“တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ မတူကွဲပြားမှုတွေ အပေါ်မှာ ညီညွတ်မှုကို တည်ဆောက်ရမယ့် နိုင်ငံအတွက်ဆိုရင် ကျွန်မတို့ဟာ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိဖို့ လိုတယ်။ တစ်ယောက်နဲ့ တစ်ယောက် လေးစားဖို့ဆိုတာ အင်မတန်မှ အရေးကြီးပါတယ်။ ကိုယ့်လူမျိုးကို ချစ်တာချစ်ပါ၊ ကိုယ့်လူမျိုးကိုချစ်လို့ တခြားလူမျိုးကို မုန်းတယ်ဆိုတာကတော့ ဒါက အင်မတန်မှ မှားပါတယ်။ မေတ္တာဆိုတာ မေတ္တာနဲ့ ပွားယူလို့ရတယ်။ မေတ္တာကို ဒေါသနဲ့ ပွားယူလို့ မရဘူး။ ဒေါသကို မေတ္တာက အောင်မြင်ပါတယ်။ မေတ္တာကိုတော့ ဒေါသက မအောင်မြင်ပါဘူး”
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဖေဖော်ဝါရီလ ၆ ရက်နေ့က ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်နှင့် မိုင်းယောင်းမြို့နယ်တို့မှ ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံစဉ် တိုင်းရင်းသားပြည်သူ အချင်းချင်း အကြားတွင် အရေးကြီးသည့် ခံယူချက်ဖြစ်သော မေတ္တာပွားများနိုင်ရေးကို အသိပေးပြောကြားခဲ့သည်။ မေတ္တာသည်သာ အောင်မြင်ခြင်းဖြစ်သည်။ ဒေါသသည် ကျရှုံးခြင်းဖြစ်သည်ကို လူမျိုးတိုင်း၏ ဘာသာတရား အသီးသီးတို့တွင်လည်း ညွှန်ပြထားသည်။
ဒေါသကို မေတ္တာဖြင့် ငြှိမ်းသတ်နိုင်ပြီး မေတ္တာကို မေတ္တာဖြင့်သာပွားများ အားထုတ်နိုင်သည်။ မေတ္တာသည် အောင်မြင်ခြင်း လက်နက်ဖြစ်ပြီး ဒေါသကို လက်ကိုင်ထားလျှင် မည်သည့်အရာမျှ အဆင်ပြေနိုင်မည် မဟုတ်ဘဲ နောက်ဆုံးတွင် ရှုံးနိမ့်ခြင်း ဖြင့်သာ အဆုံးသတ်သည့် သာဓက များစွာရှိသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ညွှန်ပြခဲ့သော မေတ္တာသည် ယနေ့ တိုင်းရင်းသားများ အကြားတွင် တန်ဖိုးမဖြတ်နိုင်သည့် အရေးကြီးသောအရာ ဖြစ်သည်။
ယနေ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော အခြေခံတိုင်းရင်းသား ပြည်သူအားလုံးအတွက် အဓိက လိုအပ်နေသောအရာမှာ စားဝတ်နေရေး အခြေခံလိုအပ်ချက်များ ဖြစ်သည်။ မည်သည့် နေရာဒေသတွင်မဆို ထိုလိုအပ်ချက်များ ရှိနေသည်ကို မြင်တွေ့ရမည် ဖြစ်သည်။ ထိုလိုအပ်ချက်များ ပြည့်မီရေးအတွက် ဦးစွာတရားဥပဒေ စိုးမိုးရေးနှင့် ငြိမ်းချမ်းရေးကို မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တရားဥပဒေစိုးမိုးပြီး ငြိမ်းချမ်းမှသာ နယ်မြေဒေသအားလုံး ဖွံ့ဖြိုးတိုးတက်ရေးကို ထိထိရောက်ရောက် လုပ်ကိုင်နိုင်ပြီး တိုင်းရင်းသား ပြည်သူလူထု အားလုံး၏ အခြေခံလိုအပ်ချက်များ ပြည့်မီ၍ အေးချမ်းစွာ ရပ်တည်နေထိုင်နိုင်ကြမည် ဖြစ်သည်။
ထိုအရေးကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် မတူကွဲပြားသည့် တိုင်းရင်းသား လူမျိုးပေါင်းစုံနှင့် ဖွဲ့စည်းထားသော ပြည်ထောင်စုနိုင်ငံတော်အဖို့ အချင်းချင်း ညီညွတ်မှုကို ဦးစွာတည်ဆောက် ယူရမည်ဖြစ်သည်။ ညီညွတ်မှုကို တည်ဆောက်ရန်အတွက် တစ်ဦးနှင့်တစ်ဦး နားလည်မှုရှိဖို့ လိုအပ်ပေသည်။ တစ်ဦးနှင့်တစ်ဦး နားလည်မှုရှိရန်အတွက် ငါ့လူမျိုး၊ သူ့လူမျိုး ခွဲခြားဆက်ဆံခြင်းမပြုဘဲ မည်သည့်လူမျိုး အပေါ်တွင်မဆို မေတ္တာတရားဖြင့် ဆက်ဆံခြင်းပြုနိုင်ပါလျှင် ငြိမ်းချမ်းခြင်း၊ သာယာခြင်းတို့ ခြုံလွှမ်းပြီး တိုင်းရင်းသားပြည်သူအားလုံး နှလုံးစိတ်ဝမ်း အေးချမ်းကြမည် ဖြစ်သည်။ ယနေ့အရေးတွင် တိုင်းရင်းသားပြည်သူလူထု အားလုံး၏ လိုလားချက်ကို ဖြည့်ဆည်းပေးနိုင်ရေးဖြစ်သည့် ဖွံ့ဖြိုးတိုးတက်မှုများကို ဆောင်ကြဉ်းရာ၌ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေးသည် လိုအပ်ချက်များ ရှိနေသည်။ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးကို အစိုးရက အလေးထား ဆောင်ရွက်ပေးနေသလို တိုင်းရင်းသား ပြည်သူများကလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ကြရမည် ဖြစ်သည်။
သို့ဖြစ်ရာ အထူးလိုအပ်နေသည့် ငြိမ်းချမ်းရေးနှင့် အလှမ်းဝေးနေသည်မှာ နှစ်ပေါင်း ၇၀ ကျော်ပင် ကြာမြင့်နေပြီး တိုင်းရင်းသား ပြည်သူများ မျှော်မှန်းသည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုပန်းတိုင်သို့ ရောက်ရှိရေးအတွက် အချင်းချင်းနားလည်မှု၊ လေးစားမှု၊ ညီညွတ်မှုတို့ကို ဆောင်ကြဉ်းကာ တစ်ဦးအပေါ်တစ်ဦး မေတ္တာထားနိုင်ကြရန် လိုအပ်ပါကြောင်း။ ။