နေပြည်တော် ၉ ဇန်နဝါရီ
ပြည်ထောင်စုနိုင်ငံဖြစ်သော မြန်မာနိုင်ငံတော်ကြီး နှစ်ပေါင်းရှည်ကြာ အဓွန့်ရှည်တည်တံ့ ခိုင်မြဲရေးအတွက် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး သည် အထူးအရေးကြီးသည့် အချက်များဖြစ်သည်။ ယင်းအချက်များ ပျက်စီးသွားပါက ပြည်ထောင်စုနိုင်ငံတော်ကြီး ပြိုကွဲပျက်စီးသွားနိုင်သဖြင့် ဝိုင်းဝန်းထိန်းသိမ်း ကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ “နိုင်ငံတော်သီချင်း” တွင် ပါဝင်သည့် ဒို့ဘိုးဘွား အမွေစစ်မို့ ချစ်မြတ်နိုး၊ ပြည်ထောင်စုကို အသက် ပေးလို့ ဒို့ကာကွယ် ဟူသောစာသားသည် ဘိုးဘွားအမွေအစစ်ဖြစ်သည့် ပြည်ထောင်စုကြီးကို ပြည်ထောင်စုသားအားလုံးက အသက်ပေးကာကွယ် စောင့်ရှောက်ကြမည်ဟု သန္နိဋ္ဌာန်ပြုထားခြင်းဖြစ်သည်။ ထိုစိတ်ဖြင့်ပင် ပြည်ထောင်စုကြီးကို မပြိုကွဲအောင် ထိန်းသိမ်းကာကွယ်စောင့်ရှောက် ခဲ့သည်မှာ နှစ်ပေါင်းထောင်ချီရှိပြီ။ သို့သော် ရံဖန်ရံခါတွင် ပြည်ထောင်စု ကြီးကို ဖြိုဖျက်လိုသူတို့၏ အန္တရာယ်နှင့် ကြုံတွေ့ဖူးသည်။ ထိုအခါ ပြည်ထောင်စုကို အသက်ပေးကာကွယ်စောင့်ရှောက်ခဲ့သည်ကို မြင်တွေ့ရမည်ဖြစ်သည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် သမိုင်းကြောင်းတစ်လျှောက်တွင် ပြည်ထောင်စုကို ဖြိုဖျက်မည့် အန္တရာယ်များနှင့် ကြုံတွေ့ခဲ့ရသည်။ ပြည်ထောင်စုကို ချစ်မြတ်နိုးသည့် နိုင်ငံသားများက ဇွဲ၊ သတ္တိ အားမာန်များဖြင့်၊ ရှိသမျှအင်အားဖြင့် စုပေါင်းကာကွယ်ခဲ့ကြသည်။ မကြာသေးမီနှစ်များက ပြည်ထောင်စု၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် ရခိုင်ပြည်နယ်၏ ဒေသအချို့ကို ဖျက်ဆီးမည့်အန္တရာယ်များနှင့် ကြုံတွေ့ခဲ့သည်။ ပြည်ထောင်စုကို ချစ်မြတ်နိုးသည့် နိုင်ငံသားများက ကာကွယ်စောင့်ရှောက်ခဲ့ကြသည်။
ယခုတစ်ဖန် ဇန်နဝါရီလ ၄ ရက်(လွတ်လပ်ရေးနေ့)တွင် ပြည်ထောင်စုကို ဖျက်ဆီးမည့် အန္တရာယ်နှင့် ထပ်မံကြုံတွေ့ရပြန်သည်။ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ ဒေသလုံခြုံရေးတာဝန်ကို ထမ်းဆောင်နေသော ရဲကင်းစခန်း လေးခုကို AA သောင်းကျန်းသူအဖွဲ့က အင်အားအလုံးအရင်းဖြင့် တစ်ချိန်တည်း တစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ရာ မြန်မာနိုင်ငံတိုင်းရင်းသား ရဲတပ်ဖွဲ့ဝင် ၁၃ ဦးကျဆုံးပြီး ကိုးဦးဒဏ်ရာရရှိခဲ့သည်။ ရဲတပ်ဖွဲ့ဝင်များသည် အသက်ပေး၍ ခုခံကာကွယ်ခဲ့ကြသည်။ ရဲတပ်ဖွဲ့ဝင်များသည် အကူအညီမရောက်ရှိမီ ရှိသည့် လက်နက်၊ ရှိသည့်အင်အားဖြင့် ကြံ့ကြံ့ခံကာ စနစ်တကျ ခုခံ ကာကွယ်တိုက်ခိုက်ခဲ့ကြသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ် လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်နေချိန်တွင် ယခုကဲ့သို့ အကြမ်းဖက်တိုက်ခိုက်မှုလုပ်ရပ်များသည် ဒေသအခြေအနေကို ပိုမိုရှုပ်ထွေးစေပြီး ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်တို့ကို ထိခိုက် စေသည်။ ရခိုင်ပြည်နယ်အတွင်း မတည်မငြိမ်ဖြစ်အောင် ရည်ရွယ်ချက် ရှိရှိ လုပ်ဆောင်မှုများသည် ပြည်နယ်ကို ယိုယွင်းအောင် လုပ်ဆောင် ခြင်းဖြစ်သလို ပြည်ထောင်စု၏ အစိတ်အပိုင်းတစ်ခုကို ဖျက်ဆီးရာလည်း ရောက်ပေသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး လွတ်လပ်ရေးရသည့်နေ့ အခါသမယတွင် အကြမ်းဖက်တိုက်ခိုက်ခြင်းသည် ပြည်ထောင်စုကို ထိပါးခြင်းပင်ဖြစ်သည်။ ပြည်ထောင်စုကို မထိပါးအောင် နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို ရွပ်ရွပ်ချွံချွံ ထမ်းဆောင်ခဲ့သော ရဲတပ်ဖွဲ့ဝင်များသည် လေးစားဂုဏ်ပြုထိုက်သည့် နိုင်ငံတော်ကို အသက်ပေး ကာကွယ်စောင့်ရှောက်သူများဖြစ်သည်။ ဘိုးဘွားအမွေအစစ်ဖြစ်သည့် ပြည်ထောင်စုကြီး၏ မည်သည့်အစိတ်အပိုင်းမဆို မပြိုကွဲ၊ မပျက်စီးအောင် ကာကွယ်စောင့်ရှောက်ရမည်မှာ ပြည်ထောင်စုသားတိုင်း၏ တာဝန်ပင် ဖြစ်သည်။ သို့မှသာ ပြည်ထောင်စုကြီး မပြိုမကွဲ တည်တံ့ခိုင်မြဲနေ မည်ဖြစ်သည်။
သို့ဖြစ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး မပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးအတွက် နိုင်ငံတော်ကာကွယ်ရေး၊ နိုင်ငံတော် လုံခြုံရေးတာဝန်များကို ရွပ်ရွပ်ချွံချွံအသက်ပေး၍ ထမ်းဆောင်ခဲ့ကြသူများအား နိုင်ငံတော်အစိုးရကိုယ်စား၊ ပြည်သူများကိုယ်စား ဂုဏ်ပြုရမည်ဖြစ်သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး အစဉ်ထာဝရ အဓွန့်ရှည်တည်တံ့ ခိုင်မြဲရေးအတွက် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် ပြည်ထောင်စုသား အားလုံးကလည်း ကျရာကဏ္ဍမှ ပါဝင်ထမ်းဆောင်ကြရမည်ဖြစ်ပါကြောင်း။
ကြေးမုံ