ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်သည် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂမှ Dr. Johann Hesse နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် (D-ဆောင်)၊ ပထမထပ် အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် လွှတ်တော်၏ ကြီးကြပ်စိစစ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို စွမ်းဆောင်ရည် ပြည့်ဝစွာနှင့် ပိုမိုထိရောက်အောင်မြင်စွာ လုပ်ဆောင်သွားနိုင်ရေး (Parliamentary Oversight for Better Service Delivery) အတွက် EU အထောက်အပံ့ဖြင့် International IDEA မှ ပံ့ပိုးကူညီပေးမည့် ကိစ္စရပ်များနှင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီဒုတိယ ဥက္ကဋ္ဌများဖြစ်သော ဦးအောင်မင်းနှင့် ဦးစောသန်းထွဋ်၊ ပူးပေါင်းကော်မတီဝင်များ၊ ပူးပေါင်းကော်မတီ၏ အကြံပေးများ၊ International IDEA မှ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Mr. Mark Macdowell နှင့် JPAC Support Team အဖွဲ့ဝင်များနှင့် ပြည်ထောင်စုလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)