ပြည်ထောင်စုသည် ရုပ်သဘော ဖွဲ့စည်းတည်ဆောက်ထားသော အစု အဝေးကြီးဖြစ်သည်။ ပြည်ထောင်စုနိုင်ငံတွင် တည်ဆောက်ထားသည့် လမ်းများ၊ တံတားများ၊ ရေ၊ မီး စသည့် အခြေခံအဆောက်အအုံများသည် ပြည်ထောင်စုဖွားတိုင်းရင်းသားများ ရပ်တည်ရှင်သန်ရေးအတွက် အထောက်အပံ့ကောင်းများဖြစ်သည်။ ပြည်ထောင်စုနှင့် ပြည်ထောင်စုသား များ ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီ အပြန်အလှန်အမှီသဟဲပြုမှ ပြည်ထောင်စု ကြီး ဖွံ့ဖြိုးတိုးတက်၍ အဓွန့်ရှည် တည်တံ့ခိုင်မြဲမည်ဖြစ်သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဖေဖော်ဝါရီလ ၆ ရက်နေ့က သံလွင်မြစ်ကူးတံတား(တာဆန်း) တည်ဆောက် ရေးစီမံကိန်း ပန္နက်တော်တင်နှင့် တွင်းတော်ဝန်း မင်္ဂလာအခမ်းအနား တွင် ''နိုင်ငံကြီး တည်တံ့ခိုင်မြဲဖို့၊ အေးချမ်းသာယာဖို့ဆိုရင် အစဉ်အမြဲ ဆက်လက်ပြီးတော့ ငြိမ်းချမ်းရေး၊ အေးချမ်းရေး၊ တည်ငြိမ်ရေးကို ထိန်းသိမ်း သွားရမှာပါ၊ ဘယ်ပဲရောက်ရောက် ပြည်ထောင်စုစိတ်ဓာတ်ကို မွေးဖို့ အားပေးပါတယ်။ ပြည်ထောင်စုစိတ်ဓာတ်မွေးတယ်ဆိုတာ ပြည်ထောင်စု ကို ဆက်လက်ပြီးတော့ ထိန်းသိမ်းသွားဖို့၊ တစ်နေ့ထက်တစ်နေ့ ခိုင်မြဲ အောင်လို့ ပျက်စီးယိုယွင်းလာတာတွေရှိရင် အသစ်ပြုပြင်ဖို့ ဒီဟာတွေ လုပ်ဖို့ တစ်ဦးချင်း၊ တစ်ဦးချင်းမှာ တာဝန်ရှိပါတယ်''ဟု ပြောကြားခဲ့သည်။
ပြည်ထောင်စုကြီးကို ရုပ်ဝတ္ထုပစ္စည်းများဖြင့် ဖွဲ့စည်းတည်ဆောက် ထားသည်ဖြစ်၍ အချိန်ကြာလာသည်နှင့်အမျှ ပျက်စီးယိုယွင်းခြင်းတို့ ဖြစ်ပေါ်လာမည်မှာ ဓမ္မတာဖြစ်သည်။ တည်ဆောက်ထားသည့် ရုပ်ဝတ္ထု ပစ္စည်းများ ပျက်စီးယိုယွင်းလျှင် ပြည်ထောင်စုကြီးအတွင်း မှီတင်းနေထိုင် ကြသော တိုင်းရင်းသားပြည်သူများ အခက်အခဲများနှင့် ကြုံတွေ့ကြရမည် ဖြစ်သည်။ ထို့ကြောင့် ပြည်ထောင်စုကြီး ပျက်စီးယိုယွင်းခြင်းမဖြစ်အောင် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြရမည်ဖြစ်သည်။
သာဓကအားဖြင့် ရှမ်းပြည်နယ်အတွင်း ဖြတ်သန်းစီးဆင်းနေသော သံလွင်မြစ်ကြီးကို အကြောင်းပြု၍ ဆက်သွယ်သွားလာမှုများ၊ အသက် မွေးဝမ်းကျောင်းပြုမှုများ၊ စိုက်ပျိုးရေနှင့် လျှပ်စစ်ဓာတ်အားများ စသည့် အကျိုးပြုအရာများ တည်ရှိနေသည်။ သံလွင်မြစ်ကြီးတစ်လျှောက်တွင် တံတားကြီး ကိုးစင်းရှိပြီး ရှမ်းပြည်နယ်တွင် တံတားကြီး ငါးစင်းရှိသည်။ ထိုတံတားကြီး ငါးစင်းတွင် ကွမ်းလုံတံတားနှင့် တာကောတံတားသည် သက်တမ်း နှစ် ၅ဝ ဝန်းကျင်ရှိနေပြီဖြစ်၍ အိုမင်းယိုယွင်းနေပြီ။ ထို့ကြောင့် တံတားကြီးများ ယိုယွင်းပြိုဆင်းခြင်းမဖြစ်အောင် သက်ဆိုင်ရာဌာန သာမက ပြည်သူများကလည်း ဝိုင်းဝန်းကူညီ ပါဝင်ဆောင်ရွက်ဖို့လိုသည်။
ယခုတစ်ဖန် တိုင်းရင်းသားပြည်သူများ အကျိုးစီးပွားအတွက် သံလွင် မြစ်ပေါ်တွင် သံလွင်မြစ်ကူးတံတား(တာဆန်း)ကို အသစ်တည်ဆောက်ရန် စီစဉ်နေသည်။ ထိုတံတားတစ်စင်း တည်ဆောက်နိုင်လျှင် ရှမ်းပြည်နယ် တောင်ပိုင်းနှင့် အရှေ့ပိုင်းအကြား လမ်းပန်းဆက်သွယ်ရေးအဆင်ပြေမည်။ ထိုတံတားလမ်းပေါ်မှ နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ် လမ်းပိုင်းခရီးပေါက် ကာ နယ်စပ်တာချီလိတ်မြို့အထိ ဆက်သွယ်ကူးသန်း ရောင်းဝယ်ဖောက် ကားနိုင်မည်။ ထိုသို့သော အခြေခံအဆောက်အအုံများကို နိုင်ငံတော်က တိုင်းရင်းသားပြည်သူများ အကျိုးစီးပွားအတွက် တည်ဆောက်ပေးသည်။
ရှေးရှေးမဖွံ့ဖြိုးသေးသော ကာလများက လမ်းများ၊ တံတားများကို တိုင်းရင်းသားပြည်သူများ၏ စုပေါင်းအင်အားဖြင့် တည်ဆောက်ကြရ သည်။ မိမိတို့ဘဝအတွက် မိမိတို့ကိုယ်တိုင် ဖန်တီးကြရသည်။ ဖွံ့ဖြိုးသော ကာလတွင် အစိုးရက တည်ဆောက်ပေးသည်ဆိုသော်လည်း မိမိတို့ ပြည်ထောင်စု၊ မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်မှု ရေရှည်တည်တံ့ခိုင်မြဲရေး အတွက် တိုင်းရင်းသားပြည်သူများလည်း ပူးပေါင်းပါဝင် ထိန်းသိမ်း စောင့်ရှောက်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ ထိုသို့သော အခြေခံအဆောက်အအုံများကို ထိန်းသိမ်း စောင့်ရှောက်သကဲ့သို့ ပြည်ထောင်စုကြီး ရေရှည်တည်တံ့ခိုင်မြဲပြီး ရှင်သန် ဖွံ့ဖြိုးတိုးတက်ရန်အတွက် တိုင်းရင်းသားပြည်သူအားလုံးက ပြည်ထောင်စု စိတ်ဓာတ်ဖြင့် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်ပါကြောင်း။ ။
ကြေးမုံ