၁၁ ဖေဖော်ဝါရီ
(ယမန်နေ့မှအဆက်)
စက္ကူဖြူစီမံကိန်း
၁၉၄၅ ခုနှစ်။ ဒုတိယက္ဘာစစ်ကြီးပြီးသည်နှင့် မြန်မာနိုင်ငံအား အနှေးနှင့်အမြန် လွတ်လပ်ရေး ပေးရတော့မည်။ လွတ်လပ်ရေးပေးရမည့် နယ်ချဲ့အစိုးရသည် စက္ကူဖြူစီမံကိန်းကို အကောင်အထည်ဖော်သည်။ စက္ကူဖြူစီမံကိန်းဆိုသည်မှာ တောင်တန်းနှင့်ပြည်မ ခွဲခြားအုပ်ချုပ်သော အစီအစဉ်ဖြစ်သည်။ ထို့ကြောင့် ပြည်မနှင့်အတူ နယ်စပ်တောင်တန်းဒေသများပါ လွတ်လပ်ရေး တောင်းဆိုရန် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ နယ်စပ်ဒေသ ရှိ တိုင်းရင်းသားခေါင်းဆောင်များက စီစဉ်ကြတော့သည်။ ထိုအခါ ပြည်မနှင့် နယ်စပ်ဒေသများအား နိုင်ငံရေးအရ ဆက်သွယ်ခြင်း၊ ပေါင်းစည်းခြင်း မရှိနိုင်စေရန် နယ်ချဲ့အစိုးရသည် အစွမ်းကုန်ဆောင်ရွက်တော့သည်။ နယ်စပ်ဒေသရှိ တိုင်းရင်းသားလူမျိုးများနှင့် ဗမာလူမျိုးများ သွေးကွဲစေရန် နည်းမျိုးစုံဖြင့် ခြေထိုးခဲ့သည်။
သွေးစည်းညီညွတ်ရေး
၁၉၄၅ ခုနှစ် ဩဂုတ်လ ၁၆ ရက်မှ ၁၈ ရက်အထိ ဖဆပလအဖွဲ့ချုပ်အစည်းအဝေးတွင် တစ်ပြည်လုံးရှိ တိုင်းရင်းသားများအားလုံး ညီညွတ်စွာဖြင့် မြန်မာပြည်လွတ်လပ်ရေးနှင့် ထူထောင်ရေးလုပ်ငန်းများကို အားတက်သရော ဆောင်ရွက်ရန် ဆုံးဖြတ်ကြသည်။ ထိုဆုံးဖြတ်ချက်ကို ဩဂုတ်လ ၁၉ ရက်တွင် နေသူရိန် လူထုအစည်းအဝေးကြီး၌ ထောက်ခံခဲ့သည်။ ၁၉၄၆ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်တွင် ရွှေတိဂုံစေတီတော်အလယ်ပစ္စယံတွင် ကျင်းပသော နိုင်ငံလုံးဆိုင်ရာ ညီလာခံသဘင်ကြီးတွင် တိုင်းရင်းသားလူနည်းစုတို့ တိုင်းပြည်လွတ်လပ်ရေးအတွက် အားတက်သရောဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။ ၁၉၄၆ ခုနှစ် မေလ ၁၆ ရက်မှ ၂၃ ရက်အထိကျင်းပသော ဖဆပလ ဒုတိယအကြိမ် အစည်း အဝေးတွင် မြန်မာပြည်ကို အပိုင်းပိုင်းအစိတ်စိတ်ပြုလုပ်မည့် စက္ကူဖြူစီမံကိန်းကို ကန့်ကွက်ကြောင်း ဆုံးဖြတ်ခဲ့သည်။ ၁၉၄၆ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်တွင် တောင်တန်းဒေသများအားလုံး ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ပါဝင်လာနိုင်ရေး နယ်သူနယ်သားများ၏ဆန္ဒဖြင့် ဆုံးဖြတ်ရန် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
အောင်ဆန်း-အက်တလီ
လူထုအစည်းအဝေးများ၊ ဦးစီးအဖွဲ့၏အစည်းအဝေး ဆုံးဖြတ်ချက်များ၊ အဆိုများသည် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို ဖော်ညွှန်းလျက်ရှိသည်။ ပြည်နယ်၊ ပြည်မ မခွဲခြားဘဲ တပေါင်းတစည်းတည်း လွတ်လပ်သော ပြည်ထောင်စုကြီးတည်ဆောက်ရန် ရည်ရွယ်ခဲ့သည်။ ရည်ရွယ်ချက်နှင့်အညီ လန်ဒန်ဆွေးနွေးပွဲတွင် “ကျွန်ုပ်တို့သည် စည်းလုံးညီညွတ်သော မြန်မာပြည်ကြီး ပြန်လည်ထူထောင်လိုကြောင်း၊ ကျွန်ုပ်တို့ သိရသမျှဆိုလျှင် ကျွန်ုပ်တို့နိုင်ငံအတွင်းရှိ တိုင်းရင်းသားများအားလုံးကို လွတ်လပ်ရေးပေးပြီး အပြင်အပနိုင်ငံများ၏ ပယောဂ မပါဘဲ တိုင်းရင်းသားအချင်းချင်း လွတ်လပ်စွာတွေ့ဆုံခွင့်ပေးပါမည်ဆိုပါက စည်းလုံးညီညွတ်သော နိုင်ငံတော်ကြီး အဖြစ် ထူထောင်ရန် အခက်အခဲရှိလိမ့်မည်မဟုတ်” ဟုဗိုလ်ချုပ်အောင်ဆန်းက နန်းရင်းဝန်အက်တလီအား ပြောကြားခဲ့သည်။ ထို့နောက် အောင်ဆန်း-အက်တလီစာချုပ်ကို ချုပ်ဆိုခဲ့ပြီး စာချုပ်တွင် ဖော်ပြထားသည့် နောက်လဆန်းတွင်ကျင်းပမည့် “ပင်လုံကွန်ဖရင့်”ဟူသည်မှာ ရှမ်းစော်ဘွားများက မြန်မာကိုယ်စားလှယ်များနှင့် တောင်တန်းဒေသမှ တိုင်းရင်းသားကိုယ်စားလှယ်များ ပါဝင်သော အစည်းအဝေးကို ရည်ညွှန်းခြင်းဖြစ်သည်။
ပထမပင်လုံညီလာခံ
အမြော်အမြင်ကြီးမားသော ရှမ်းစော်ဘွားများသည် နယ်စပ်တောင်တန်းဒေသမှ ခေါင်းဆောင်များနှင့် ပြည်မမှခေါင်းဆောင်များ ရှမ်းပြည်နယ်တစ်နေရာတွင် ဆုံစည်း၍ နှီးနှောဖလှယ်ရန် စီမံခဲ့သည်။ သို့ဖြင့် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလဆန်းတွင် ပထမပင်လုံညီလာခံကြီး ပေါ်ပေါက်လာသည်။ ပင်လုံညီလာခံ မစတင်မီ ပဒေသရာဇ်စော်ဘွားအချို့နှင့် ခေါင်းဆောင်အချို့က ပြည်မနှင့် မပူးပေါင်းရေးကို စည်းရုံးလှုပ်ရှားလျက်ရှိသည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့အနီး နမ့်ဖတ်ကာ ကချင်ကျေးရွာ အလယ်တန်းကျောင်းတွင်ခွဲရေး၊ တွဲရေးဆွေးနွေးကြသည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်တွင် ဗြိတိသျှ ဒိုမီနီယံဆိုင်ရာ ပါလီမန်အတွင်းဝန်ဘော်တွမ်လေ မြန်မာနိုင်ငံသို့ ရောက်ရှိလာသည်။
ပင်လုံညီလာခံကို ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် စတင်ကျင်းပသည်။ ထိုနေ့တွင် ရှမ်းပြည်စဝ်ဖများ ကောင်စီအဖွဲ့ဝင်စော်ဘွားများနှင့် ပြည်သူတို့၏ကိုယ်စား လှယ်များပါဝင်သော အစည်းအဝေးကျင်းပသည်။ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ရှမ်းနှင့် ကချင်ကိုယ်စားလှယ်များ အလွတ်သဘောဆွေးနွေးကြသည်။ ထိုနေ့တွင် လောလောဆယ်အခြေအနေသည် သေရေး၊ ရှင်ရေး ဖြစ်နေသဖြင့် မြို့တိုင်း၊ နယ်တိုင်း၊ နေရာတိုင်းတွင် ဗမာ ပြည်မနှင့်ပူးတွဲပြီး လွတ်လပ်ရေးဆန္ဒကို ပြင်းပြင်းထန်ထန်ပြကြရန်ဖြစ်ကြောင်း ပြည်မနှင့်ညီညွတ်စွာလက်တွဲပြီး နယ်ချဲ့သမားကိုတိုက်ဖျက်လျက် တောင်တန်းဒေသ လွတ်လပ်ရေးကို အရယူပေးရမည်ဖြစ်ကြောင်း ကြေညာစာတမ်း ထုတ်ပြန်လိုက်သည်။ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ရှမ်းနှင့်ကချင်ကိုယ်စားလှယ်များ ပင်လုံအကြို ဆွေးနွေးပြီး သဘောတူဆုံးဖြတ်ချက်များ ချမှတ်ကြသည်။ ထိုနေ့တွင် ချင်းကိုယ်စားလှယ်များ ရောက်ရှိလာကြသည်။
ချင်းကိုယ်စားလှယ်များသည် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ရှမ်းနှင့် ကချင်ကိုယ်စားလှယ်များ ဆွေးနွေးချက်များကို လေ့လာဖြည့်စွက်ပြီး လက်မှတ်ရေးထိုးသည်။ တောင်တန်းသားများ စည်းလုံးညီညွတ်ရေးအဖွဲ့ကို ဖွဲ့စည်းလိုက်သည်။ ထိုနေ့ညနေ ၅ နာရီတွင် ရန်ကုန်မြို့ နယ်ခြား ဒေသညွှန်ကြားရေးဝန်က စော်ဘွားများနှင့် ပြည်သူ့ကိုယ်စားလှယ်များ၏ လိုလားချက်ကို ဗြိတိသျှအစိုးရက တင်းမာစွာငြင်းဆိုသောကြောင့် ထိုနေ့ည ၉ နာရီခွဲတွင်လူထု ၂၀ဝ၀ ကျော်စုရုံး၍ အစည်းအဝေးပြုလုပ်သည်။ ဆုံးဖြတ်ချက်များချမှတ်ပြီး ရန်ကုန်မြို့ရှိ အသံလွှင့်ရုံသပေးပို့အသံလွှင့်ခဲ့သည်။
ပြည်ထောင်စုစိတ်ဓာတ် အမြစ်တွယ်ပင်လုံညီလာခံကို ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ဆက်လက်ကျင်းပသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်အဖွဲ့၊ ဘော်တွမ်လေနှင့်အဖွဲ့ ပင်လုံသို့ရောက်ရှိလာသည်။ ဗိုလ်ချုပ်သည် ခရီးရောက်မဆိုက် ည ၈ နာရီခန့်တွင် တိုင်းရင်းသားကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးသည်။ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် တောင်တန်းသား များ ညီညွတ်ရေးကောင်စီအမည်ဖြင့် တောင်းဆိုချက်များပါသည့် စာတမ်းတစ်စောင် တင်သွင်းခဲ့သည်။ တောင်းဆိုချက်များနှင့်ပတ်သက်၍ အပေးအယူလုပ်၍မရကြောင်း တွေ့ရှိသောအခါ ဗိုလ်ချုပ်အောင်ဆန်းသည် အတော်ပင်စိတ်ပျက်သွားခဲ့သည်။ ပထမပင်လုံညီလာခကြီးသို့ တက်ရောက်ရန် ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသော ဗမာခေါင်းဆောင်များအား ဖိတ်ကြားစဉ်ကလည်း ရှမ်းပြည်နယ်ရှိ မျက်နှာဖြူအရာရှိများက တားဆီးပိတ်ပင်ရန် ကြိုးစားခဲ့သေးသည်။ မည်သို့ပင် တားဆီးပိတ်ပင်ခြင်း၊ သဘောကွဲလွဲခြင်းများရှိခဲ့သော်လည်း ပထမပင်လုံညီလာခံမှအစပြု၍ မြန်မာတစ်မျိုးသားလုံး ပြည်ထောင်စုစိတ်ဓာတ် အမြစ်တွယ်လာခဲ့သည်။
ကောင်းဈာန်သိမ်း