စိုင်းသာလှိုင်(လိမ္မော်မြေ)၊ဓာတ်ပုံ- စိုင်း(သီပေါ)
ရှမ်းပြည်နယ်နေ့သည် ဖေဖော်ဝါရီလ ၇ ရက်နေ့ဖြစ်သည်။ ယနေ့အထိ ရှမ်းပြည်နယ်နေ့ ကျင်းပလာခဲ့သည်မှာ (၇၂)နှစ်မြောက်ခဲ့ ပြီဖြစ်သည်။ ရှမ်းပြည်နယ်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ အရှေ့အလယ်ပိုင်းတွင် တည်ရှိပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံဘက်သို့ ထိုးထွက်နေသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။
လတ္တီတွဒ်အားဖြင့် ရှမ်းပြည်နယ်၏ တောင်ဘက်ဆုံးပိုင်းသည် မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၂၈ မိနစ်၊ မြောက်ဘက်တွင် မြောက်ဘက်အကျဆုံး မိုးမိတ်နယ်၊ သိန်းနီနယ်နှင့် ကိုးကန့်နယ် မြောက်ဖျားပိုင်းများသည် မြောက်လတ္တီတွဒ် ၂၄ ဒီဂရီ ၉ မိနစ်ခန့် တည်ရှိပြီး အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၁၅ မိနစ်မှ ၁၀၁ ဒီဂရီ ၁၃ မိနစ်ကြားတွင် တည်ရှိသည်။ မြောက်ယဉ် စွန်းတန်းသည် ရှမ်းပြည်နယ်၏ မြောက်ဘက်ဆုံးနယ်ဖြစ်သော ကိုးကန့်နယ်၊ သိန်းနီနယ်၊ မိုးမိတ်နယ်များကို ဖြတ်သွားသည်။ ရှမ်းပြည်နယ်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ပြည်နယ်များတွင် အကြီးဆုံးပြည်နယ်ဖြစ်၍ ဧရိယာစတုရန်း မိုင်ပေါင်း ၆၁၀၉၀ ရှိသည်။ ရှမ်းပြည်နယ်၏ မြို့တော်မှာ တောင်ကြီးမြို့ ဖြစ်သည်။
မြို့တော်တောင်ကြီး
တောင်ကြီးမြို့ကို ၁၈၉၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက် စနေနေ့တွင် စတင်တည်ထောင်ခဲ့သည်။ မြန်မာခုနှစ်အားဖြင့် ၁၂၅၆ ခုနှစ် တော်သလင်းလပြည့်ကျော် ၂ ရက်နေ့ဖြစ်သည်။ အထင်ကရ ဘာသာရေးပွဲတော်မှာ ဖောင်တော်ဦးဘုရားပွဲတော်ဖြစ်ပြီး အင်းလေးကန်အတွင်း ခြေဖြင့်လှေလှော်ခြင်းမှာ ရှမ်းပြည်နယ်၏ ထူးခြားသော သင်္ကေတဝိသေသ များဖြစ်သည်။
တောင်ကြီးမြို့သည် ပင်လယ်ရေမျက်နှာပြင်မှ ပေပေါင်း ၄၇၁၂ ပေအမြင့်တွင် တည်ရှိ၍ ရှမ်းပြည်နယ်အစိုးရရုံးစိုက်ရာ မြို့တော် ဖြစ်သည်။ ရောင်းဝယ်ဖောက်ကားမှု၊ ကုန်စည်ဖြန့်ဖြူးမှု ဗဟိုအချက်အချာဖြစ်သည်။ သာယာလှပသည့် ရှုမျှော်ခင်းသည် နောက်ခံကားချပ်သဖွယ် မားမားမတ်မတ် ပေါ်ထွက်နေသည့် တောင်တန်း၊ တောင်ချွန်းတို့ဖြင့် ပို၍ပနံရလျက်ရှိသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၅၆၀ဝ ကျော်မြင့်၍ အောက်တွင် ပြားပြားဝပ်နေသည့် တောင်ကြီးမြို့ကို တောင် ချွန်းပေါ်မှ တွေ့ မြင်ရသည်မှာ မမေ့နိုင်စရာ ရှုခင်းတစ်ရပ်ပင် ဖြစ်သည်။
ညောင်ရွှေမြို့၊ ဗထူးမြို့နှင့် ပင်လုံမြို့
ညောင်ရွှေမြို့ကို အင်းလေးမြို့တော်ဟု ခေါ်ဆိုကြသည်။ စော်ဘွားကြီးများ အာဏာမစွန့်မီအခါက ညောင်ရွှေစော်ဘွားကြီး ရုံးစိုက်ရာဖြစ်သည်။ ယခုတိုင် ညောင်ရွှေစော်ဘွားကြီး၏ ဟော်နန်းသည် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ ပြတိုက်သဖွယ် လာရောက်လေ့လာစရာတစ်ခု ဖြစ်နေပေသည်။ ညောင်ရွှေရှိ ရတနာမာန်အောင် စေတီတော်ကိုလည်း ဖူးမြော်ကြည်ညိုရန် မမေ့အပ်ပေ။ ရှေးစော်ဘွားကြီးများ၏ အဆောင်အယောင်များနှင့် ရာဇဝင်မှတ်တမ်းဝင်ပစ္စည်းများကိုလည်း ပြတိုက်သဖွယ် ပြသထားရှိပေသည်။
ဗထူးမြို့သည် တပ်မတော်သင်တန်းများ ဗဟိုပြုရာ အချက်အချာတပ်မြို့အဖြစ် ထူထောင်ထားသည့်မြို့ ဖြစ်သည်။ တော်လှန်ရေးတွင် ရွပ်ရွပ်ချွံချွံ စွန့်စားသွားသည့် ဗိုလ်မှူးကြီး ဗထူးအားဂုဏ်ပြု၍ မှည့်ခေါ်ထားသော အမည်နာမဖြစ်သည်။ တောင်ကြီးမြို့မှ မိုင်ပေါင်း ၅၀ ခန့်သာဝေးပြီး ဒေသ္တရ ဗဟုသုတ အလို့ငှာ လည်ပတ်ကြသည့် ပြည်တွင်း ပြည်ပခရီးသည်များဖြင့် စည်ကားလျက်ရှိသည်။
ပင်လုံဆိုသည်မှာ ပြည်ထောင်စုတိုင်းရင်းသားများ မမေ့အပ်သည့်ဖြစ်စဉ်ကို သတိရမိလျက်ရှိကြပေမည်။ ဗိုလ်ချုပ် အောင်ဆန်း အမှူးပြု၍ တစ်ပြည်လုံးရှိ တိုင်းရင်းသားများ မကြုံဖူးအောင် သွေးစည်းမိကြပြီး လွတ်လပ်ရေးကြိုးပမ်းရန် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည့် ပင်လုံစာချုပ်ချုပ်ဆိုရာ မြို့ ဖြစ်ပေသည်။ ပင်လုံကျောက်တိုင်ကိုလည်း ဦးညွတ်အလေးပြုရာ ဌာနေဖြစ်ပေရာ တောင်ကြီးမြို့နှင့် ၆၃ မိုင် ဝေးပြီး ခရိုင်ရုံးစိုက်ရာ လွယ်လင်မြို့ကို ဖြတ်ကျော်သွားရပေသည်။ ပင်လယ် ရေမျက်နှာပြင်မှ အမြင့်ပေ ၄၄၄၀ တွင် ရှိသည်။
ပင်းတယမြို့၊ ကလောမြို့နှင့် ကျောက်မဲမြို့
ပင်းတယမြို့ကို လူသိများပြီး စည်ကားခြင်းမှာ သွားရေးလာရေး လွယ်ကူမှုရှိပြီး ပင်းတယရွှေဥမင်လိုဏ်ဂူရှိ ရှေးဟောင်း ဘုရား ပုထိုးများကို ဖူးမြော်ကြည်ညိုရန် လာရောက်ကြခြင်း ကြောင့်ဖြစ်သည်။ ပင်းတယမြို့လေးမှာ ကလောမှ မိုင် ၃၀ ကျော် သာဝေး၍ အောင်ပန်းနှင့် ပွေးလှမြို့များကို ကျော်ဖြတ်သွား ရသည်။ ပင်လယ်ရေမျက်နှာပြင်မှ ပေပေါင်း ၄၀ဝဝ မြင့်သည်။
ကလောမြို့သည် ပင်လယ်ရေမျက်နှာပြင်မှ ပေပေါင်း ၄၂၉၇ ပေမြင့်၍ အေးမြငြိမ်းချမ်းသည့် မြို့လေးဖြစ်သည်။ ထင်းရှူးနံ့များ သင်းပျံ့ ၍ ပြည်မဒေသမှ အပူရှောင်လိုသူများ လာရောက်အပန်း ဖြေရာ မြို့လေးတစ်မြို့အဖြစ် ထင်ရှားသည်။
ကျောက်မဲမြို့သည် သီပေါနှင့် ၂၁ မိုင် ကွာဝေးပြီး ပြည်မဒေသ မန္တလေးမြို့နှင့် နေ့ချင်းဆက်သွယ် သွားလာနိုင်သဖြင့် ကူးသန်း ရောင်းဝယ်ရေးကောင်းသော မြို့တစ်မြို့ ဖြစ်သည်။ အများအားဖြင့် လက်ဖက်စို/ လက်ဖက်ခြောက်အများဆုံး ထွက်ရှိရာ ဒေသဖြစ်ပြီး ရှမ်းနှင့် ပလောင်တိုင်းရင်းသားများ နေထိုင်ရာဒေသဖြစ်သည်။ လက်ဖက်ခြံနှင့် နဂါးမောက်သီးခြံများ အများဆုံး လုပ်ကိုင်ရာ တောင်ပေါ် မြို့တစ်မြို့ ဖြစ်သဖြင့် စည်ကားပြီး ခရိုင်ရုံးစိုက်ရာ မြို့တစ်မြို့ ဖြစ်သည်။
သီပေါမြို့၊ လားရှိုးမြို့နှင့် သိန်းနီမြို့
သီပေါမြို့ကို မကြားဖူးကြလျှင်ရှိမည်။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အစည်ကားဆုံးဖြစ်သည့် ရှေးဟောင်းသမိုင်းဝင် ပေါ် ကြို ဘုရားပွဲတော်ကိုကား မကြားဖူးသူဟူ၍ ရှိအံ့မထင်ပေ။ တပေါင်းလ ပေါ်ကြိုဘုရားပွဲတော်မှာ လူစည်ကားလွန်းသဖြင့် ခြေထောက် နှင့် မြေမထိဘဲ လူထဲညပ်ပါ၍ ပါသွားရကြောင်း ဆိုစမှတ်ပြုကြသည်။ အခြားသဘာဝရေတံခွန်များနှင့် ဒုဋ္ဌဝတီမြစ်ဆုံအလှအပ များကြောင့် ပြည်တွင်းနှင့် နိုင်ငံခြားခရီးသွားဧည့်သည်များ ဝင်လာမစဲ အထူးစည်ကားလှသော ရှေးဟောင်းသမိုင်းဝင် မြို့တစ်မြို့ ဖြစ်သည်။
လားရှိုးမြို့သည် ရှမ်းပြည်နယ်မြောက်ပိုင်း၏ မြို့တော်ဖြစ်သည်။ ဝေဟင်ခရီး၊ ကားလမ်းနှင့် ရထားလမ်းခရီးတို့ အစုံပေါက် ရောက်သော မြို့တစ်မြို့ ဖြစ်သဖြင့် အထူးစည်ကားလှသည်။ နယ်စပ်ဒေသနှင့် ခရီးလမ်းပန်းဆက်သွယ်မှု အဓိကကျခြင်း တို့ကြောင့် နေ့စဉ်ကားကြီးကားငယ်အစီးပေါင်း ၅၀ဝဝ ခန့် ဖြတ်သန်းသွားလာလျက်ရှိသည်။
သိန်းနီမြို့သည် လားရှိုးမြို့နှင့် ၃၂ မိုင်သာကွာဝေးသည်။ သိန်းနီမြို့၏ သဘာဝရေမြေတောတောင်ရှုခင်းများ ကြည့်ရှု ခံစားရသည်မှာ လွမ်းမောဖွယ်ရာဖြစ်သည်။ သိန်းနီမြို့နှင့် ၁၂ မိုင်သာကွာဝေးသည့် ရေပူစမ်းသို့လည်း ရေချိုးသွားသူများ၊ ပျော်ပွဲစားထွက်သူများနှင့် စည်ကားလျက်ရှိပေသည်။
ကွတ်ခိုင်မြို့နှင့် နမ့်ခမ်းမြို့
တောင်ကတုံးကြီးများ လျှိုမြောင်ချိုင့်ဝှမ်းများကို ကျော်ဖြတ်ပြီး တစ်မူထူးခြားသည့်လွယ်ဆမ်ဆစ် (တောင်သုံးဆယ်) ရှုခင်းတစ်ရပ်အဖြစ်နှင့် ကုန်းမြင့်လွင်ပြင်ပေါ်မှ ကွတ်ခိုင်မြို့လေးကို တွေ့ မြင်နိုင်ပေသည်။ ရာသီဥတုအလွန်အေးမြပြီး ကချင် တိုင်းရင်းသား အများအပြားနေထိုင်သည့် မြို့တစ်မြို့ ဖြစ်သည်။ ကောက်ပဲသီးနှံများထွက်ရှိပြီး ကွတ်ခိုင်ထွက်မက်မန်းသီးနှင့် မက်မန်းဝိုင်မှာ ထင်ရှားကျော်ဇောသည်။
နမ့်ခမ်းမြို့သည် တရုတ်ပြည်နယ်စပ်တွင်ရှိသည့် သာယာလှပသော မြို့တစ်မြို့ဖြစ်ပြီး အထူးသဖြင့် နမ့်ခမ်းဈေးမှာ စည်ကား လှပေသည်။ ဒေသထွက်နမ့်ခမ်းလွယ် အိတ်များမှာလည်း လှပ၍ မက်မောဝယ်ချင်စရာ ကောင်းလှပေသည်။ နယ်ခြား မှတ်တိုင်ကို ကြည့်ရှုလေ့လာလိုပါက တရုတ်၊ မြန်မာ နယ်ခြားမှတ်တိုင်အမှတ် (၄၂)ကို ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။
ရှမ်းပြည်နယ်သည် ထိုသို့သာယာလှပသောမြို့များ သယံဇာတပစ္စည်းများနှင့် သဘာဝအရင်းအမြစ်များ တည်ရှိရာ ဒေသဖြစ်သည့်အလျောက် ယင်းတို့ကို လိုချင်မက်မောသော နယ်ချဲ့တို့သည် အကြိမ်ကြိမ် ရန်စကျူးကျော်ပြီး နောက်ဆုံးတွင် တစ်နိုင်ငံလုံးကို တိုက်ခိုက်သိမ်းပိုက်မှုကြောင့် မြန်မာတိုင်းရင်းသားတို့ သူ့ကျွန်ဘဝကျရောက်ခဲ့ရသည်။
နယ်ချဲ့လက်အောက်ရောက်ရှိနေသော မြန်မာပြည်သားတို့သည် သူ့ကျွန်မခံလိုသော ဇာတိသွေးဇာတိမာန်ဖြင့် တိုက်ပွဲဝင်ခဲ့ ကြပြီး အနိုင်မခံ အရှုံးမပေး ကလောင်လက်နက်ဖြင့် တစ်မျိုး၊ တုတ်၊ ဓားလက်နက်ဖြင့်တစ်သွယ် ရရာလက်နက်ဆွဲကိုင်ကာ တော်လှန်ခဲ့ကြသည်။ နယ်ချဲ့တို့၏ သေနတ်ကြားမှာ မြန်မာ့ဓားကို ရဲဝင့်စွာ အသုံးချခဲ့ကြသည်။
နယ်ချဲ့တို့သည် တိုင်းရင်းသားတို့ကိုသွေးခွဲမှ ကြာရှည်စွာ အုပ်ချုပ်စီမံနိုင်မည်ကို သိသဖြင့် တိုင်းရင်းသားအချင်းချင်း စည်းလုံး ညီညွတ်မှု မရှိစေရေးအတွက် ပြည်မအုပ်ချုပ်ရေး၊ တောင်တန်းဒေသ အုပ်ချုပ်ရေးဟူ၍ ခွဲခြားအုပ်ချုပ်ပြီး သွေးခွဲခဲ့သော်လည်း တိုင်းရင်းသားတို့သည် သွေးစည်းညီညွတ်စွာဖြင့် လွတ်လပ်ရေးကို ပူးပေါင်းပြီး ကြိုးစားရယူခဲ့ကြသည်။
ဒုတိယကမ္ဘာစစ်ကြီး ပြီးသည့်နောက် တိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်စွာ တောင်းဆိုမှုကြောင့် နယ်ချဲ့တို့သည် လွတ်လပ်ရေးပေးရမည့် အခြေအနေသို့ ရောက်ရှိလာသောအခါ တောင်တန်းဒေသကို ချန်ထားရန် ကြံရွယ်လုပ်ဆောင် ကြသည်။ သို့သော် ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသော ခေါင်းဆောင်ကြီးများ၏ ကြိုးစားမှုကြောင့် ၁၉၄၇ ခုနှစ်တွင် အောင်ဆန်း -အက်တလီစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည်။
ရှမ်းပြည်နယ်နေ
တောင်တန်းဒေသတိုင်းရင်းသားတို့၏ ဆန္ဒကိုရယူရန်အတွက် ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံသို့ပြန်လာပြီး ပြည်နယ်၊ ပြည်မ သွေးစည်းညီညွတ်ရေးကို ကြိုးပမ်းခဲ့ရသည်။ တိုင်းရင်းသားကိုယ်စားလှယ်ကြီးများနှင့် စုပေါင်းပြီး ကြိုးပမ်းမှုကြောင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ရရှိခဲ့သဖြင့် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ပင်လုံညီလာခံအစည်း အဝေးက ပင်လုံစာချုပ် လက်မှတ်ရေးထိုးနိုင်ရန် ပန္နက်ချနိုင်ခဲ့သော ဖေဖော်ဝါရီလ ၇ ရက်နေ့ကို ရှမ်းပြည်နယ်နေ့ဟု ဆုံးဖြတ် သတ်မှတ်ခဲ့ကြပေသည်။
နယ်ချဲ့နှင့်အပေါင်းပါတို့သည် အဆိုပါအစည်းအဝေးကြီးတွင် ပြည်မနှင့်အတူ ရှမ်းပြည်နယ်အပါအဝင် တောင်တန်းဒေသများကိုပါ လွတ်လပ်ရေး ပေးရမည့်အရေး အောင်မြင်သွားမည်ကို များစွာစိုးရွံ့လျက်ရှိရာ ယင်းရည်ရွယ်ချက် ပျက်ပြားစေရန် အစွမ်းကုန် ခြေထိုးနှောင့်ယှက်ခဲ့ကြသည့်အပြင် အထူးသဖြင့် ရှမ်းအမျိုးသားများကြားတွင် ခပ်သွက်သွက် ခြေထိုးနှောင့်ယှက်ခဲ့ကြသည်။ သို့သော် သွေးစည်းညီညွတ်ပြီးဖြစ်သော ရှမ်းပြည်နယ်လူထုကြီးနှင့် အခြားသော ိုင်းရင်းသားလူမျိုးများကို သွေးခွဲ၍မရခဲ့ပေ။
နှစ်ရှည်လများ နယ်ချဲ့တို့အလိုကျ ဆောင်ရွက်ခဲ့ကြသော ရှမ်းစော်ဘွားတို့သည် လူထုမပါလျှင် မည်သည့်ကိစ္စကိုမျှ အောင်မြင်မည် မဟုတ်သည်ကို နားလည်သဘောပေါက်ကာ ၁၉၂၂ ခုနှစ်က နယ်ချဲ့တို့၏ ၎င်းတို့အလိုကျ ဖွဲ့စည်းထားသော ရှမ်းပြည်နယ်အတွက် မည်သို့မျှ အကျိုးမပြုခဲ့သော ပဒေသရာဇ်ကောင်စီကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်တွင် ဖျက်သိမ်းပြီး ရှမ်းပြည်နယ်ကောင်စီကို ဖွဲ့စည်းလိုက်သည်။
ထို့ကြောင့် ဤနေ့သည် ရှမ်းပြည်နယ် စော်ဘွားကြီးများနှင့် လူထုကိုယ်စားလှယ် ခေါင်းဆောင်ကြီးများ ညီညွတ်သောနေ့၊ တိုင်းတစ်ပါးတို့၏ အစီအမံ ဩဇာအာဏာကို တွန်းလှန်နိုင်သောနေ့၊ ဒီမိုကရေစီအခွင့်အရေးကို လူထုလက်သို့ စတင် အပ်နှင်းပေးသော နေ့ထူးနေ့မြတ်ဖြစ်သည့်အတွက် ရှမ်းပြည်နယ်နေ့ဟု ဖေဖော်ဝါရီ ၁၂ ရက် ပင်လုံညီလာခံ အစည်းအဝေးက ဆုံးဖြတ်ခဲ့ကြသည်။
ယင်းအစည်းအဝေးမှာပင် ရှမ်းအမျိုးသားသီချင်းနှင့် ရှမ်းအမျိုးသားအလံကို သတ်မှတ်ခဲ့ကြသည်။ ပင်လုံညီလာခံတွင် သမိုင်းတွင်မည့် ပင်လုံစာချုပ် လက်မှတ်ထိုးပြီးလျှင်ပြီးချင်း ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသော ခေါင်းဆောင်ကြီးများနှင့် ဗြိတိသျှအစိုးရကိုယ်စားလှယ်တို့သည် ရှမ်းအမျိုးသားအလံကို ရှေးဦးစွာ လွှင့်ထူအလေးပြုခဲ့ကြသည်။ ဤသို့ သမိုင်းဝင် မော်ကွန်းတွင်ခဲ့သော ရှမ်းပြည်နယ်နေ့သည် ယခုအခါ (၇၂)နှစ်မြောက်ရှိခဲ့ပြီ ဖြစ်သည်။
ပင်လုံမြေတွင် ညီညွတ်ခဲ့သည့် အစဉ်အလာကြီးအတိုင်း ဆက်လက်ကြိုးပမ်းခဲ့ကြသဖြင့် မြန်မာနိုင်ငံသည် လွတ်လပ်သော နိုင်ငံ တစ်နိုင်ငံအဖြစ် ရပ်တည်လာနိုင်ခဲ့သည်မှာ ယနေ့အထိပင် ဖြစ်သည်။
အကောင်အထည်ဖော်သွားရန်လို
တိုင်းရင်းသားစည်းလုံးညီညွတ်မှုဖြင့် ကြီးမြတ်သော အောင်ပွဲများကို ရယူနိုင်သည်ဆိုသည်ကို ထိုသမိုင်းမှတ်တိုင်များက ပြဆိုလျက်ရှိပေသည်။ ထို့ကြောင့် ရှမ်းပြည်နယ်နေ့တွင် ရှမ်းတိုင်းရင်းသားများသည် ရှေးအစဉ်အလာက ညီညွတ်ခဲ့သည့် စည်းလုံးညီညွတ်မှု အစဉ်အလာကြီးကို မပျက်ယွင်း အောင်ထိန်းသိမ်းပြီး နိုင်ငံ၏တာဝန်များကို ဆက်လက်ထမ်းဆောင်သွား ကြမည်ဟူသော သန္နိဋ္ဌာန်ကိုချမှတ် အကောင်အထည်ဖော်သွားရန် လိုအပ်ပေသည်။
နယ်မြေကျယ်ပြန့်ပြီး စီးပွားရေးကဏ္ဍစုံသော ရှမ်းပြည်နယ်အတွင်းရှိ မှီတင်းနေထိုင်ကြသော တိုင်းရင်းသားတို့သည် ပြည်နယ်ဖွံ့ ဖြိုးတိုးတက်ရေး၊ အေးချမ်းသာယာရေး တာဝန် များနှင့် ၂၀၁၉ ခုနှစ် (၇၂) နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက်များဖြစ်သည့်...
- ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့အတွက် တိုင်းရင်းသားအားလုံး၏ စုပေါင်းအင်အားဖြင့် ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေး။
- ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနှင့် လျော်ညီ သည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်ရန် ကြိုးပမ်းဆောင်ရွက်ရေး။
- ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံမှသည် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်သည်အထိ အကောင်အထည်ဖော် ဆောင်ရွက်ရေး။
- တရားဥပဒေစိုးမိုးရေးနှင့်ပြည်သူများဘေးကင်း လုံခြုံရေးတွက် နိုင်ငံသားအားလုံး “စည်းလုံး ညီညွတ်စွာ” ဖြင့် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ရေး။
- ကောင်းမွန်သောပညာရေးနှင့် လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုများကို နိုင်ငံသားတိုင်း ရရှိခံစားနိုင်ရေး။
စသည့် ဦးတည်ချက်များကို ရှမ်းပြည်နယ်နေ့တွင် ရှမ်းတိုင်းရင်းသားတစ်ရပ်လုံးက ခိုင်မာစွာသန္နိဋ္ဌာန်ချထားပြီး စည်းလုံး ညီညွတ်စွာ အကောင်အထည်ဖော် ဆောင်ရွက်ကြခြင်းဖြင့် နိုင်ငံအပေါ် တာဝန်ကျေပွန်နိုင်ကြပါစေဟု တိုက်တွန်းဆန္ဒပြု အပ်ပါသတည်း။ ။