ထောင်စုစိတ်ဓာတ် နိုးကြားရှင်သန်ပါလျှင် ယနေ့ကြုံတွေ့နေသော ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို တိုင်းရင်းသားစည်းလုံးညီညွတ်မှု စွမ်းအားဖြင့် အောင်မြင်အောင် တည်ဆောက်နိုင်မည်ဖြစ်သည်။ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အဆင့်လိုက် အကောင်အထည်ဖော်နေသော ညီလာခံဖြစ်ပြီး ထိုငြိမ်းချမ်းရေးညီလာခံများ၊ ညှိနှိုင်းအစည်းအဝေးများ၏ အောင်မြင်မှုများမှတစ်ဆင့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး ပေါ်ထွန်းလာအောင် ဆက်လက် တည်ဆောက်ကြမည်ဖြစ်သည်။ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ရာတွင် တိုင်းရင်းသား ပြည်သူအားလုံး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာရန် လိုအပ်သဖြင့် ယခုကာလမှစ၍ ပြည်ထောင်စုတစ်ဝန်းတွင် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကို စတင်အားပေးမြှင့်တင်ခြင်းဖြင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ တိုင်းရင်းသားပြည်သူအားလုံး လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပဓာနကျသည့် အကြောင်းအရင်းဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် ထာဝစဉ်နိုးကြား ရှင်သန်ရေးကို ဦးစားပေးဖော်ဆောင်ကြရန် လေးစားစွာဖြင့် တိုက်တွန်းအပ်ပါသည်။

 

ကြေးမုံ (အယ်ဒီတာ့အာဘော်)