နေပြည်တော်  ၂၆   ဇွန် 

 

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် ယနေ့ ညနေ ၃ နာရီ ၃၅ မိနစ်၌ Video Conferencing စနစ်ဖြင့် ကျင်းပသည့် အာဆီယံ နိုင်ငံခေါင်းဆောင်များနှင့် လွှတ်တော်ဥက္ကဋ္ဌများ မျက်နှာစုံညီတွေ့ဆုံပွဲ (ASEAN-AIPA Leaders’ Interface) သို့ အာဆီယံ နိုင်ငံခေါင်းဆောင်များ၊ AIPA အဖွဲ့ဝင်လွှတ်တော် ဥက္ကဋ္ဌများနှင့်အတူ ပါဝင်တက်ရောက်ခဲ့သည်။ 

 

အစည်းအဝေးတွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ငုယင်စွမ်းဖု က အဖွင့်မိန့်ခွန်း ပြောကြားရာတွင် COVID-19 ကပ်ရောဂါ ကာကွယ်ရေးအတွက် အာဆီယံဒေသတွင်း ပိုမိုပူးပေါင်းဆောင်ရွက်ကြရန် လိုကြောင်းနှင့် ဒေသတွင်းရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးမြှင့် ဆောင်ရွက်ကြရန် အလေးထား ပြောကြားသည်။ 

 

ဆက်လက်၍ အာဆီယံ ပါလီမန်များ ညီလာခံ (ASEAN Inter-Parliamentary Assembly - AIPA) အလှည့်ကျ ဥက္ကဋ္ဌ ဗီယက်နမ်အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက မိန့်ခွန်းပြောကြားရာ (၃၆) ကြိမ်မြောက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်သည့် ဗီယက်နမ်ဝန်ကြီးချုပ် မစ္စတာ ငုယင်စွမ်းဖု အား ဂုဏ်ပြုပါကြောင်း၊ အာဆီယံနိုင်ငံများတွင် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် သက်ရောက်မှုများအပေါ် များစွာစိုးရိမ်ပါကြောင်း၊ အာဆီယံအနေဖြင့် လူမှုစီးပွား လုပ်ငန်းများကို ပြန်လည်ထိန်းညှိနိုင်ပြီး ကမ္ဘာ့ကပ်ရောဂါကို ကျော်လွှားနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ AIPA အဖွဲ့ဝင် လွှတ်တော်ခေါင်းဆောင်များအနေဖြင့် အာဆီယံ ၂၀၂၀ ၏ ဆောင်ပုဒ်ဖြစ်သည့် “Cohesive and Responsive ASEAN Community” ကို အသိအမှတ် ပြုပါကြောင်းနှင့် နယ်ပယ် ကဏ္ဍစုံတွင် ပိုမိုအားကောင်းသည့် ပူးပေါင်းဆောင်ရွက်မှုများကို တိုက်တွန်းပါကြောင်း ပြောကြားသည်။ 

 

ထို့နောက် အာဆီယံနိုင်ငံ ခေါင်းဆောင်များ၊ AIPA အဖွဲ့ဝင်လွှတ်တော်ဥက္ကဋ္ဌများက အာဆီယံ၏ ၂၀၂၅ ရည်မှန်းချက်များ အောင်မြင်စေရေးအတွက် ASEAN-AIPA ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ များကို ဆွေးနွေးတင်ပြကြသည်။

 

ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က အာဆီယံ ထိပ်သီးအစည်းအဝေး၏ ဆောင်ပုဒ်ကို ထောက်ခံပါကြောင်းနှင့် ယင်းသည် လတ်တလောဖြစ်ပေါ်နေသော အာဆီယံ၏ အခြေအနေများကို ထင်ဟပ်လျက်ရှိပါကြောင်း၊ အာဆီယံ၏ စည်းလုံးညီညွတ်မှုသည် အရေးကြီးကြောင်းနှင့် ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် ယခုကျင်းပသည့် (၃၆) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် မကြာမီကျင်းပမည့် (၄၁) ကြိမ်မြောက် AIPA အထွေထွေ ညီလာခံအောင်မြင်စေရန် ဆန္ဒပြုပါကြောင်းပြောကြားသည်။ ထို့နောက် ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်က နိဂုံးချုပ် မိန့်ခွန်းပြောကြားသည်။

 

ယနေ့ အစည်းအဝေးတွင် တက်ရောက်ကြသူများက စုစည်းညီညွတ်စွာဖြင့် ဆွေးနွေးတိုင်ပင် ခွင့်ရသည့်အပြင် ဆွေးနွေးပြောကြားချက်များသည် အားတက်ဖွယ်ကောင်းပြီး အနာဂတ်တွင် ဆက်လက် ဆောင်ရွက်ရမည့် ကိစ္စရပ်များအတွက် ပူးပေါင်းဆောင်ရွက်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့်အတူ ပြည်ထောင်စုလွှတ်တော်၊ အာဆီယံပါလီမန်များ ညီလာခံ (AIPA) ဆိုင်ရာ ပူးပေါင်းကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်းနှင့် ပြည်ထောင်စုလွှတ်တော်ရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးတို့ ပါဝင်တက်ရောက် ခဲ့ကြသည်။

 

(သတင်းစဉ်)