ပြည်ထောင်စုနေ့ အပါအဝင် ရုံးပိတ်ရက် သုံးရက် ဘယ်မှာ အပန်းဖြေအနားယူကြမလဲ

ရန်ကုန် ၈ ဖေဖော်ဝါရီ

 

ယခုလာမည့် ဖေဖော်ဝါရီ ၁၀၊ ၁၁၊ ၁၂ ရက်သည် စနေ၊ တနင်္ဂနွေနေ့အပြင် ပြည်ထောင်စုနေ့နှင့်ပါ တိုက်ဆိုင်နေ၍ အများပြည်သူတို့အတွက် ရုံးပိတ်ရက် သုံးရက် တစ်ဆက်တည်းဖြစ်သွားခဲ့သည်။

 

 

 

ယှဉ်ပြိုင်မှုများနှင့် တည်ဆောက်ထားသည့် ယနေ့ကမ္ဘာတွင် အဆိုပါ အများပြည်သူ ရုံးပိတ်ရက်သုံးရက်မှာ နိုင်ငံ့ဝန်ထမ်းများနှင့် ကုမ္ပဏီဝန်ထမ်းများအဖို့ ကိုယ့်အတွက် သာမက မိသားစုဘဝအတွက်ပါ တန်ဖိုးကြီးမားကြပါလိမ့်မည်။

 

 

 

အချို့ကလည်း ရပ်ဝေးနယ်ဘုရားဖူးခရီးစဉ်များ၊ အနားယူ အပန်းဖြေခရီးစဉ်များ သွားရောက်ကြရန် စီစဉ်နေကြသည်။ အချို့ကလည်း တရားစခန်းရက်တိုဝင်၍ ဘာဝနာအမှုကိုပြုကြမည်။ အချို့မူကား မိမိအိမ်ဂေဟာအတွင်း၌သာ မိသားစုနှင့်အတူ အနားယူအပန်းဖြေကြမည်။

 

 

 

မည်သို့ဆိုစေ ရန်ကုန်မြို့သည် ပြည်တွင်း ပြည်ပ ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းများ အများအပြား အခြေစိုက်ရာ စီးပွားရေးမြို့တော်ဖြစ်သည့် အားလျော်စွာ လေးဆူဓာတ်ပုံရွှေတိဂုံ စေတီတော်မြတ်ကြီး၊ ပြည်သူ့ရင်ပြင်၊ ကန်တော်ကြီး သဘာဝဥယျာဉ်၊ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၊ သာကေတမြို့နယ်ရှိ တိုင်းရင်းသား ကျေးရွာများအပါအဝင် မဟာရန်ကုန်၏ အထင်ကရ နေရာများသည်လည်း နိုင်ငံ့ ဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများ၊ မိသားစုများ၏ အနားယူအပန်းဖြေမှုများနှင့်အတူ စည်ကားသက်ဝင်လာမည်ဖြစ်သည်။

 

 

 

သို့နှင့် မြန်မာ့သတင်းစဉ်က အများပြည်သူရုံးပိတ်ရက် သုံးရက်တာကာလအတွင်း လူမှုဘဝ စတိုင်အလိုက် ကိုယ်စီ ကိုယ်င အနားယူအပန်းဖြေကြမည့် ပြည်သူအချို့၏ စကားသံများကို ကောက်နုတ်ဖော်ပြလိုက်ရပါသည်။

 

 

 

ဦးမော်နိုင်ထွန်း

ဦးစီးအရာရှိ

ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန

ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး

 

ဝန်ထမ်းဘဝဆိုတာ များသောအားဖြင့် ရုံးပိတ်ရက်တွေမှာ မိသားစုနဲ့အတူ အိမ်မှာ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းကြရတာ များပါတယ်။ တချို့တွေကတော့ မိသားစုနဲ့ ဘုရားဖူးသွား တာမျိုးရှိသလို မြို့တွင်း လည်ပတ်ကြတာမျိုးလည်း ရှိပါတယ်။ ကျွန်တော်တို့မိသားစု အနေနဲ့ကတော့ ပိတ်ရက်မှာ မြို့တွင်းဘုရားဖူးသွားတာ များပါတယ်။ အဲဒီလိုနေ့တွေမှာ အလှူအတန်းတွေလည်း လုပ်ဖြစ်ပါတယ်။ ဒီတစ်ခါ ရုံးပိတ်ရက်မှာတော့ မိသားစုနဲ့အတူ မြို့တွင်းဘုရားဖူးသွားမယ်။ ပြည်ထောင်စုနေ့မှာတော့ မဟာဗန္ဓုလပန်းခြံ မှာလုပ်မယ့် ပြည်ထောင်စုနေ့ အခမ်းအနားကိုသွားကြည့်မယ်။ အဲဒီကနေပြန်ရင် ကိုယ်ဖတ်ချင်တဲ့ စာအုပ်တွေသွားဝယ်မယ်လို့ စိတ်ကူးထားပါတယ်။ အခုလိုရုံးပိတ်ရက်မှာ မိသားစုအတွက် ပျော်ရွှင် မှုတွေလုပ်ပေးမယ်။ ကိုယ့်အတွက်လည်း ဗဟုသုတ ရှာမှီးတဲ့အနေနဲ့ စာဖတ်မယ်။ ကုသိုလ်ရတဲ့အလုပ်တွေကိုလည်း လုပ်သွားမယ်လို့စိတ် ကူးထားပါတယ်။

 

 

 

ဒေါ်ရည်ရည်မွန်

ရုပ်သံကျွမ်း ကျင်-၃

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မရမ်းကုန်းမြို့နယ်

 

ဒီတစ်ပတ်မှာ ပြည်ထောင်စုနေ့ အပါအဝင် ရုံးသုံးရက်ပိတ်ပါတယ်။ ရုံးပိတ်ရက် နှစ်ရက်မှာ မိသားစုနဲ့ အတူအိမ်မှာပဲ မုန့်တစ်ခုခုလုပ်စားပြီး ပျော်ပျော်ရွှင်ရွှင်နေမယ်။

 

ပြည်ထောင်စုနေ့ ပိတ်ရက်မှာတော့ ဌာနအနေနဲ့ သဝဏ်လွှာဖတ်ပွဲတက်မယ်။ ပြည်သူတွေအတွက် ပြည်ထောင်စုနေ့နဲ့ ပတ်သက်တဲ့အသိပညာပေး လက်ကမ်းစာ စောင်တွေ ဝေငှသွားမယ်။

 

အရင်တုန်းက ရုံးပိတ်ရက်တွေမှာ မိသားစုနဲ့အတူ အိမ်မှာပဲနေတာများပါတယ်။ အခုလာမယ့်ရုံး ပိတ်ရက်မှာတော့ ကုသိုလ်ကောင်းမှု အလုပ်တွေလုပ်ဖို့ စိတ်ကူးထားပါတယ်။ ဒါ့အပြင် ပြည်သူတွေ ဗဟုသုတရှိအောင် လက်ကမ်းစာစောင်တွေ ဝေပေးသွားမှာ ဖြစ်တဲ့အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေပါတယ်။ ကိုယ့်ရဲ့ကိုယ်ပိုင်ရုံးပိတ်ရက်မှာ ပြည်သူတွေ ဗဟုသုတရှိအောင် လုပ်ဆောင်ခွင့် ရှိတဲ့အတွက်လည်း ဝန်ထမ်းတစ်ယောက်အနေနဲ့ ဝမ်းသာဂုဏ်ယူမိပါတယ်။ မတ်လရုံးပိတ်ရက်မှာတော့ မိသားစုနဲ့အတူ ဘုရားဖူးခရီးထွက်ဖို့ စိတ်ကူးထားပါတယ်။

 

 

 

ဆရာဦးကျော်မင်း( အငြိမ်းစား ပညာရေးဝန်ထမ်း )

 

ဆရာကြီးကတော့ နယ်ကပြောင်းလာတာ မကြာသေးတဲ့အတွက် ပတ်ဝန်းကျင်နဲ့ ထိတွေ့မှုနည်းပါတယ်။ မိသားစုတွေထဲမှာ အစိုးရပညာရေးဝန်ထမ်းနဲ့ ပုဂ္ဂလိက ဝန်ထမ်း တွေရှိတဲ့အတွက် ရုံးပိတ်ရက်တွေမှာ မိသားစု စုံစုံလင်လင်ဖြစ်အောင် အိမ်မှာပဲနေကြတာ များပါတယ်။ အဲဒီလိုနေတဲ့အခါမှာလည်း မိသားစုအရေးတွေကို အေးအေးဆေးဆေး ဆွေးနွေးကြတယ်။ ဆွေးနွေးတဲ့အခါ ထွက်ပေါ်လာတဲ့ ရလဒ်တွေအပေါ် အုပ်ထိန်းသူ တစ်ဦးအနေနဲ့ လိုအပ်ချက်တွေကို လမ်းညွှန်မှုပေးပါတယ်။ သားသမီးတွေ အနေနဲ့ လည်းရုံးပိတ်ရက်တွေမှာ များသောအားဖြင့် အိမ်မှာပဲနေကြတာ များပါတယ်။ အဲဒီလိုနေတဲ့ အခါမှာလည်း စာပေဖတ်ရှု လေ့လာတာမျိုးတွေပဲ လုပ်ကြတာပါတယ်။  သင်္ကြန်လို အခါကြီးရက်ကြီးတွေမှာတော့ ကိုယ့်ရဲ့မွေးရပ်မြေကို ပြန်ပြီး အလှူအတန်းလုပ် တာမျိုးတွေတော့ရှိပါတယ်။ ပင်စင်စား အငြိမ်းစား တစ်ဦးအနေနဲ့ သားသမီးတွေ ရုံးပိတ်ရက်မှာ အတူတကွ စကားပြောခွင့်ရပြီး ကလေးတွေအတွက် ဘာသာရေး အသိတရားတွေ ကိုပြောခွင့်ရတဲ့အတွက် ဆရာတို့မိသားစုအတွက် ကတော့ ရုံးပိတ်ရက်တိုင်းဟာ အဓိပ္ပာယ်ရှိပါတယ်။

 

 

 

မဇင်မာ

ကုမ္ပဏီအရောင်းဝန်ထမ်း

Ever Seiko Co.,ltd

 

ဒီတစ်ပတ်မှာတော့ ရုံးပိတ်ရက် သုံရက်ရှိတဲ့အတွက် သူငယ်ချင်းတွေနဲ့ ခရီးထွက်ဖို့ စီစဉ်ထားပါတယ်။ စိတ်ပင်ပန်း နွမ်းနယ်မှုတွေကို ပြေပျောက်အောင် ကမ်းခြေတစ်ခုကို သွားရောက်လည်ပတ်မှာပါ။ မတွေ့ရတာကြာပြီတဲ့ သူငယ်ချင်းတွေနဲ့အတူ စုပေါင်းပြီး သွားမှာဆိုတော့ ပျော်စရာတော့ ကောင်းမှာပါ။ ဒေသန္တရ ဗဟုသုတတွေလည်း အများကြီးရမယ်လို့ ထင်ပါတယ်။ အရင်ရုံးပိတ်ရက်တွေမှာ ကတည်းက ခရီးထွက်ဖို့ စီစဉ်ခဲ့တာပါ။ အဲဒီတုန်းက မသွားဖြစ်တဲ့အတွက် အခုလိုရုံးသုံး ရက်ပိတ်တဲ့ အချိန်ကိုရွေးပြီး ခရီးထွက်ဖို့စီစဉ်ခဲ့တာပါ။ ပြည်ထောင်စုနေ့မှာ ကမ်းခြေတစ်နေရာကို ရောက်နေမှာဆိုတော့ ဒါဟာလည်း ရုံးပိတ်ရက်တွေထဲက အမှတ်တရ တစ်ခုဖြစ်မယ်လိမ့်မယ်လို့ ထင်ပါတယ်။

 

 

 

ဒေါ်ဆွေဇင်သိန်းတန် (Sunshine Store House of Liquor)

 

ဒီပိတ်ရက် သုံးရက်ကိုတော့ တောင်ကြီး၊ ကလော၊ အင်းလေးသွားဖို့ ရှိပါတယ်။ မိသားစုနဲ့ပေါ့၊ သမီးလေးရယ်၊ သားလေးရယ်ပါမှာပါ။ အမျိုးသားကုမ္ပဏီကလည်း ပိတ်ရက်ဆိုတော့ သွားဖြစ်တာပါ။ ကလေးတွေက ကျောင်းနေတဲ့အရွယ် မဟုတ်သေးတော့ ပိတ်ရက်တိုင်း ခရီးက ခဏခဏ သွားဖြစ်တယ်လေ။  ခုအချိန်က ရာသီဥတုကလည်း အရမ်းမအေးဘူးဆိုတော့ သွားဖြစ်ကြတာပါ။ ခရီးသွားရတာကို ကြိုက်တယ်။   ခရီးသွားတော့ စိတ်လည်း အပန်းဖြေမှုတွေရတယ်၊ မိသားစုနဲ့ဆိုတော့ပိုပြီး စိတ်လည်းချမ်းသာရတယ်။ ကိုယ်မရောက်သေးဘူးတဲ့ နေရာတွေမှာ လမ်းလျှောက်ရတာက ပိုပျော်ဖို့ကောင်းပါတယ်။ ဘုရားတွေဖူးလိုက်၊ စားကြသောက်ကြ ပြီးရင် ပြန်အိပ်လိုက်နဲ့ ပျော်စရာအချိန်တွေကို ပိုင်ဆိုင်ရမှာပါ။

 

 

 

ကိုသန်းတင်

ကုမ္ပဏီဝန်ထမ်း

Creative Myanmar Service Co., Ltd.

 

ကျွန်တော်တို့ ဇနီးမောင်နှံက ဟန်နီးမွန်းခရီးအနေနဲ့ ဒီပိတ်ရက်ကို ငွေဆောင် ဒါမှမဟုတ် ချောင်းသာကို ခရီးသွားဖို့ စီစဉ်ထားပါတယ်။ ပိတ်ရက် သုံးရက်နဲ့လည်း တိုက်ဆိုင်နေတော့ ခွင့်လည်း ယူစရာ မလိုဘူးပေါ့၊   အဆင်ပြေသွားတယ်။   ကမ်းခြေဆိုတော့ စိတ်အပန်းဖြေမှုရတယ်၊ ကမ်းခြေဘက်ကို လမ်းလျှောက်ကြမယ်၊ နောက် ဘုရားလည်းဖူးမယ်၊ ထမင်းကိုတော့ ရွာထဲက လူတွေကို ချက်ပြီး လာပို့ခိုင်းမယ်။ ရေထဲဆင်းဆော့လိုက် သဲသောင်ပြင်ပေါ် ထိုင်လိုက်နဲ့ အချိန်ကို ကုန်စေမှာပေါ့။ နေလုံးကြီး ဝင်သွားတာလည်း ကြည့်ကြမယ်လေ။ အပန်းဖြေ ကမ်းခြေ ခရီးဆိုတော့ ရေထဲဆင်းလိုက် စားသောက်လိုက် ပြန်အိပ်လိုက်နဲ့ ပျော်စရာ အချိန်တွေ ပိုင်ဆိုင်မှာပါ။

 

 

 

 

ကိုဇော်ပြည့်မှူး

ကုမ္ပဏီဝန်ထမ်း

Nwe Ta Pin Trading Co., Ltd.

 

ဒီနှစ်ဆန်းကစပြီး ပိတ်ရက်တွေထဲမှာ အလုပ်တွေမအားတာနဲ့ ကျွန်တော် ခရီး မထွက်ဖြစ်သေးဘူး။ ဒါပေမယ့် လာမယ့် သင်္ကြန်ပိတ်ရက်တွေမှာတော့ သူငယ်ချင်းတွေ အားလုံးစုပြီး ချောင်းသာကို သွားလည်ဖို့တော့ စိတ်ကူးထားပါတယ်။

 

 

 

ဒေါ်သီတာဝင်း

ဆရာမ

နေခြည် ကိုယ်ပိုင်အထက်တန်းကျောင်း၊ မကွေးမြို့

 

ခုလာမယ့် ပိတ်ရက်ထဲမှာ အလုပ်ကိစ္စနဲ့ ရန်ကုန်ကို ခဏလာဖြစ်မယ်။ ရွှေတိဂုံ ဘုရား၊ ဗိုလ်တထောင်ဘုရား စတဲ့ ရန်ကုန်မြို့ပေါ်ကဘုရားတွေပဲ ဖူးဖြစ်မယ်။ ဒီရက်ပိုင်းတွေမှာ ဆယ်တန်းစာမေးပွဲဖြေမယ့် တပည့်တွေကိုလည်း အနီးကပ်ကြီးကြပ်ပေးမှာဆိုတော့ မအားဘူး။ ပြီးခဲ့တဲ့ ဇန်နဝါရီ ပိတ်ရက်တုန်းက ကျိုက်ထီးရိုးဘုရားကို သွားဖူးဖြစ်တယ်။ လာမယ့် နွေရာသီပိတ်ရက်တွေတော့ ပြည်တွင်းနဲ့ ပြည်ပကိုပါ ခရီးထွက်ဖို့ အစီအစဉ်ရှိပါတယ်။

 

 

 

ဒေါ်အိဖြူဖြူကျော်

မန်နေဂျာ

Golden Milestones Travels & Tours 

 

အခု သုံးရက်ပိတ်တဲ့အတွင်း အသွားများကြတဲ့နေရာတွေက ရွှေစက်တော်၊ အလောင်းတော်ကဿပ ဘုရားဖူး ရာသီဆိုတော့ သွားလာမှုများကြတယ်။ အတန်း ငယ်လေးတွေဖြစ်တဲ့ သူငယ်တန်း၊ ပထမတန်း၊ ကျောင်းသားမိဘတွေက ပိုပြီး ခရီးသွား ကြတယ်။ တချို့က ချောင်းသာဘက်ကို သွားကြတယ်။ ခရီးသွားဧည့်သည်သွားနှုန်းက လျော့နည်းတာ မရှိဘဲ ပုံမှန်ပါပဲ။ ဆယ်တန်းစာမေးပွဲပြီးရင်တော့ ခရီးသွားလာမှု ပိုများ မှာပါ။

 

ဦးပက်ထရစ်

Cofounder , Danta Travel Co., Ltd.

 

ဒီရက်ပိုင်းမှာတော့ အဓိကသွားတဲ့ ခရီးစဉ်တွေက ရွှေစက်တော်ဘုရားကို ဖွင့်ပွဲရှိတော့ သွားကြတယ်။ မော်တင်စွန်းဘုရားပွဲကလည်း စနေပြီဆိုတော့ သွားကြတယ်။ ခုနောက်ပိုင်းမှာတော့ ရေပန်းစားတဲ့ ထားဝယ်ခရီးစဉ်တွေလည်း ပိုများလာတာ တွေ့ရတယ်။ စာမေးပွဲတွေ ပြီးသွားချိန်မှာတော့ ရက်ရှည်ခရီးစဉ်တွေအနေနဲ့ ချင်း ပြည်နယ်နဲ့ ကချင်ပြည်နယ် မြစ်ကြီးနားဘက်တွေလည်း သွားကြတယ်။

 

သတင်း-  ဇော်ကြီး၊ ဥမ္မာသန့်၊ မြတ်စန္ဒီ၊

ဓာတ်ပုံ - ဇော်မင်းလတ်၊ ဇော်ကြီး