ပြည်ထောင်စုကြီးနှင့် တိုင်းရင်းသားညီအစ်ကိုများ စည်းလုံးခြင်းသည်အင်အား

ခင်မြတ်လေး

ဤအပင်ကိုစိုက်လျှင် ဤအပင်မှ အသီးကိုစားရမည်၊ ဤအပင်ကိုစိုက်လျှင် ဤအပင်မှ အပွင့်ကို ပန်ရမည်ဟူသောအသိဖြင့် အသီးစားလိုသူက သီးပင်စိုက်သလို အပွင့်ပန်လိုသူက ပန်းပင်စိုက်ကြသည်။ မသီးမပွင့်သော်လည်း ကြီးမားသောအရိပ်၊ အေးမြသောအရိပ်ကိုပေးသည့်အပင်ကို အရိပ်ခိုလိုသူတို့ စိုက်ကြသည်။ 

ထိုနည်းတူစွာ တိုင်းပြည်အခြေအနေ အရပ်ရပ်အတွက် အမြော်အမြင်ကြီးစွာဖြင့် ပြည်သူပြည်သားတို့ အရိပ်လည်းခိုစေ၊ အသီးလည်းစားစေ၊ အပွင့်လည်းပန်နိုင်စေရန် ပြည်ထောင်စုဖွား တိုင်းရင်းသားများအားကို စုစည်းကာ ပြည်ထောင်စုမြန်မာနိုင်ငံ တော်ဟူသည့်အပင်ကြီးကို စိုက်ခဲ့ခြင်းဖြစ်ပါသည်။

မမြတ်လေး

၉-၂-၂၀၀၆

(စာရေးဆရာမကြီး မမြတ်လေး ၂၀၀၆ ခုနှစ်တွင် ရေးခဲ့သော စာစုလေးအား မူရင်းအတိုင်း ဝေမျှဖော်ပြ လိုက်ပါသည်။)

ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကိုသနား ဆိုရိုးစကားအတိုင်း မောင်နှမလေးယောက် ဆင့်ကဲဆင့်ကဲရိုသေခြင်း၊ ညှာတာခြင်းတို့ကြောင့် ယခု အသက်အရွယ် (၇၀) ကျော်များရှိနေပြီဖြစ်ကြသည့်တိုင် တစ်အိမ်တည်းနေ တစ်ရေတည်းသောက် ကျောချင်းကပ်၊ ရင်ချင်းအပ် စည်းစည်းလုံးလုံး ချစ်ခင်စွာနေနိုင်ကြသည်မှာ မိဘများ၏ ဆုံးမ သွန်သင်ခဲ့သော ကျေးဇူးကြောင့်ဖြစ်သည်။

မိသားစုအတွင်းမှာ ချစ်ချစ်ခင်ခင် ရှိနေကြရသလို ဆွေမျိုးမိတ်သင်္ဂဟ ပတ်ဝန်းကျင်နှင့်လည်း မေတ္တာဖြင့် ချစ်ခင်စွာနေကြရန် အမြဲအသိပေးခဲ့သည်။ မိခင်ကြီး ကွယ်လွန်ခါနီးတွင် စကားတစ်ခွန်း တည်းပြောခဲ့သည်။ 

“ကျန်းမာအောင်နေပါ၊ ချစ်ချစ်ခင်ခင်နေပါ” ဟူ၍ ဖြစ်သည်။

သူတော်ကောင်းစိတ်ဓာတ်

သူတော်ကောင်းစိတ်ကိုမွေးပြီး မိမိသည် သူတော်ကောင်းစည်းဝိုင်းထဲမှ မထွက်မိစေရန် ဖခင်ကြီးနှင့် မိခင်ကြီးတို့က သားသမီးများကို လမ်းပြညွှန်ကြားခဲ့သဖြင့် မုဒိတာပွားခြင်း၊ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ နားလည်ပေးခြင်းများကို မောင်နှမတစ်တွေ နှလုံးသွင်းခဲ့ကြသည်။

“မေမေ... ဒီနေ့ဘယ်သူက ဘယ်လို” စသည်ဖြင့် ကျောင်းကပြန်လာသည့်အခါ မိခင်ကြီးကို ရင်ဖွင့်လျှင် “သမီးရယ် လူတစ်ယောက်ကို သူ့မှာ ဘာအကြောင်းအချက်ရှိနေလို့ ဒီလိုပြောတာလဲ ဆိုတဲ့ သူ့မှာရှိတဲ့အားနည်းချက်လေးကို စဉ်းစားကြည့်ပေးပြီး ခွင့်လွှတ်ပေးပါ” ဆိုသည့် မေမေ့ဆုံးမ စကားလေးကြောင့် ဘဝတွင် နေတတ်၊ ခံစားတတ်ခဲ့သည်။ 

ကင်းထောက်စိတ်ဓာတ်

တစ်လောက ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ပါမောက္ခချုပ်ကြီး၏ ဖိတ်ကြားချက်အရ ကျွန်မတို့ ကင်းထောက်မောင်နှမသုံးယောက်သည် “ကင်းထောက်နှင့် အသိအတတ်ပညာ” ခေါင်းစဉ်ဖြင့် တက္ကသိုလ်ကျောင်းသား ကျောင်းသူလေးများကို သွားရောက်ရှင်းလင်းပြောပြခဲ့ကြသည်။

ကင်းထောက်အဖွဲ့ဝင်များအတွက် ကတိသုံးချက်နှင့် ကျင့်ဝတ်ဆယ်ပါးရှိသည်။ ကင်းထောက်ဖြစ်ရန် အခြေခံသင်တန်းတက်ခြင်းနှင့် စာမေးပွဲ ဖြေဆိုခြင်းပြီးဆုံးလျှင် ကတိသုံးချက်ကို ရွတ်ဆိုပြီးမှ ကင်းထောက်အဖြစ် အသိအမှတ်ပြုတံဆိပ်ပေးအပ် ခြင်းခံရသည်။ 

ကင်းထောက်သင်္ကေတကိုပြုလုပ်ရန် လက်ယာဘက်လက်သန်း၏ လက်သည်းခွံကို လက်မဖြင့် အုပ်ကာ ကျန်လက်သုံးချောင်းကို ထောင်ထားရမည်။ လက်သုံးချောင်းသည် ကတိသုံးပါးကို သတိရစေရန် ဖြစ်သည်။ 

လက်သန်းကို ဖိထားသောလက်မသည် အားနည်း သူကို အားကောင်းသူက ကာကွယ်စောင့်ရှောက်သည့် သင်္ကေတဖြစ်သည်။ လက်မနှင့်လက်သန်းသည် ကမ္ဘာတစ်ဝန်းမှ ကင်းထောက်များ ညီညွတ်သည့်စည်းလုံးမှုကို ကိုယ်စားပြုသည်။ 

ကတိသုံးချက် ရွတ်ဆိုသည့်အခါတွင်လည်းကောင်း၊ ကင်းထောက်များအချင်းချင်း တစ်ဦးကိုတစ်ဦး အလေးပြုနှုတ်ဆက်ခြင်းများတွင်လည်းကောင်း ထိုသင်္ကေတဖြင့် တစ်ကမ္ဘာလုံးရှိ ကင်းထောက်များအားလုံး တူညီစွာလုပ်ဆောင် ကြသည်။ ကင်းထောက်ကတိသုံးပါး -

၁။    ကျွန်ုပ်သည် မိမိကိုးကွယ်သောဘာသာနှင့် တိုင်းပြည်အတွက် အကောင်းဆုံး အလုပ် လုပ်ပါမည်။

၂။    ကျွန်ုပ်သည် သူတစ်ပါးအား အချိန်မရွေး ကူညီပါမည်။

၃။    ကျွန်ုပ်သည် ကင်းထောက်ကျင့်ဝတ် ဆယ်ပါးကို အမြဲလိုက်နာထိန်းသိမ်းရန် စွမ်းအားရှိသမျှ ဆောင်ရွက်ပါမည်ဟု ကျွန်ုပ်၏ ဂုဏ်သိက္ခာကို ပဋ္ဌာနပြု၍ ကတိပြုပါသည်။

၎င်းကျင့်ဝတ်ဆယ်ပါးတွင်လည်း တစ်ပါးဖြစ်သော “ကင်းထောက်သည် အခက်အခဲကို ပြုံးရွှင်စွာ ရင်ဆိုင်သည်” ဟူသည်မှာ အများနှင့်ဆက်ဆံသည့်အခါ မိမိသဘောနှင့် မတိုက်ဆိုင်လျှင်လည်း ပြုံးရွှင်စွာ နားထောင်ပေးခြင်း၊ မိမိစိတ်ဒုက္ခရှိနေလျှင်လည်း အတတ်နိုင်ဆုံး ရွှင်ရွှင်ပြုံးပြုံးနေတတ်ခြင်းဖြင့် ညည်းတွားမြည်တွန်၍ ဒေါသကိုမပြဘဲ အခြားသောစိတ်မချမ်းသာသူများကိုလည်း ပျော်ရွှင်အောင် ဖန်တီးပေးခြင်းများသည် ကင်းထောက် ကျင့်ဝတ်တစ်ခုဖြစ်သည်။ 

တစ်နည်းဆိုသော် “ကင်းထောက်စိတ်ဓာတ်” ပင်ဖြစ်သည်။ ထို့ကြောင့် ကင်းထောက်စိတ်ဓာတ် နှင့် သူတော်ကောင်းစိတ်ဓာတ်များ မကွာခြားပါ။ 
ကင်းထောက်၏ကြွေးကြော်သံသည် “ ကောင်းမှုတစ်ခု နေ့စဉ်ပြု” ဖြစ်သည်။
ကင်းထောက်ဆောင်ပုဒ်သည် “အစဉ်အသင့်” ဖြစ်သည်။ သူတစ်ပါးအား အချိန်မရွေးကူညီရန် အဆင်သင့်ဖြစ်နေရမည်။

ပြည်ထောင်စုစိတ်ဓာတ်

ပြည်ထောင်စုစိတ်ဓာတ်ဆိုသည်မှာ မည်သည့် အဖွဲ့အစည်း၊ မည်သည့်အယူဝါဒကိုမျှ အခြေခံသည့် စိတ်ဓာတ်မဟုတ်ဘဲ တစ်မျိုးသားလုံးနှင့်သက်ဆိုင်သည့် အမျိုးသားရေးစိတ်ဓာတ်ဖြစ်သည်။ 

တစ်နည်းဆိုရသော် ပြည်ထောင်စုတိုင်းရင်းသား အားလုံးစည်းလုံးခြင်း၊ ညီညွတ်ခြင်း၊ မေတ္တာတူမျှထားခြင်းသာဖြစ်သည်။ 

ပြည်ထောင်စုတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့်လူမျိုးပေါင်း ၁၀၀ ကျော် ပါဝင်သည့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ စည်းစည်းလုံးလုံး နေထိုင်လျက်ရှိကြသည်။ 

“တစ်ယောက်အားနှင့် ယူသော်မရ၊ တစ်သောင်းအားနှင့်ယူသော်ရ၏” ဆိုသကဲ့သို့ စည်းလုံးညီညွတ်ပါက အရာရာကိုအောင်မြင်နိုင်သော သဘောကို ဆောင်ပါသည်။ 

ပြည်သူတို့ စည်းလုံးညီညွတ်မှုကြောင့် ပထမမြန်မာနိုင်ငံတော်၊ ဒုတိယမြန်မာနိုင်ငံတော်နှင့် တတိယမြန်မာနိုင်ငံတော်ဟူ၍ တည်ထောင်နိုင်ခဲ့သည်။ 
သို့သော် စည်းလုံးညီညွတ်မှု ပြိုကွဲခြင်းကြောင့်လည်း နယ်ချဲ့အင်္ဂလိပ်တို့ အနိုင်ယူစိုးမိုးအုပ်ချုပ်မှုကို ခံခဲ့ရသည်။ 

သို့သော် နိုင်ငံတော်လွတ်လပ်ရေး ပြန်လည်ရရှိခြင်းသည်လည်း တိုင်းရင်းသားတို့၏ သွေးစည်းညီညွတ်မှုကြောင့်ပင်ဖြစ်သည်။ ထို့ကြောင့် ၁၉၄၈ ခုနှစ်တွင်ရရှိခဲ့သည့် မြန်မာ့လွတ်လပ်ရေးသည် တိုင်းရင်းသားပြည်သူအပေါင်း၏ “ပြည်ထောင်စု စိတ်ဓာတ်” ကို ဖော်ညွှန်းထားခြင်းဖြစ်သည်။ 

ဤကဲ့သို့ အခက်အခဲများကို ကျော်လွှားပြီး စုစုစည်းစည်း ညီညီညွတ်ညွတ်ဖြင့် ရယူခဲ့ရသည့် ပြည်ထောင်စုလွတ်လပ်ရေးကြီး အဓွန့်ရှည်ခိုင်မြဲ စေရန်တာဝန်မှာ တိုင်းရင်းသားအားလုံး၏ တာဝန် ဖြစ်သည်။ 

ထို့ကြောင့် ဒို့တာဝန်အရေးသုံးပါးဖြစ်သော

-    ပြည်ထောင်စုမပြိုကွဲရေး၊ 

-    တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ 

-    အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဆိုသည့် အမျိုးသားရေးတာဝန်ကို လိုက်နာရန် အရေးကြီးပါသည်။ 

ယခုကဲ့သို့ လိုက်နာဆောင်ရွက်နိုင်ရန်အတွက်ကလည်း တစ်မျိုးသားလုံး စည်းလုံးညီညွတ်ခြင်း၏ အခြေခံဖြစ်သည့် “ပြည်ထောင်စုစိတ်ဓာတ်” ထာဝစဉ်ရှင်သန်ရေးသည် ပို၍လိုအပ်သည်။ 

ဥမကွဲ သိုက်မပျက် နေထိုင်ပြီး ကျောချင်းကပ်၊ ရင်ချင်းအပ် လက်တွဲမဖြုတ် တစ်စိတ်တစ်ဝမ်းတည်း ရှိကြရပါမည်။
 
ပြည်ထောင်စုတိုင်းရင်းသားတိုင်း တက်ကြွသောအားမာန်၊ နိုးကြားသောသတိများ ထာဝစဉ်ရှိနေကြမည်ဆိုလျှင် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီးအဖြစ် နိုင်ငံတကာအလယ်တွင် ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါလိမ့်မည်။ 

ထို့ကြောင့် တစ်မျိုးသားလုံး ပြည်ထောင်စု စိတ်ဓာတ်ဖြင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ ကမ္ဘာတည်သရွေ့ ချစ်ခင်စွာစည်းလုံးကြပါစေ ကြောင်း (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အတွက် ဆုတောင်းမေတ္တာပို့သလျက် .........။  ။