မျက်မှောက်ကာလ နိုင်ငံတော်တွင် ကြုံတွေ့နေရသော စိန်ခေါ်မှုများ၊ အခက်အခဲများ၊ ပဋိပက္ခများကို အကြောင်းပြု၍ ပြည်ထောင်စုကြီး ယိုင်နဲ့နေသယောင် ပြောသံဆိုသံအချို့ကို ကြားသိနေရသည်။ ထိုကဲ့သို့ ပြောသံဆိုသံများသည် တိုင်းပြည်အသွင်ကူးပြောင်းတော့မည့် ကာလ၊ အသွင်ကူးပြောင်းစ ကာလတွင် ဖြစ်လေ့ဖြစ်ထရှိသော သဘောမျှသာ ဖြစ်သည်။
အသွင်ကူးပြောင်းမှုဟူသည် မည်သည့်အသွင်ကူးပြောင်းမှုမျှ လွယ်ကူချောမွေ့သည်မဟုတ်ပေ။ အသွင်ကူးပြောင်းမှုတိုင်းတွင် Revolution လုံးလုံးလျားလျား ပြောင်းလဲပစ်ခြင်း (တော်လှန်ရေး ကြမ်းကြမ်းတမ်းတမ်း ပြောင်းလဲခြင်း) နှင့် Evolution တစ်စတစ်စပြောင်းလဲတိုးတက်ခြင်း (ပျော့ပျောင်းညင်သာစွာ ပြောင်းလဲခြင်း) ဟူ၍ရှိရာ ယနေ့မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းမှုသည် Evolution တစ်စတစ်စ ပြောင်းလဲတိုးတက်နေခြင်း ဖြစ်ပါသည်။ ။
အပြောင်းအလဲကို ဖော်ဆောင်ရာ၌ သက်ဆိုင်ရာတို့၏ နိုင်ငံရေး ရည်မှန်းချက်၊ မူဝါဒ၊ လိုလားချက်၊ အလိုဆန္ဒတို့အပေါ်မူတည်၍ အပြောင်းအလဲသို့ လိုက်ပါသူများရှိသလို၊ မလိုက်ပါသူများလည်းရှိမည်။ အပြောင်းအလဲကို လိုလားသူများရှိသလို၊ မလိုလားသူများလည်းရှိမည်။ အပြောင်းအလဲကို ထောက်ခံသူများ ရှိသလို၊ မထောက်ခံသူများလည်း ရှိမည်။ ဤသည်မှာ လူ့အသိုက်အဝန်းများ၏ ဖြစ်လေ့ဖြစ်ထရှိသော သဘောသဘာဝပင် ဖြစ်သည်။ အဓိကမှာ ထိုသဘာဝကို တုန်လှုပ်ခြင်း မရှိဘဲယင်းတို့ကို ကျော်လွှားလွန်မြောက်အောင်ကြိုးပမ်းအားထုတ်နိုင်ရန် ဖြစ်သည်။
ယနေ့မြန်မာနိုင်ငံအတွက် အဓိကစိန်ခေါ်မှုမှာ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတားဖြစ်စေသည့် ပြည်တွင်းပြည်ပ အနှောင့်အယှက်များဖြစ်ပြီး ယင်းတို့ကို ကာကွယ်နိုင်ရန်မှာ အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်ရေးကို အခိုင်အမာ တည်ဆောက်ထားနိုင်ရန် ဖြစ်သည်။ လူ့သဘာဝအရ ယုံကြည်ချက်၊ ခံယူချက်မတူကွဲပြားမှုကြောင့် အဖြေရှာမရသေးသော ပြဿနာများကို တစ်စတစ်စ ညှိနှိုင်းဖွေရှာခြင်းဖြင့် အမျိုးသားရင်ကြားစေ့ နိုင်မည် ဖြစ်သည်။
ပြည်တွင်းငြိမ်းချမ်းရေးမှာလည်း ဤသို့ပင်ဖြစ်သည်။ စည်းလုံးညီညွတ်ရေးမှာ ပြည်ထောင်စု နိုင်ငံဖြစ်သည့် အစဉ်အလာနှင့်အတူ ခိုင်မာ အားကောင်းနေသည်ဟု ဆိုချင်သည်။ မတူကွဲပြားသောဘေးပယောဂများကြောင့် အခိုက်အတန့်၊ လတ်တလော ညီညွတ်မှုများလည်း ရှိပေလိမ့်မည်။ ပြည်တွင်းငြိမ်းချမ်းရေး၌ ဒေသအနည်းငယ်တွင်သာ လတ်တလော ပဋိပက္ခအချို့ရှိသည်ဟု ဆိုရမည် ဖြစ်သည်။ ကျွန်ုပ်တို့အနေဖြင့် ပြည်ထောင်စုကြီး၏ အခြေအနေကို စေ့စေ့ပေါက်ပေါက်ဖွေရှာကြည့်မည် ဆိုပါက ငြိမ်းချမ်းသော ပြည်ထောင်စု၏ ဒေသများကို များစွာမြင်တွေ့ နိုင်မည် ဖြစ်သည်။
ပြည်ထောင်စုဒေသများတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ကိုးကွယ်သူ ဘာသာပေါင်းစုံတို့ ညီညီညွတ်ညွတ်၊ အေးအေးချမ်းချမ်း လုပ်ကိုင်နေထိုင်နေကြသည်ကို မြင်တွေ့ရမည် ဖြစ်သည်။ ထိုသို့နေထိုင်နိုင်ခြင်းသည် ကျွန်ုပ်တို့နိုင်ငံတွင် ကျွန်ုပ်တို့ နိုင်ငံသူနိုင်ငံသား ပြည်သူများအကြား လူမျိုးမရွေး၊ ကိုးကွယ်ရာဘာသာမရွေး၊ ပြောဆိုသည့် ဘာသာစကားမရွေး အားလုံး ညီညီညွတ်ညွတ်၊ ငြိမ်းငြိမ်းချမ်းချမ်း ရှိနေသောကြောင့် ဖြစ်သည်။ ယင်းသည် ကျွန်ုပ်တို့နိုင်ငံ၏ ဂုဏ်သိက္ခာ၊ ကောင်းမြတ်သည့်လက္ခဏာ ဖြစ်သည်။
ထိုဖြစ်ထွန်းနေသော ကောင်းမြတ်သည့် ဂုဏ်သိက္ခာ၊ လက္ခဏာများသည် နိုင်ငံအတွက် အင်အားများဖြစ်စေပြီး အနာဂတ်နိုင်ငံတော် အတွက်မျှော်လင့်ချက်များ ဖြစ်စေသည်။ ထိုကောင်းမွန်သော လက္ခဏာများကို ပိုမိုမြဲမြံခိုင်ကျည်အောင်၊ ပိုမိုတောင့်တင်းခိုင်မာအောင် နိုင်ငံ့ ခေါင်းဆောင်များက ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ရှေ့ဆက်၍ နိုင်ငံတိုးတက်ဖို့၊ ရှေ့ဆက်၍ အောင်မြင်ဖို့အတွက် နိုင်ငံသူ နိုင်ငံသားတစ်ဦးချင်းက မှန်ကန်သောစိတ်နှင့် ထိရောက်သည့်အလုပ်ဖြင့် ပံ့ပိုးပေးဖို့ လိုအပ်သည်။ ။
သို့ဖြစ်ရာ မကြာသေးမီက တောင်ကြီးမြို့တွင် ပြည်သူပြည်သားများအတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားခဲ့သည့် “ငါတို့ သက်တမ်းမှာ ငါတို့နိုင်ငံ ငြိမ်းချမ်းရမယ်။ ငါတို့သက်တမ်းအတွင်းမှာ ငါတို့ရဲ့ ကြိုးစားမှုတွေကြောင့် နိုင်ငံဖွံ့ဖြိုးရမယ်၊ တိုးတက်ရမယ်၊ တည်ငြိမ်ရမယ်၊ ညီညွတ်ရမယ်” ဟူသော စိတ်ထားများဖြင့် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ ။
မြန်မာ့အလင်း