ကိုရေချမ်း

 

ယနေ့ကာလသည် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိရေးအတွက် အရေးကြီးသည့် အခြေခံအုတ်မြစ်ကို စိုက်ထူနိုင်သည့်ကာလဖြစ်သည်။ အဆိုပါအခြေခံအုတ်မြစ်ကို အလွယ်တကူစိုက်ထူနိုင်ခဲ့ခြင်း မဟုတ်ပေ။ နယ်ချဲ့ဗြိတိသျှအစိုးရ၏ ပရိယာယ်အမျိုးမျိုး၊ တိုင်းရင်းသားလူမျိုးစုခေါင်းဆောင် အချို့ နှင့် နိုင်ငံရေးခေါင်းဆောင်အချို့၏ နှောင့်ယှက်မှုများကြားမှ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ် အောင်ဆန်းနှင့် တကွ အမျိုးသားခေါင်းဆောင်ကြီးများ၏ မနေမနား ကြိုးပမ်းအားထုတ်မှုများနှင့် အတူ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တိုင်းရင်းသား ပြည်သူများနှင့် လူထုလူတန်းစားအားလုံးတို့၏ တစ်သွေးတည်း တစ်သားတည်း စုစည်းညီညွတ် မှုဖြင့် အခိုင်အမာစိုက်ထူနိုင်ခဲ့ခြင်းဖြစ်သည်။

 

သမိုင်းဝင်ပင်လုံစာချုပ်

မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် သမိုင်းတွင်ရစ်မည့် အောင်ဆန်း-အက်တလီစာချုပ် ဟု အမည်တွင်သောစာချုပ်တွင် သဘောတူညီချက် ၁၂ ချက်ကို ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ဗြိတိသျှအစိုးရနှင့် မြန်မာခေါင်းဆောင်များ လက်မှတ်ရေးထိုးပြီး မြန်မာနိုင်ငံကို တစ်နှစ်အတွင်း လွတ်လပ်ရေးပေးရန် ဗြိတိသျှအစိုးရက သဘော တူညီခဲ့သည်။ သို့သော် အောင်ဆန်း-အက်တလီ စာချုပ်ပါ ကောက်နုတ်ချက်များကို လေ့လာကြည့် လျှင် တောင်တန်းဒေသများကိုမူ တောင်တန်းဒေသ ခေါင်းဆောင်များကိုယ်တိုင်က ပြည်မနှင့်အတူ လွတ်လပ်ရေးယူလိုပါသည်ဟု အခိုင်အမာစာချုပ် တွင် လက်မှတ်ရေးထိုးမှသာလျှင် ဗြိတိသျှအစိုးရ အနေဖြင့် ပြည်နယ်နှင့်ပြည်မ ပေါင်းစည်းပါဝင် သော ပုံသဏ္ဌာန်ဖြင့် လွတ်လပ်ရေးပေးမည်ဟု ဆိုလိုထားသည်။ နယ်ချဲ့တို့၏ပရိယာယ်နှင့် အတွင်း အကြံကို သိမြင်နိုင်သည်။

 

နယ်ချဲ့တို့ကို တော်လှန်စဉ်အချိန်က စည်းလုံးညီညွတ်ခဲ့ကြသော်လည်း လွတ်လပ်ရေးကို ရယူမည့် အချိန်တွင် ခေါင်းဆောင်များ၏ ခံယူချက်အမျိုးမျိုးကြောင့် စည်းလုံးညီညွတ်မှု ပျက်ပြားခဲ့သည်။ အောင်ဆန်း-အက်တလီစာချုပ် မချုပ်ဆိုမီနှင့် ချုပ်ဆိုအပြီးတွင် နိုင်ငံရေးခေါင်းဆောင်များက အပြင်းအထန်ကန့်ကွက်ကြပြီး ပဒေသရာဇ် စော်ဘွားများက ၎င်းတို့နယ်တွင် ခွဲထွက်ရန် စည်းရုံး လှုပ်ရှားကြသည်။ ထိုသို့အခက်အခဲအနှောင့်အယှက် အမျိုးမျိုးကြားမှ ဗိုလ်ချုပ်အောင်ဆန်းနှင့် တောင်တန်းဒေသမှ တိုင်းရင်းသားကိုယ်စားလှယ် ၂၂ ဦးတို့သည် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် မြန်မာနိုင်ငံနှင့် တောင်တန်းဒေသများ ပူးပေါင်းရေးအချက် ၉ ချက် ပါဝင်သည့် သမိုင်းဝင် ပင်လုံစာချုပ်ကြီးကို လက်မှတ်ရေးထိုးခဲ့သည်။

 

သောင်းကျန်းမှုများ

မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း ကြောင်းတွင် နိုင်ငံရေးအရ ခက်ခဲကြမ်းတမ်းဆုံး အချိန်မှာ အောင်ဆန်း-အက်တလီစာချုပ်နှင့် ပင်လုံစာချုပ်ချုပ်ဆိုမည့် ကာလများအတွင်း ဖြစ်သည်ဟုဆိုရမည်။ ထိုကာလတွင် နိုင်ငံရေးခေါင်းဆောင်များ၏ အပြင်းအထန်ကန့်ကွက်မှုများ၊ ပဒေသရာဇ် စော်ဘွားများ၏ နယ်ချဲ့လက်အောက်နေလိုမှုများ၊ နယ်ချဲ့ကိုယ်စားလှယ်တို့၏ ပရိယာယ်အမျိုးမျိုး ပြုလုပ်မှုများမှာ သပွတ်အူလို ရှုပ်ထွေးပွေလီနေသည်။ ဇာစ်မြစ်မှာ ဗြိတိသျှနယ်ချဲ့အစိုးရ၏ သွေးခွဲ အုပ်ချုပ်ရေးစနစ်ကြောင့် တစ်ပြည်ထောင်ဖွား တိုင်းရင်းသားညီအစ်ကိုများအချင်းချင်း စိတ်ဝမ်း ကွဲကြသည်။ ရန်လိုမုန်းထား၊ အာဃာတများဖြစ်လာကြသည်။ သို့သော် ပြည်ထောင်စုသားအားလုံးတွင် မဖြစ်ပေါ်ဘဲ တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့တို့ တွင် ဖြစ်ခဲ့သည်။

 

မြန်မာနိုင်ငံကို ချစ်မြတ်နိုးကြသည့်၊ မြန်မာ လူမျိုးကို တန်ဖိုးထားကြသည့် မြန်မာလူမျိုးများ အားလုံး၏ တစ်သံတည်းသော တောင်းဆိုချက်မှာ မြန်မာတစ်ပြည်လုံး လုံးဝလွတ်လပ်ရေးပင်ဖြစ်သည်။ ဂျပန်ခေတ်က လွတ်လပ်ရေးအတုကို ရရှိခဲ့ရာ လွတ်လပ်ရေးအတွက် မြန်မာလူမျိုးအားလုံးတို့သည် စစ်ဘေးစစ်ဒဏ်ကိုပင် ဂရုမစိုက်တော့ဘဲ ဖက်ဆစ်တို့ကိုတွန်းလှန်ခဲ့ကြသည်။ အင်္ဂလိပ်တို့ ပြန်ဝင်လာသောအခါ မြန်မာများက လွတ်လပ်ရေးကို မျှော်လင့်ခဲ့ရာ လွတ်လပ်ရေးမပေးဘဲ ဖိနှိပ် အုပ်ချုပ်မှုများသာပေးခဲ့သည်။ မြန်မာနိုင်ငံတွင် လွတ်လပ်ရေးအတွက် ကြိုးပမ်းရုန်းကန်နေချိန်တွင် နိုင်ငံရေး၊ ဝါဒရေး၊ ဂိုဏ်းဂဏရေး၊ လူမျိုးရေးအရ သဘောထားကွဲလွဲမှုများဖြစ်ပေါ်ပြီး ဆူပူ သောင်းကျန်းမှုများဖြစ်ခဲ့သည်။ လွတ်လပ်ရေးရပြီး နောက်တွင်လည်း သဘောထားများ ဆက်လက် ကွဲပြားကြပြီး လက်နက်ကိုင်သောင်းကျန်းမှုများ ပေါ်ပေါက်လာခဲ့သည်။

 

ကာကွယ်တားဆီး

ပြည်တွင်း လက်နက်ကိုင်သောင်းကျန်းမှုမှာ ယခုအခါ နှစ်ပေါင်း ၇၀ ကျော်၊ ၈၀ နီးပါး ရှိလာပြီဖြစ်သည်။ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများကြောင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတား ဖြစ်စေသည်မှာ ငြင်းမရသည့်အချက် ဖြစ်သည်။ နိုင်ငံလွတ်လပ်ရေးအတွက် စည်းလုံးညီညွတ်မှုမှာ အဓိကကျသည့်အချက်ဖြစ်သည်။ စည်းလုံးညီညွတ်မှုကို သံမဏိကဲ့သို့၊ ကျောက်ဆိုင် ကျောက်သားကဲ့သို့ အခိုင်အမာတည်ဆောက်ထားရမည်။ စည်းလုံးညီညွတ်သောတိုင်းပြည်သည် အေးချမ်းသာယာဝပြောပြီး ဖွံ့ဖြိုးတိုးတက်နေသည်ကို တွေ့ရမည်။ စည်းလုံးညီညွတ်မှု ပျက်ပြားသော တိုင်းပြည်တွင် ပဋိပက္ခများ၊ မတည်ငြိမ်မှုများ၊ မဖွံ့ဖြိုးမှုများနှင့် ကြုံတွေ့နေသည်ကို တွေ့မြင်နိုင် သည်။ မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးနိုင်ငံ၊ ပဋိပက္ခအဖြစ်ပွားဆုံးနိုင်ငံဟု သတ်မှတ်ကြ သည်မှာ ဂုဏ်ယူစရာမဟုတ်၊ ရှက်စရာဖြစ်သည်။

 

ပြီးခဲ့သည့်နှစ်များတွင် နိုင်ငံနှင့် နိုင်ငံသားများ ကောင်းကျိုးကိုမလိုလားသည့် လက်နက်ကိုင် သောင်းကျန်းသူများက မြို့ရွာများ လုံခြုံရေးနှင့် စီးပွားရေးဆိုင်ရာ နယ်ပယ်အသီးသီးကို အဓိက ပစ်မှတ်ထားပြီး နှောင့်ယှက်ဖျက်ဆီးခဲ့ကြသည်။ မိမိတို့နေထိုင်ရာ မိမိတို့ဒေသနှင့် မိမိလူမျိုးကို ထိခိုက်ပျက်စီးစေသည့် အသိဉာဏ်ဆင်ခြင်တုံ တရားမဲ့သော လုပ်ရပ်များကို လုပ်ဆောင်ခဲ့ကြသည်။ လူမျိုးရေး၊ တန်းတူညီမျှရေး၊ ဒီမိုကရေစီရေးဟူသည့် ကောင်းမွန်မြင့်မြတ်သည့်အကြောင်း တရားများကို အကြမ်းဖက်လုပ်ရပ်များဖြင့် တလွဲအသုံးချပြီး မိမိလူမျိုး၊ မိမိဒေသကို အောက်ကျ နောက်ကျဖြစ်ပြီး ပျက်စီးအောင် ဖျက်ဆီးနေခြင်းဖြစ်သည်။ အဆိုပါအကြမ်းဖက်လုပ်ရပ်များကို စည်းလုံးညီညွတ်မှုဖြင့် ကာကွယ်တားဆီးကြရန်၊ ရပ်တန့်အောင်ပြုလုပ်ကြရန်လိုသည်။

 

အလေးအနက်ဂုဏ်ပြု

ယနေ့အချိန်အခါတွင် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားပြည်သူများ၏ စည်းလုံး ညီညွတ်သော အားမာန်များဖြင့် အမျိုးသားလှုပ်ရှားမှုများကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်။ တိုင်းပြည်ကိုလည်း အတိုင်းအတာတစ်ခုအထိ တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည်။ ထိုသို့ အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်းသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက်၊ နိုင်ငံတော် ကာကွယ်ရေး၊ ပြည်ထောင်စုမပြိုကွဲစေရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီစနစ် ခိုင်မြဲစေရေး အတွက် စွန့်လွှတ်စွန့်စား ကြိုးပမ်းဆောင်ရွက်နေသူများ ရှိနေသောကြောင့်ဖြစ်သည်။ နိုင်ငံတော် အတွက် အသက်ခန္ဓာ စွန့်လွှတ်ခဲ့ကြသည့် သူရဲကောင်းတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် နိုင်ငံသူ၊ နိုင်ငံသားများကို အလေးအနက်ဂုဏ်ပြု ကြရမည်ဖြစ်သည်။

 

မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အတွက် စည်းလုံးညီညွတ်မှု၊ နိုင်ငံချစ်စိတ်နှင့် အသိဉာဏ်ဆင်ခြင်တုံတရား မြင့်မားမှုအပေါ်တွင် အဓိကမူတည်သည်ဟု ဆိုချင်သည်။ မြန်မာနိုင်ငံတွင် ယနေ့ဖြစ်ပေါ်နေသောအခြေအနေမှာ ပညာ တတ်သော်လည်း အသိဉာဏ်ဆင်ခြင်တုံတရား ခေါင်းပါးခြင်း၊ အသိဉာဏ်ဆင်ခြင်တုံတရား ရှိသော်လည်း ပညာမတတ်ခြင်း၊ ပညာလည်းမတတ်၊ အသိဉာဏ်ဆင်ခြင်တုံတရားလည်း နည်းပါးခြင်းကြောင့် မနှစ်မြို့ဖွယ်ရာ အခြေအနေများ၊ စိတ်မချမ်းမြေ့ဖွယ် အခြေအနေများ ဖြစ်ကြသည်ကို တွေ့မြင်နိုင်သည်။ နိုင်ငံချစ်စိတ်နှင့် အသိဉာဏ်ဆင်ခြင်တုံတရား မြင့်မားလာသည်နှင့်အမျှ စည်းလုံးညီညွတ်မှုခိုင်မာပြီး ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံအဖြစ်ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ ယင်းတို့ အတွက် ပညာရေးသည် အခြေခံအုတ်မြစ်ဖြစ်သည်။

 

အသိဉာဏ်မြင့်မား

ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် ဘက်စုံပညာရေးကို အကောင်အထည် ဖော်လျက်ရှိပြီး ဗလငါးတန်နှင့် ပြည့်စုံသော မျိုးဆက်သစ်များကို ပြုစုပျိုးထောင် ပေးလျက်ရှိသည်။ မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုအရှိန်အဟုန်ကို သတင်းတု၊ သတင်းယောင်များ၊ အမုန်းစကားများ၊ ကျင့်ဝတ်သိက္ခာမဲ့သော သတင်းအချက်အလက်များဖြင့် ဟန့်တား နှောင့်ယှက်လျက်ရှိသည်။ ယင်းတို့သည် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပျက်စီး စေနိုင်သည်။ မျှော်မှန်းထားသည့် ငြိမ်းချမ်းရေးပန်းတိုင်ကိုလည်း အနှောင့်အယှက် ဖြစ်စေနိုင်သည်။ အနာဂတ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရာတွင် ပြည်ထောင်စုကြီးကို အဘက်ဘက်၌ ဖွံ့ဖြိုးတိုးတက်စေရေး၊ ထာဝရငြိမ်းချမ်းရေးရရှိရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေးတို့တွင် အသိဉာဏ်မြင့်မားသည့် ပညာအရင်းအမြစ်များ လိုအပ်သည်။

 

ပညာရေးသည် နိုင်ငံတစ်နိုင်ငံအတွက် အရေးကြီးသည့် မဏ္ဍိုင်တစ်ခုဖြစ်သည်။ နမူနာအားဖြင့် ဂျပန်နိုင်ငံ၏ ပညာရေးပြုပြင်ပြောင်းလဲမှုတွင် “ကျန်းမာရေး အမျိုးသားရေးဝါဒ (Healthy Nationalism)”၊ “နိုင်ငံကို ချစ်မြတ်နိုးမှု (Love for one’s country)နှင့် ဘိုးဘေးဘီဘင်များကို လေးစားမှု (Respect for one’s ancestors)” စသည့် သင်ရိုးညွှန်းတမ်းများပါဝင်သည်ကို လေ့လာ တွေ့ရသည်။ ရပ်ရွာနှင့် မိသားစုပါဝင်ပတ်သက်မှုကို အလေးပေးသည့်  လူထုဝန်ဆောင်မှု၊ မိမိကိုယ်ကို ဆုံးမပဲ့ပြင်မှု၊ ကိုယ်ကျင့်တရားနှင့် ရပ်ရွာနိုင်ငံအပေါ် ချစ်ခင်တွယ်တာမှု စသည့်ဘာသာရပ်များ လေ့ကျင့် သင်ကြားပေးသည်ကိုတွေ့ရသည်။ ထူးခြားချက်မှာ နိုင်ငံကိုချစ်မြတ်နိုးစိတ်၊ ဘိုးဘေး ဘီဘင်များကို လေးစားစိတ်၊ စုပေါင်းလုပ်ဆောင်တတ်သည့်စိတ်နှင့် မိမိကိုယ်ကို အားကိုးတတ်သည့် စိတ်များရှိလာအောင် ကျောင်းများတွင်သာမက ရပ်ရွာမိသားစုတွင် ကိုပါ လေ့ကျင့်ပေးသည်။

 

နိုင်ငံချစ်စိတ်တိုးပွား

မြန်မာနိုင်ငံတွင်လည်း ပိုမိုကောင်းမွန်သော အနာဂတ်ကို တည်ဆောက်နိုင်ရန်အတွက် အဆိုပါ အချက်များလည်း ပါဝင်သည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်လျက်ရှိသည်။ ဗလငါးတန် နှင့်ပြည့်စုံသော မျိုးဆက်များကို ပျိုးထောင်လျက်ရှိသည်။ ဘိုးဘေးဘီဘင်များကို တန်ဖိုးထားလေးစားခြင်းသည် နိုင်ငံကို ချစ်မြတ်နိုးခြင်းဖြစ်သည်။ ကျွန်ုပ် တို့ ဘိုးဘေးဘီဘင်များသည် စည်းလုံးညီညွတ်သော ပြည်ထောင်စုကြီးကို တည်ဆောက်ခဲ့ကြသည်။ အင်အားတောင့်တင်း ခိုင်မာသော နိုင်ငံတော်ကြီးကို ဖန်တီးခဲ့ကြသည်။ နိုင်ငံလွတ်လပ်ရေးအတွက် အသက်၊ ခန္ဓာများ ပေးဆပ်ခဲ့ကြသည်။ လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်၊ ပြည်ထောင်စုကြီး မပြိုကွဲမပျက်စီးစေရန်၊ တည်ငြိမ် အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံဖြစ်လာစေ ရန် အသက်၊ သွေး၊ ချွေး၊ ဇွဲ၊ လုံ့လ၊ အားမာန်များဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် သူရဲကောင်းများ အမြောက်အမြား ပေါ်ထွန်းခဲ့ပြီးဖြစ်သည်။ ၎င်း ပုဂ္ဂိုလ်များကို ဂုဏ်ယူလေးစားတန်ဖိုးထားလျှင် နိုင်ငံချစ်စိတ်များ တိုးပွားလာမည်ဖြစ်သည်။

 

မိမိကိုယ်ကို ဆုံးမပဲ့ပြင်မှု၊ ကိုယ်ကျင့်တရား ကောင်းမွန်မှု၊ မိမိလူမျိုး၊ မိမိရပ်ရွာ နိုင်ငံအပေါ်တွင် ချစ်ခင်တွယ်တာမှု စသည့်စိတ်ဓာတ်များ တိုးပွားလာအောင် လုပ်ဆောင်ကြရမည်ဖြစ်သည်။ မျက်မှောက်ကာလတွင် အတိတ်သမိုင်းက ကိုလိုနီနယ်ချဲ့စနစ်၏ သွေးခွဲအုပ်ချုပ်မှု စနစ်ဆိုးများကြောင့် တိုင်းရင်းသားလူမျိုးအချင်းချင်း စိတ်ဝမ်းကွဲပြား သည့် အမွေဆိုးကိုရရှိခဲ့ကြသည်။ ကိုလိုနီနယ်ချဲ့ လက်သစ်တို့၏ အိမ်ကြက်ချင်း အိုးမဲသုတ်ပေးမှု၊ သွေးခွဲမြှောက်ပင့် ထောက်ပံ့ပေးမှုများကြောင့် ပြည်သူအချင်းချင်း စိတ်ဝမ်းကွဲပြားခဲ့ရသည်။ လက်ရှိတွင် လက်နက်ကိုင် သောင်းကျန်းသူ ခေါင်းဆောင်များက ဖက်ဒရယ်အခွင့်အရေး၊ တိုင်းရင်းသားအခွင့်အရေးအမျိုးမျိုးပြပြီး လက်တွေ့ တွင် ကိုယ်ကျိုးအတ္တကို အခြေခံသည့် လိုအင်ဆန္ဒ သက်သက်နှင့် ပြည်ထောင်စုပြိုကွဲအောင် လက်နက် ကိုင်ပဋိပက္ခများ ဖန်တီးနေသည်ကို တွေ့မြင်နိုင်သည်။ မြန်မာအချင်းချင်းသွေးကွဲပြီး အသုံးချခံ၊ စတေးခံဖြစ်နေသည်ကို တွေ့မြင်နိုင်သည်။

 

ကာကွယ်စောင့်ရှောက်

မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးအပေါင်းတို့သည် အရေးကြီးသည့်အခါ သွေးနီးပြီး အရေးကြုံသည့်အခါ သွေးဆုံခဲ့ကြသည်။ ပြည်နယ်၊ ပြည်မ မခွဲခြားဘဲ တစ်သွေး တစ်သားတည်း တစ်အူထုံ့ဆင်း ဆွေမျိုးရင်းချာ စိတ်ဓာတ်ဖြစ်သော ပြည်ထောင်စုစိတ်ဓာတ်ဖြင့် လွတ်လပ်ရေးကို အရယူနိုင်ခဲ့ကြသည်။ ပြည်ထောင်စုစိတ်ဓာတ်သည် အတိတ်သမိုင်း၏ လွတ်လပ်ရေး ကြိုးပမ်းမှုတွင် အရင်းခံဖြစ်သကဲ့သို့ အနာဂတ် ဒီမို ကရေစီနိုင်ငံတော်သစ်ကို တည်ဆောက်ထိန်းသိမ်း စောင့်ရှောက်ရေးတွင်လည်း အခြေခံအုတ်မြစ်ဖြစ် သည်။ ယနေ့မျိုးဆက်များသည် အတိတ်သမိုင်း ကြောင်း၏ မြန်မာတို့၏ထွန်းပြောင်မှုကို သိရှိမှ၊ တန်ဖိုးထားမှ နိုင်ငံချစ်စိတ်၊ လူမျိုးချစ်စိတ်တိုးပွားပြီး အနာဂတ်နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နိုင်မည်၊ တည်ဆောက်နိုင်သူများ ဖြစ်လာကြမည်ဖြစ်သည်။

 

ယနေ့ကာလ ကမ္ဘာ့ရေးရာအခြေအနေများမှာ လွန်စွာနက်နဲရှုပ်ထွေးလာနေသလို မြန်မာနိုင်ငံကို လည်း ရိုက်ခတ်လျက်ရှိသဖြင့် နိုင်ငံသူ၊ နိုင်ငံသား များအားလုံး၏ စည်းလုံးညီညွတ်မှုဖြင့်သာ ကာကွယ်နိုင်မည် ဖြစ်သည်။ “နွားကွဲလျှင် ကျားဆွဲ မည်”ဟူသော စကားပုံအတိုင်း စည်းလုံးညီညွတ်မှုပျက်ပြားသည်နှင့် ရန်စွယ်အမျိုးမျိုးရောက်ရှိပြီး အန္တရာယ်ကျရောက်နိုင်သည်ကို သတိပြုရမည် ဖြစ်သည်။ တိုင်းရင်းသား လူမျိုးပေါင်းစုံ စုပေါင်းနေထိုင်ကြသော မြန်မာနိုင်ငံအတွင်း အချင်းချင်းညီညွတ်မှုမရှိဘဲ လက်နက်ကိုင်အကြမ်းဖက် တိုက်ခိုက်မှုများ၊ ရပ်ရွာပြည်သူလူထုကို အကြောက်တရား ကိန်းအောင်းစေရန် အနိုင်ကျင့်ဗိုလ်ကျမှုများ၊ တရားဥပဒေစိုးမိုးမှုနှင့် အစိုးရ၏ အုပ်ချုပ်ရေး ယန္တရားပျက်စီးအောင် အဖျက်အမှောင့်လုပ်ငန်း များလုပ်ဆောင်မှုများသည် နိုင်ငံတော်ကို အင်အား ချည့်နဲ့စေကာ နိုင်ငံလွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး ထိပါးစေနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။

 

ယုံကြည်စွာဝန်းရံ

အမိမြန်မာနိုင်ငံတော်ကြီး ကမ္ဘာတည်သရွေ့တည်တံ့ခိုင်မြဲနေစေရန်အတွက် ပြည်ထောင်စုဖွား တိုင်းရင်းသား ပြည်သူအားလုံး စည်းလုံးညီညွတ်ကြရန် အရေးကြီးပါသည်။ မျိုးဆက်များအား မိမိတို့၏ နိုင်ငံတော်ကြီးကို အသက်ပေးကာကွယ်စောင့်ရှောက်ပေးခဲ့ကြသည့် ဘိုးဘေးဘီဘင်များအား တန်ဖိုးထားလေးစားစိတ်၊ စုပေါင်းလုပ်ဆောင်တတ်သည့်စိတ်နှင့် မိမိကိုယ်ကို အားကိုးတတ်သည့် စိတ်များရှိလာအောင် ပျိုးထောင်ပေးရန်လိုအပ်သည်။ ခေတ်အဆက်ဆက် အသက်၊ သွေး၊ ချွေးများ ရင်းနှီးပေးဆပ်ခဲ့သော မြန်မာ့တပ်မတော်နှင့် မျိုးချစ်ပြည်သူများက ဦးဆောင်ဆင်နွှဲနေသော တရားသောစစ် အောင်မြင်ရေးအတွက် ပြည်သူလူထုတစ်ရပ်လုံးက ယုံကြည်စွာဖြင့် ဝန်းရံကူညီ ပေးကြရန် လိုအပ်ပါသည်။

 

မိမိတို့၏ ဘိုးဘေးဘီဘင်များ စွန့်လွှတ်စွန့်စားရယူပေးခဲ့ကြသည့် နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက် ထိန်းသိမ်းရေးသည် ပြည်ထောင်စုဖွားအားလုံးတို့၏ မွေးရာပါတာဝန်ဖြစ်သောကြောင့် နိုင်ငံသူ၊ နိုင်ငံသားအားလုံးတို့က စည်းလုံးညီညွတ်စွာဖြင့် ပြည်ထောင်စု စိတ်ဓာတ်ကို အရင်းခံကာ နိုင်ငံတော်ကို ဝိုင်းဝန်းကာကွယ်ထိန်းသိမ်း စောင့်ရှောက်ကြရန် အလေးအနက်တိုက်တွန်းအပ်ပါကြောင်း။