နေပြည်တော် ၂၀ ဩဂုတ်
ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် သည် ထိုင်းနိုင်ငံ အောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ(၁) Mr.Suchart Tonjaroen နှင့်အဖွဲ့အား ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက် အဦ၊ သဘင်ဆောင် ဧည့်ခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ-ထိုင်းနှစ်နိုင်ငံအကြားအစိုးရအချင်းချင်း၊ လွှတ်တော်အချင်းချင်း၊ ပြည်သူအချင်းချင်းချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေး၊ ရင်းနှီးမြှုပ်နှံ မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွင်း သဘာဝဘေးကျရောက်လျက်ရှိသည့် ဒေသများနှင့် မြန်မာအလုပ်သမား များအား ကူညီပေးရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်း၊ အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်း၊ ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ အတွင်းရေးမှူး ဦးဘိုဘိုဦးနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက၊ ပြည်သူ့လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်နှင့် ထိုင်းနိုင်ငံအောက်လွှတ်တော်ဒုတိယဥက္ကဋ္ဌ(၁) Mr.Suchart Tonjaroen တို့သည် အဖွဲ့ဝင်များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် ထိုင်းနိုင်ငံ အောက်လွှတ်တော်ဒုတိယဥက္ကဋ္ဌ(၁) နှင့်အဖွဲ့သည် ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက်ပုံမှန်အစည်းအဝေး၏ (၁၂)ရက်မြောက်နေ့ အစည်း အဝေးကျင်းပနေမှုကို ဧည့်သည်တော်အဖြစ် တက်ရောက်လေ့လာကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက၊ ပြည်သူ့ လွှတ်တော် ဒုတိယ ဥက္ကဋ္ဌသည် ဧည့်သည်တော် ထိုင်းနိုင်ငံ အောက်လွှတ်တော်ဒုတိယဥက္ကဋ္ဌ (၁) နှင့်အဖွဲ့ဝင်များ အား နေပြည်တော်ရှိ Aureum Palace Hotel ၌ ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်သည်။
(သတင်းစဉ်)


