နေပြည်တော် မတ် ၁၃

ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီ(၁/၂၀၂၄) အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂၆) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ကြပြီး  နေပြည်တော်ကောင်စီ  ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌတို့က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီးက ဒုတိယအကြိမ်  အစည်းအဝေးတွင် ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက် ၁၀ ချက်ကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး/ ပြည်နယ်များက ဆက်လက်ဆောင်ရွက်လျက် ရှိပါကြောင်း၊ အဓိကစားသောက်ကုန်ဖြစ်သည့် ဆန်၊ စားသုံးဆီဈေးနှုန်းများ တည်ငြိမ်ရေး၊ ၂၀၂၃-၂၀၂၄ မိုးစပါး စိုက်ပျိုးမှုမှ စပါးထွက်ရှိ သည့်အချိန် ဖြစ်သော်လည်း ဆန်ဈေးနှုန်းနှင့် စပါးဈေးနှုန်းများ မြင့်တက်လာမှု အခြေအနေအပေါ် မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ် (MRF) တင်ပြထားသည့် အကြံပြုချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးဆောင်ရွက်ခဲ့ပါကြောင်း။

ဗဟိုစာရင်းအင်းအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့က မြို့ကြီး ၂၂ မြို့တွင် ဖြစ်ပေါ်နေ သည့် အဓိကကျသော စားသောက်ကုန်ပစ္စည်း ၁၄ မျိုးတို့၏ ဈေးနှုန်းစာရင်းများကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လမှစ၍ ကောက်ယူပြီး သုံးသပ်ချက်များ၊ ဈေးကွက်သတင်းများနှင့်အတူ နေ့စဉ်တင်ပြ လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးပြည်နယ်ကုန်ဈေးနှုန်းကော်မတီများက ၂ ပတ်လျှင် ၁ ကြိမ် ပြည်ထောင်စုကော်မတီသို့ တင်ပြလျက်ရှိသည့် ဈေးနှုန်းစာရင်းများအရ အချို့သော တိုင်းဒေသကြီး /ပြည်နယ်များတွင် ဆန်ဈေးနှုန်းအနည်းငယ် မြင့်တက်လျက်ရှိသည်ကို တွေ့ရပါကြောင်း၊ လက်ရှိအချိန်တွင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်အချို့တွင် ဆန်နှင့်စားအုန်းဆီအပါအဝင် အခြေခံစားသောက်ကုန်ပစ္စည်းများကို ဝန်ကြီးဌာနရုံးများ၊ ဝန်ထမ်း အိမ်ရာများနှင့် တက္ကသိုလ်သိပ္ပံကျောင်းများသို့ ဈေးကားများဖြင့် အလှည့်ကျ ရောင်းချပေးခြင်း၊ စိုက်ပျိုးထုတ်လုပ်သူများက သက်သာသော ဈေးနှုန်းဖြင့်တိုက်ရိုက် ရောင်းချခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း။

စားသုံးဆီနှင့်စပ်လျဉ်း၍ စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းများ သတ်မှတ် ရောင်းချခြင်း၊ တိုင်းဒေသကြီး/ပြည်နယ်များသို့ စားသုံးဆီများဖြန့်ဖြူးရာတွင် စားသုံးဆီဖြန့်ဖြူး ခြင်းလုပ်ငန်းစဉ် (SOP) နှင့်အညီ စနစ်တကျ ဆောင်ရွက်ရေး၊ လက်လီ/လက်ကား ဖြန့်ဖြူးရာ တွင်သတ်မှတ်ခွဲတမ်းအတိုင်း ရောက်ရှိစေရေးနှင့် တာဝန်ရှိသူများ ကိုယ်တိုင်ပါဝင် ပတ်သက်မှုမျိုး မဖြစ်စေရေး၊ ရည်ညွှန်းဈေးအတိုင်း ရောင်းချရေးတို့အတွက် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ် ရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန် ရှင်များအသင်းနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊    ထို့အပြင်အရေး ပါသည့်ကုန်ပစ္စည်း များ၏ ဈေးနှုန်းတည်ငြိမ် ရေးနှင့်စပ်လျဉ်း၍ ပြည်သူများအတွက် လိုအပ်သည့်ဆေးဝါးနှင့် ဆေးအထောက်အ ကူပြုပစ္စည်းများ တင်သွင်းမှုကိုလည်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက ဦးစားပေးခွင့်ပြုပေး လျက်ရှိကြောင်း၊ ပြည်ထောင်စု ကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီ၏ လုပ်ငန်းတာဝန်များကို အောင်မြင် အောင်ဆောင်ရွက်သွားရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ် ဝန်ကြီးချုပ်များ ဦးဆောင်သည့် ကော်မတီများနှင့် သက်ဆိုင်ရာဝန်ကြီး ဌာနများ၊ ပုဂ္ဂလိကအသင်းအဖွဲ့အားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌက ၂/၂၀၂၃ အစည်းအဝေးဆုံးဖြတ်ချက်အပေါ် ဆောင်ရွက်ပြီးစီးမှု၊ တိုင်းဒေသ ကြီး ပြည်နယ်များ သို့ အရန်ဆန်များဖြန့်ဖြူးရောင်းချမည့် အစီအစဉ်များ၊ စားသုံးဆီဖြန့်ဖြူး ခြင်းလုပ်ငန်းများ စနစ်တကျရှိစေရေး ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ ကုန်ဈေးနှုန်းတည် ငြိမ်ရေးအတွက် ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဝန်ကြီးချုပ်များက မိမိတို့ဒေသအလိုက် စားသောက်ကုန်ပစ္စည်း ထုတ်လုပ်မှု တိုးတက်ရေးနှင့် ကုန်ဈေးနှုန်း တည်ငြိမ်စေရေး ဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ ဥက္ကဋ္ဌကသက်ဆိုင်ရာ ကဏ္ဍနှင့် ဒေသအလိုက် ကုန်ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် လိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်