ဒုတိယပင်လုံ


ကောင်းဈာန်သိမ်း

ပြည်ထောင်စုစိတ် ကမ္ပည်းနှိပ်လျက် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညနေပိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်း အဖွဲ့နှင့် ရှမ်း၊ ကချင်၊ ချင်း ကိုယ်စားလှယ်များ၏ တင်ပြချက်များကို ဆွေးနွေးကြသည်။ နှစ်ဖက်ဆွေးနွေးပြီးနောက် ပင်လုံစာချုပ်မူကြမ်းကို ရေးဆွဲကြ သည်။ တောင်းဆိုချက်များကို မြန်မာကိုယ်စားလှယ်အဖွဲ့က လိုက်လျောသဖြင့် ကျေနပ်သွားကြသည်။


ထိုနေ့ညနေတွင် တောင်ကြီးမှ ကျောင်းသား ကျောင်းသူများ၊ ဈေးသမဂ္ဂ၊ အလုပ်သမား၊ အမှုထမ်း၊ အရာထမ်းများ၊ ရှမ်း၊ အင်းသား၊ ဓနု၊ ပအိုဝ်း၊ တောင်ရိုး၊ မြန်မာ၊ ဂေါ်ရခါး စသည့် တိုင်းရင်းသားပေါင်းစုံများ၊ ရပလများ၊ ပြည်သူ့ရဲဘော်များသည် ကားအစီး ၆၀ ကျော်ဖြင့် ပင်လုံသို့ ရောက်ရှိလာ ကြသည်။ ထို့နောက် ညောင်ရွှေ၊ အင်းလေး၊ အောင်ပန်း၊ ကလော၊ ပင်းတယ၊ ရပ်စောက်၊ ဘော်ဆိုင်းမှ ပြည်သူလူထုများ ပင်လုံသို့ ရောက်ရှိလာကြသည်။ ၎င်းတို့သည် ပင်လုံညီလာခံ ခန်းမဆောင်အနီးတွင် လွတ်လပ်ရေး ချက်ချင်းပေး၊ ရှမ်း၊ မြန်မာ တောင်တန်းသားများပူးပေါင်းကြ၊ ရှမ်း-မြန်မာ ချစ်ကြည်ရေး အဓွန့်ရှည်ပါစေ၊ နယ်ချဲ့သမား အလိုမရှိ စသည်တို့ကြွေးကြော်ဆန္ဒပြုကြသည်။ ပင်လုံညီလာခံဆွေးနွေးပွဲသို့ ကယား၊ ကရင်ပြည်နယ်တို့မှ ကိုယ်စားလှယ်များ နောက်ကျမှ ရောက်ရှိလာကြသည်။

 

ပင်လုံစာချုပ်မူကြမ်း


ဘော်တွမ်လေသည် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပင်လုံစာချုပ်မူကြမ်းကို ဗိုလ်ချုပ်အောင်ဆန်းထံ လာရောက်ပေးပို့ခဲ့သည်။ နောက်ဆုံး အတည်ပြုသော စာချုပ်မူကြမ်း သုံးစောင်ကို မိုင်းပွန်စော်ဘွားကြီးက ဗိုလ်ချုပ်ထံ တင်ပြခဲ့သည်။ ဘော်တွမ်လေ ယူလာသော စာချုပ်မူကြမ်းမှာ ကော်မတီက ပယ်ထားသော စာချုပ်ဖြစ်သည်။ ထို့နောက် မြန်မာတို့နှင့် ပူးပေါင်း၍ လွတ်လပ်ရေးအရယူမည်ဟူသော သဘောတူညီချက်ကို ရရှိ၍ ဝမ်းမြောက်သည့် အထိမ်းအမှတ်အဖြစ် ရှမ်းစော်ဘွားများက ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။ ညစာစားပွဲတွင် ရှမ်းစော်ဘွားများအသင်းဥက္ကဋ္ဌ တောင်ပိုင်းစော်ဘွားကြီးက " ရှေးအခါက ရှမ်း၊ ဗမာ၊ ကချင်၊ ချင်း၊ ကရင် မျိုးသားအချင်းချင်း အထင်အရှား သဘောကွဲလွဲချက်များရှိသော်လည်း ယခုတော့ ဤသဘောကွဲလွဲချက်များ မရှိတော့ပါဘူး။ ဗမာနှင့် ရှမ်းစသော တောင်တန်းနယ်အားလုံးတို့ ကောင်းရာကောင်းကြောင်းအချိန်သို့ ဆိုက်ရောက်လာပါပြီ။ ဤအစည်းအဝေးတွင် ကျွန်တော်တို့အချင်းချင်း သွေးကွဲအောင် ခြေထိုးသူတွေ ရှိနေကြောင်းကို သိရပါတယ်။ သူတို့သွေးခွဲပေမယ့် ကျွန်တော်တို့မပါဘူး။ ကျွန်တော်တို့ လိုလားတဲ့ လွတ်လပ်ရေး ပန်းတိုင်ကို အသက်နဲ့လဲပြီး ဆွတ်ခူးမယ်ဆိုတာယုံကြည်ပါ"  ဟု ပြောကြား ခဲ့သည်။


စုပေါင်းလုပ်ကြမှသာ အကျိုးရှိ


ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းက ပြန်လည်ပြောကြားရာတွင် "အချင်းချင်း သဘောကွဲလွဲမှုမျိုးတော့ နည်းနည်းပါးပါးတော့ ရှိမှာပဲ။ ဒါပေမယ့် သူတစ်ပါးနိုင်ငံကို လာရောက်စော်ကားလို့ အသက်စွန့်ပြီး မလျှော့တမ်း ကာကွယ်တိုက်ခိုက်တာကတော့ အားလုံးနဲ့ သက်ဆိုင်တဲ့ အလုပ်မျိုးဖြစ်တာပဲ။ တိုက်ခိုက်ကြတဲ့အခါမှာ စစ်သေနာပတိဟာ ကရင်ဖြစ်ချင်ဖြစ်မယ်။ ကချင်၊ ချင်း ဖြစ်ချင်လည်းဖြစ်မယ်။ ဘယ်သူပဲဖြစ်ဖြစ် တစ်မိန့်တည်း လိုက်နာဆောင်ရွက်ကြရမှာပဲ။ တစ်တိုင်းပြည်လုံး ကြီးပွားစေချင်ရင် လူအား၊ ငွေအား၊ ပစ္စည်းအား စုပေါင်းပြီး အင်တိုက်အားတိုက်လုပ်နိုင်မှ အကျိုးခံစားခွင့်ရှိကြမှာပဲ။ ဗမာက တစ်မျိုး၊ ကရင်က တစ်ဖုံ၊ ရှမ်း၊ ကချင်၊ ချင်းတို့က တခြား အကွဲကွဲအပြားပြားလုပ်နေကြရင် အကျိုးရှိမှာ မဟုတ်ဘူး။ စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင်မယ်" ဟု ပြောကြားခဲ့သည်။


ပင်လုံစာချုပ်လက်မှတ်ရေးထိုး


ထို့နောက် ခေါင်းဆောင်ကြီးများ အသီးသီးတို့က မိန့်ခွန်းများပြောကြား ကြပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တောင်တန်းဒေသမှ တိုင်းရင်းသားကိုယ်စားလှယ် ၂၂ ဦးတို့သည် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပင်လုံစာချုပ်ကြီးကို လက်မှတ်ရေးထိုးလိုက်ကြသည်။ ပင်လုံစာချုပ်လက်မှတ်ရေးထိုး ပြီးနောက် မွန်းလွဲ ၂ နာရီတွင် တောင်ပေါ်သားများ ညီညွတ်ရေးအဖွဲ့ အစည်း အဝေး ကျင်းပကာ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းအား တောင်တန်းဒေသ ဆိုင်ရာ ဘုရင်ခံ၏အမှုဆောင်(ဝန်ကြီး) အဖွဲ့ဝင်အဖြစ် ရွေးချယ်လိုက်ကြသည်။ ချင်းတိုင်းရင်းသားကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဦးဝမ်ကိုဟောသည် အစိုးရ ဝန်ထမ်းတစ်ဦး ဖြစ်နေသဖြင့် ပင်လုံစာချုပ်တွင် လက်မှတ်ထိုးခြင်း မပြုနိုင်ခဲ့ပေ။ နောက်တစ်လခန့်ကြာသော် လက်မှတ်ရေးထိုးနိုင်ပြီး နယ်စပ်ဒေသ ဒုတိယ အတိုင်ပင်ခံဝန်ကြီး ဖြစ်လာခဲ့သည်။


မြန်မာနှင့်တိုင်းရင်းသားခေါင်းဆောင်များ ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သော်လည်း နယ်ချဲ့ အစိုးရက ထိုစာချုပ်တွင် တိုင်းရင်းသားအားလုံး အစုံအလင်မပါဝင်သဖြင့် တောင်တန်းဒေသ စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းပြီး စုံစမ်းစေပြန်သည်။ ၁၉၄၇ ခုနှစ် ဧပြီလ ၂၁ ရက်နေ့အထိ နိုင်ငံတစ်ဝန်းလုံးမှ တိုင်းရင်းသားများ အစစ်အဆေးခံကြရသည်။ အားလုံးသည် ပင်လုံသဘော တူညီချက်ကို လက်ခံကြောင်း၊ မြန်မာပြည်မနှင့်ပူးပေါင်း၍ လွတ်လပ်ရေးကိုရရှိလိုကြောင်း ထွက်ဆိုသွားကြသည်။


စည်းလုံးညီညွတ်မှုအုတ်မြစ်


ဗိုလ်ချုပ်အောင်ဆန်းသည် နယ်ချဲ့ဗြိတိသျှအစိုးရနှင့် အောင်ဆန်း-အက်တလီ စာချုပ်ချုပ်ဆိုပြီးနောက် ပင်လုံမြေတွင် လူမျိုးစုံကွန်ဖရင့်ကြီးကိုဖေဖော်ဝါရီလ ၃ ရက်နေ့မှ ၁၂ ရက်နေ့အထိ ထမြောက်အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပေသည်။ ပြည်ထောင်စုကြီး၏ စည်းလုံးညီညွတ်မှုအုတ်မြစ်ကို စိုက်ထူနိုင်ခဲ့သည်။ လွတ်လပ်ရေးအတွက် အပင်ပေါက်ကို စိုက်ပျိုးနိုင်ခဲ့သည်။ ထိုအခြေအနေသို့ရောက်အောင် လွယ်လွယ်ကူကူတော့မဟုတ်၊ အခက်အခဲများ၊ အကျပ်အတည်းများ၊ စိန်ခေါ်မှုများ၊ တိုက်ခိုက်မှုများကြားမှ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ရယူတည်ဆောက်နိုင်ခဲ့သည်။


ပြည်ထောင်စုစည်းလုံးညီညွတ်ရေး အုတ်မြစ်ချပွဲကို ပြန်ပြောင်းသုံးသပ်လေ့လာကြည့်မည်ဆိုလျှင် ပြည်ထောင်စုစည်းလုံးညီညွတ်မှုကို အဓိက တည်ဆောက်သူ ဗိသုကာမှာ ဗိုလ်ချုပ်အောင်ဆန်းပင်ဖြစ်သည်။ အမြော်အမြင်ကြီးမားသော တိုင်းရင်းသားခေါင်းဆောင်များက လက်တွဲပါဝင်ခဲ့ကြသလိုပဒေသရာဇ်စနစ်ကို ဖက်တွယ်လိုသူများက ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်ခဲ့သည်ကို တွေ့ရသည်။ နယ်ချဲ့အနေဖြင့်မူ နှစ်ပေါင်းတစ်ရာကျော် တိုင်းပြည်ကိုသိမ်းပိုက်ခဲ့ပြီး ပြန်လည်စွန့်လွှတ်မည့်အရေးကို မြော်တွေးကြည့်နိုင်ပေသည်။ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို တည်ဆောက်ရာ၌ ရိုးရိုးသားသား၊ တက်တကြွ်ကြွက ထောက်ခံအားပေးကြသူများမှာ တိုင်းရင်းသားပြည်သူအားလုံးတို့သာ ဖြစ်သသည်။


ညီညွတ်ရေးဗိသုကာ


မြန်မာ့သမိုင်းတွင် မကြုံစဖူး ထူးခြားစွာသော တိုင်းရင်းသားလူထုစည်းလုံးညီညွတ်ရေးကို ဤသို့ ဖန်တီးခဲ့ခြင်းအားဖြင့် ဗိုလ်ချုပ်အောင်ဆန်းသည် "စတုတ္ထမြန်မာနိုင်ငံတော်ကြီး"  ကို ပြောင်မြောက်စွာ တည်ဆောက်နိုင်ခဲ့ပေသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ခေါင်းဆောင်မှုအရည်အချင်းနှင့် အမျိုးသား ညီညွတ်မှုစည်းရုံးရေးစွမ်းရည်တို့မှာ အထင်အရှားအမြောက်အမြားပင် ဖြစ်သည်။


ဗိုလ်ချုပ်အောင်ဆန်းဟူသော လူထုခေါင်းဆောင်တစ်ဦး၏ တော်လှန်ရေး အယူအဆနှင့် တိုင်းပြည်လွတ်လပ်ရေးအတွက် ကြံ့ခိုင်ဖြောင့်မတ်သော လမ်းစဉ်တို့အပြင် သူ၏မွန်မြတ်လှသော ခေါင်းဆောင်မှု၊ စည်းရုံးစွမ်းဆောင်နိုင်မှုဂုဏ်သတင်းသည် မြန်မာပြည်မြောက်ဖျားမှ မြင့်မားညို့မှိုင်းသော ကချင်တောင်တန်းကြီးများဆီသို့ပင် ပဲ့တင်ရိုက်ကာ မြည်ဟည်းပျံ့နှံ့သွားစေပါသည်။


ဗိုလ်ချုပ်အောင်ဆန်းနှင့် ကချင်တိုင်းရင်းသားခေါင်းဆောင်များ တွေ့ဆုံဆက်သွယ်မိရာ မှ ကချင်-ဗမာ သွေးစည်းညီညွတ်ရေး လုပ်ငန်းအရပ်ရပ်သသည် ချောမောပြေပြစ် အောင်မြင် အထမြောက်ခဲ့လေသည်။ အလားတူပင် မြန်မာပြည် အနောက်မြောက် တောင်တန်းကြီးများပေါ်မှ ချင်းတိုင်းရင်းသားများသည် လည်းကောင်း၊ ရှမ်းကုန်းမြေမြင့်ဒေသမှ ရှမ်းတိုင်းရင်းသားများသည် လည်းကောင်း၊ ကရင်၊ ကယား၊ မွန်၊ ရခိုင်စသည့် တိုင်းရင်းသားများသည်လည်းကောင်း ဗိုလ်ချုပ်အောင်ဆန်း၏ စိတ်ဓာတ်၊ ဗိုလ်ချုပ်အောင်ဆန်း၏ စွမ်းရည်၊ ဗိုလ်ချုပ်အောင်ဆန်း၏ ခေါင်းဆောင်မှုကို အကြွင်းမဲ့လက်ခံယုံကြည်လာကြသည်။


ဗိုလ်ချုပ်အောင်ဆန်း၏ ခေါင်းဆောင်မှုကို တညီတညွတ်တည်း ယုံကြည်လက်ခံလာကြခြင်းဖြင့် ဗိုလ်ချုပ်အောင်ဆန်းကို အမှူးထားကျင်းပသည့် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပင်လုံညီလာခံကြီးတွင် မြေပြန့်မှဗမာလူထုနှင့် တောင်တန်းဒေသမှ တိုင်းရင်းသားများအားလုံးတို့သည်ပြည်ထောင်စုသားဟူသော အမည်နာမတစ်ခုတည်းဖြင့် အခိုင်အမာ သွေးစည်းညီညွတ်စွာ ပူးပေါင်းမိကြလေသတည်း။