၁၂ ဖေဖော်ဝါရီ
ယနေ့သည် မြန်မာတစ်မျိုးသားလုံး၏ စည်းလုံးညီညွတ်မှုကို အခိုင်အမာစိုက်ထူနိုင်သော နေ့တစ်နေ့ဖြစ်သည်။ စည်းလုံးညီညွတ်မှုကို ပြည်ထောင်စုစိတ်ဓာတ်ဖြင့် မြဲမြံခိုင်ကျည်အောင် တည်ဆောက်နိုင်ခဲ့သောကြောင့် ကမ္ဘာ့အလယ်တွင် လွတ်လပ်ပြီး အချုပ်အခြာအာဏာ ပိုင်ဆိုင်သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးအဖြစ် ထည်ထည်ဝါဝါ ရပ်တည်လျက်ရှိသည်။
မြန်မာအမျိုးသား တိုင်းရင်းသားလူမျိုးအားလုံးတို့သည် အမိမြေပေါ်တွင် နှစ်ပေါင်းရှည်ကြာစွာ အတူနေထိုင်ကြီးပြင်းလာကြသူများ ဖြစ်သည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပေါင်းသင်းဆက်ဆံရေးတို့တွင် အကျိုးစီးပွား ဖြစ်ထွန်းအောင် စိတ်တူကိုယ်တူ အတူတကွ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် လက်တွဲဆောင်ရွက်ခဲ့ကြသည်။ ထို့ကြောင့်တိုင်းရင်းသားလူမျိုးအသီးသီးတို့သည် တရားတော်အရ အဆွေခင်ပွန်းများဖြစ်ကြသည်။ မိမိကိုယ်နှင့် ထပ်တူထပ်မျှ သဘောထားပြီး သေအတူရှင်မခွဲ တစ်စိတ်တစ်ဝမ်းတည်း မှတ်ယူရမည့်သူများ ဖြစ်ကြသည်။ တိုင်းရင်းသား လူမျိုးအသီးသီးတို့သည် အစဉ်အမြဲစည်းလုံးညီညွတ်နေရမည်။ တစ်ဦးကောင်းကျိုးကို တစ်ဦးက နှစ်သက်လိုလား ဆောင်ရွက်ပေးရမည်။ တစ်ဦးအကျိုးစီးပွား ပျက်စီးရာပျက်စီးကြောင်းကို တစ်ဦးက မည်သည့်အခါမျှ မဆောင်ရွက်ရပေ။ ဤအတွေးအမြင်ကို ကိုလိုနီလက်အောက်ခံဘဝ ၁၉၀၅ ခုနှစ်တွင် မန်လည်ဆရာတော်ကြီးက မဃဒေဝလင်္ကာသစ်တွင် ထည့်သွင်းရေးဖွဲ့၍ တိုင်းရင်းသားလူမျိုးများကို သတိပေးထားသည်။
လူမျိုးဆိုသည်မှာ သုခ၊ ဒုက္ခ အတူခံစားကြ၍ နီးနီးစပ်စပ် အကျိုးချင်းထပ်ပြီးလျှင် နှစ်ပရိစ္ဆေဒရှည်လျားစွာ တစ်မျိုးတစ်စားတည်းပင်ဟု စိတ်ထားရှိသူတို့ကို တစ်စုတည်းပေါင်း၍ ခေါ်ဝေါ် ခြင်းသာဖြစ်ပေသည်။ အမျိုး၊ အနွယ်၊ ကိုးကွယ်သည့်ဘာသာတရား၊ ပြောဆိုသည့် ဘာသာစကားတို့ကိုအလေးထားရမည်ဖြစ်သော်လည်း စင်စစ်မှာ အေးအတူ၊ ပူအမျှ၊ ကောင်းတူဆိုးဖက် ပူးပေါင်းလျက်နေလိုသော အစဉ်အလာဆန္ဒပေါ်တွင် ဝံသာနုရက္ခိတတရားသည် တည်နေပေ၏ ဟု ၁၉၄၆ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့က ရွှေတိဂုံစေတီတော် အလယ်ပစ္စယံညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်းက မိန့်ကြားခဲ့သည်။
ခေါင်းဆောင်များနှင့် ပညာရှိသူတော်ကောင်းများက တိုင်းရင်းသား လူမျိုးအသီးသီး၏ ရင်တွင်းနှလုံးသား၌ တည်ရှိခဲ့သော ပြည်ထောင်စုစိတ်ဓာတ် ပြန်လည်ရှင်သန်နိုးကြားအောင် လှုံ့ဆော်ခဲ့သည်။ ဤသို့ပြည်ထောင်စုစိတ်ဓာတ် မြဲမြံခိုင်ကျည်မှုကြောင့် တိုင်းရင်းသားလူမျိုးအသီးသီးတို့သည် ကိုလိုနီနယ်ချဲ့တို့က သွေးကွဲအောင် အမျိုးမျိုး သွေးခွဲသော်လည်း သွေးမကွဲဘဲ စည်းလုံးညီညွတ်ခဲ့ကြသည်။ ၁၉၄၇ ခုနှစ်ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် တိုင်းရင်းသား လူမျိုးအသီးသီးတို့၏ စည်းလုံးညီညွတ်မှုကို အထင်အရှားပြသသည့် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။
နယ်ချဲ့တို့သည် တိုင်းရင်းသားလူမျိုးများ၏ သွေးစည်းညီညွတ်မှုအင်အားကို အလေးဂရုပြုလာရသည်။ ပြည်ထောင်စုစိတ်ဓာတ်ကို လေးစားလာရသည်။ ရှောင်လွှဲ၍မရတော့ဘဲ မြန်မာနိုင်ငံကို လုံးဝလွတ်လပ်ရေး ပေးရတော့သည်။ ပြည်ထောင်စုစိတ်ဓာတ်သည် မြန်မာ့လွတ်လပ်ရေးအတွက် အရေးကြီးသောအခန်းကဏ္ဍမှ ရပ်တည်နေ သကဲ့သို့ မြန်မာ့လွတ်လပ်ရေး ထိန်းသိမ်းကာကွယ်မှုကာလ၊ မြန်မာ့လွတ်လပ်ရေး အဓွန့်ရှည်တည်တံ့ခိုင်မြဲအောင် ဆောင်ရွက်သောကာလတွင်လည်း ပြည်ထောင်စုစိတ်ဓာတ်သည် အရေးပါသောကဏ္ဍတွင် ရှိနေသည်။
သို့ဖြစ်ရာ တိုင်းရင်းသားပြည်သူအပေါင်းတို့သည် အမြော်အမြင်ကြီးမားသော ပုဂ္ဂိုလ်အပေါင်းတို့က ညွှန်းဆိုလမ်းပြခဲ့သော ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးအတွက် အရေးပါသည့် ပြည်ထောင်စုစိတ်ဓာတ်များ အစဉ်ထာဝရ ရှင်သန်ထွန်းကားအောင်၊ အစဉ်ထာဝရမြဲမြံခိုင်ကျည်အောင်ဘက်ပေါင်းစုံမှ အားသွန်ခွန်စိုက် လက်တွဲကြိုးပမ်း ဆောင်ရွက်ကြရန်(၇၂) နှစ်မြောက် ပြည်ထောင်စုနေ့မြတ်တွင် အလေးအနက်ထား တိုက်တွန်းအပ်ပါသည်။ ။
ကြေးမုံ