နေပြည်တော် စက်တင်ဘာ ၁၁

ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ (၃/၂၀၂၄) အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃၂) အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဝန်ကြီးချုပ် များ၊ စီးပွားရေးရာဝန်ကြီးများ၊ စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူးများက ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယ  ဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ဆန်ဈေးနှုန်းနှင့်စပ်လျဉ်း၍ သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ပြည်သူများ လွယ်ကူစွာ ဝယ်ယူစားသုံးနိုင်ရန် ဆန်ဈေးကွက်ဈေးနှုန်းကို လစဉ်ထုတ်ပြန်ပေးလျက်ရှိကြောင်း၊ ဆန်စက်များ ပုံမှန်လည်ပတ်ရေး၊ ဆန်ဆိုင်များ ပုံမှန်ဖွင့်လှစ်ရောင်းချရေးအတွက် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများ ပူးပေါင်း၍ ကြပ်မတ်ဆောင်ရွက်ခဲ့ပါကြောင်း။

စားသုံးဆီနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် စားအုန်းဆီခွဲတမ်းတိုးမြှင့် ရရှိရေး ဆောင်ရွက်ပေးခဲ့ကြောင်း၊ စားအုန်းဆီများ စားသုံးသူလက်ဝယ်သို့ ဈေးနှုန်း၊ အလေးချိန် မှန်ကန်စွာရောင်းချစေရန် သက်ဆိုင်ရာဌာနအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း။ 

ဆေးနှင့် ဆေးပစ္စည်းနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ဆေးဝါး      ပြတ်လပ်မှုနှင့် ဈေးနှုန်းမြင့်တက်မှုများ မဖြစ်ပေါ်စေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း။

စက်သုံးဆီနှင့်စပ်လျဉ်း၍ ကုန်ထုတ်လုပ်မှုနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍများအတွက် မရှိမဖြစ်လိုအပ်သည့် စက်သုံးဆီပြတ်လပ်မှုမရှိစေရန် နိုင်ငံတော်အနေဖြင့် ဦးစားပေးဆောင်ရွက် လျက်ရှိကြောင်း၊ ထို့အပြင် စက်သုံးဆီဝယ်ယူရန် လိုအပ်သော နိုင်ငံခြားငွေရရှိရေးအတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊

ဒေသအချို့တွင် စပါးခင်းများ ရေကြီးနစ်မြုပ်မှုများကြောင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် အတွင်း မြန်မာ့အာမခံလုပ်ငန်းတွင် ထားရှိသည့် ရာသီဥတုညွှန်းကိန်းအခြေပြု သီးနှံအာမခံအတွက် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် စုစုပေါင်းလျော်ကြေးငွေအနေဖြင့် ၁၂ ဒသမ ၂၆၅ ဘီလီယံ ခန့်ပေးလျော် သွားမည်ဖြစ်ကြောင်း၊ လယ်သမားများအနေဖြင့် ဆုံးရှုံးမှုမရှိစေရန် ရာသီဥတုညွှန်း ကိန်းအခြေပြု သီးနှံအာမခံထားရှိရေး၊ ဆုံးရှုံးမှုများဖြစ်ပေါ်ပါက အာမခံလျော်ကြေး ပေးအပ်မှု အခြေအနေများ ကိုလည်း ပြည်သူများသိရှိရေး အသိပညာပေးမှုများ ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စပါးအထွက်နှုန်းမကျဆင်းစေရန် ပြန်လည်စိုက် ပျိုးနိုင်မည့် မျိုး စပါး၊ မြေဩဇာနှင့် စိုက်ပျိုးရေးဆေးများ အချိန်မီရရှိရေးအတွက် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် အပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူများအားလုံးမှ ပူးပေါင်းဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း။ 

ယနေ့အစည်းအဝေးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် အဓိက စားသောက်ကုန်ဖြစ်သည့် ဆန်၊ စားသုံးဆီအပါအဝင် အခြေခံစားသောက်ကုန်များ၊ ဆေးနှင့် ဆေးပစ္စည်းများ၊ စက်သုံးဆီစသည့် အရေးကြီးကုန်စည်များ ပြတ်လပ်မှုမရှိစေရေး၊ ကုန်ဈေးနှုန်း တည်ငြိမ်ရေးနှင့် စပ်လျဉ်း၍ နေ့စဉ်ကြပ်မတ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ တွေ့ကြုံ သည့် အခက်အခဲ၊ ဆောင်ရွက်သင့်သည့်ကိစ္စရပ်များအား ဆွေးနွေးတင်ပြပေးရန် တိုက်တွန်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆန်၊ စားအုန်းဆီ၊ ဆေးနှင့် ဆေးဝါးပစ္စည်းများအပါအဝင် အခြေခံစားသောက်ကုန်များ ဈေးနှုန်းတည်ငြိမ်ရေး ဆောင်ရွက်မှု နှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးတင်ပြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဝန်ကြီးချုပ်များ၊ ကော်မတီအဖွဲ့ဝင်များက ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ အဓိကကုန်စည် ဈေးနှုန်းများအပေါ် သုံးသပ်ချက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စိုက်ပျိုးမွေးမြူထုတ်လုပ်မှု၊ စားသုံးမှုနှင့် စားနပ်ရိက္ခာဖူလုံမှု အခြေအနေနှင့်  အခြေခံစားသောက်ကုန်ဈေးနှုန်းများ တည်ငြိမ်စေရေး ဆောင်ရွက်ချက်များကို ဆွေးနွေးတင်ပြကြသည်။ 

ထို့နောက် ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ ဥက္ကဋ္ဌက ဆွေးနွေးတင်ပြ ချက်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍနှင့် ဒေသအလိုက် ကုန်ဈေးနှုန်းတည်ငြိမ်စေရေး ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် လိုအပ်ချက်များအား ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်