ရန်ကုန်၊ ၂၈  ဇန်နဝါရီ 

ပြည်ထောင်စုနေ့ အထိမ်းအမှတ် တိုင်းရင်းသားရိုးရာ အခြေခံသည့် အိမ်ပုံစံများကို ဝါးအိမ်လေးများဖြင့် ဆောက်လုပ်ခြင်းပြိုင်ပွဲကို ဖေဖေါ်ဝါရီ ပထမပတ်မှစတင်၍ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ဝါးစိုက်ပျိုးရေးအသင်းနှင့် ဝင်းစိုက်ပျိုးရေးခြံတို့ ပူးပေါင်း၍ အမြန်လမ်း ၁၆ မိုင် ၆ ဖာလုံရှိ “ဝင်း” စိုက်ပျိုးရေးခြံတွင် ၁၂ ပေပတ်လည် တိုင်းရင်းသားရိုးရာ ဝါးအိမ်များကို တစ်ဖွဲ့လျှင်လူဦးရေ ၃ ဦး မှ ၅ ဦးထိ ပါဝင်သည့် အဖွဲ့များက ဝါးဖြင့်ဆောက်လုပ်ကြမည်ဖြစ်သည် ။

တိုင်းရင်းသားရိုးရာ အခြေခံသည့် ဝါးအိမ်လေးများ ဆောက်လုပ်ခြင်းပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး ဝါးစိုက်ပျိုးရေးအသင်းမှ ပညာရှင်များက အကဲဖြတ်ရွေးချယ်ကြမည်ဖြစ်သည်။ အကောင်းဆုံး တိုင်းရင်းသားရိုးရာ ပုံစံအိမ် ပထမဆု ငွေကျပ် ၁၀ သိန်း ၊ ဒုတိယဆု ငွေကျပ် ၅ သိန်း ၊တတိယဆု ငွေကျပ် ၃ သိန်းနှင့် နှစ်သိမ့်ဆု ငွေကျပ် ၁ သိန်းချီးမြှင့်သွားမည်ဖြစ်သည်။

ဆုရရှိသူများကို မှတ်တမ်းတင်ထားမည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပြိုင်ပွဲဝင် ဦးရေ ၃၀ ထက် မပိုဘဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


နိုင်ငံတကာတွင် ဝါးဖြင့် ဆောက်လုပ်သည့် အိမ်များရှိ ကြောင်း တိုင်းရင်းသားရိုးရာ အိမ်များကိုဝါးဖြင့် ဆောက်လုပ်နိုင်ကြောင်း ဝါးဖြင့်ဆောက်လုပ်သည့်အိမ်များကို စွဲမက်လာစေရန် ဝါးစိုက်ပျိုးစေရန် ၊ ဝါးများကိုပြည်ပတင်ပို့နိုင်ရန် ရည်ရွယ်ချက်ဖြင့် ယခုပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း “ဝင်း” စိုက်ပျိုးရေးခြံမှ အထွေထွေ မန်နေဂျာ ဦးကျော်ထွန်းဝင်းက ပြောပြသည်။       

တိုင်းရင်းသားရိုးရာ အိမ်များကိုဝါးဖြင့်ဆောက်လုပ်ရာတွင် သေသပ်မှု၊ ကိုယ်ပိုင်ဒီဇိုင်းကာလာနှင့် အတွင်းအပြင်ပြင်ဆင်မှု၊ ပုံစံလှပခြင်း၊ တောင့်တင်းခိုင်မာခြင်း ၊ စံနစ်ကျခြင်း ၊ မတော်တဆ အန္တရာယ်မဖြစ်နိုင်ခြင်းတို့ကို အမှတ်ပေးသွားမည်ဖြစ်သည်။ ယခုပြိုင်ပွဲသည် ပထမဦးဆုံးအကြိမ် ပြုလုပ်သည့်ပြိုင်ပွဲဖြစ်ပြီး နောင်တွင် ဝါးနှင့်ပတ်သက်သည့် အထိမ်းအမှတ်ပြိုင်ပွဲများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်သူရ