အစိုးရ၏ ငြိမ်းချမ်းရေးရှေ့လုပ်ငန်းစဉ်နှင့် ပတ်သက်သည့် အဆိုပြုချက်များအစုအဖွဲ့အသီးသီးထံတင်ပြထား

UPDJC အတွင်းရေးမှူးများအစည်းအဝေး ဇူလိုင်လတွင် ထပ်မံကျင်းပမည်


ရန်ကုန် ၁၄ ဇွန်


အစိုးရအစုအဖွဲ့၊ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများအစုအဖွဲ့ နှင့် နိုင်ငံရေးပါတီအစုအဖွဲ့များ ပါဝင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ဝင် များ၏ အလွတ်သဘောအစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန် မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ဆက်လက် ကျင်းပသည်။


နှစ်ရက်တာကျင်းပခဲ့သည့် UPDJC အတွင်းရေးမှူးများ၏ အလွတ်သဘော အစည်းအဝေးတွင် UPDJC အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးများ ဆက်လက်ကျင်းပနိုင်ရန် လိုအပ်ချက်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစ်ဆို့မှု ကျော်လွှားနိုင်ရေးအခင်းအကျင်းနှင့် ရှေ့ဆက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးရှေ့ လုပ်ငန်းစဉ်အခင်းအကျင်း များကို ဆွေးနွေးခဲ့ပြီးအစိုးရကိုယ်စားလှယ်အစုအဖွဲ့အနေဖြင့် အစိုးရ၏ ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်နှင့်ပတ်သက်သည့် အဆိုပြုချက်များကို အစုအဖွဲ့များ ထံတင်ပြခဲ့ကြောင်း သိရသည်။ 


နိုင်ငံရေးပါတီများ အစုအဖွဲ့ကိုယ်စား SNLD ပါတီအတွင်းရေးမှူး ဦးစိုင်းကျော် ညွန့်က “ အစိုးရအစုအဖွဲ့ဘက်မှာလဲ ရှေ့ဆက်သွားမဲ့ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ထဲက လမ်းကြောင်းလေးခုပဲပြောပြော ၊ နည်းလမ်းလေးသွယ်ပဲပြောပြော တင်ပြခဲ့ တာတွေရှိ ပါတယ်။ NCA ကိုဘယ်လိုအကောင်အထည်ဖော်မလဲ၊ ဖော်ဆောင်ပြီး သမျှ ဘယ်လို သုံးသပ်မှုတွေလုပ်မလဲ။ နောက်ပြီးတော့ NCA မှာအဓိပ္ပာယ်ဖွင့်ဆိုဖို့ လိုအပ်ချက်တွေ က အစဆွေးနွေးခဲ့တာရှိပါတယ်။ ဒုတိယနည်းလမ်းအနေနဲ့ ဖက်ဒရယ် အခြေခံမူတွေကို ဘယ်လိုပူးပေါင်းပြီးရေးဆွဲသွားမလဲ။ နံပါတ် (၃) အနေနဲ့ ၂၀၂၀ အခင်း အကျင်းရော၊ ၂၀၂၀ ပြီးတဲ့နောက် အခင်းအကျင်းအထိရောဘယ်လိုတွေ လုပ်ဆောင်ကြမယ်ဆိုတဲ့ ဆက် လက်ဆွေးနွေးသွားမဲ့ ပုံစံတွေဆွေးနွေးတယ်။ စတုတ္ထအနေနဲ့ဖွံ့ဖြိုးရေးပိုင်းဆိုင် ရာမှာလဲ ဘယ်လိုလုပ်ဆောင်ကြမယ်ဆိုပြီးတော့ နည်းလမ်းလေးခုအနေနဲ့ ဆက်လက် ဆွေးနွေး သွားမယ်ဆိုပြီး တင်ပြချက်တွေရှိတယ်၊ ဒီတော့ ဒါဟာအင်မတန်မှ အပြု သဘောဆောင်တာဖြစ်ပါတယ်” ဟုနိဂုံးချုပ် အမှာစကားပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။ 


“နောက်ကျွန်တော်တို့ NCA လက်မှတ်မရေးထိုးသေးတဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများတွေ NCA အခင်းအကျင်းထဲမှာ ပူးပေါင်းပါဝင်လာဖို့ ၊ လာပြီးတော့ လက်တွဲလုပ်ဆောင်ရမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဘယ်လိုလုပ်ဆောင်ရမလဲ၊ ဘယ်လိုကြိုးစားဆောင်ရွက်ရမလဲဆိုတဲ့ အပိုင်းကိုလဲ ဆွေးနွေးတဲ့ ဆွေးနွေးချက်တွေရှိ ပါတယ်။ နောက်ကျွန်တော်တို့ NCA လုပ်ငန်းစဉ်ဆိုတာကဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့အတွက် ကြိုးစားတဲ့ လုပ်ငန်းစဉ်တစ်ရပ်ဆိုလဲမမှားပါဘူး။ ကျွန်တော်တို့ အနေနဲ့တော့ ဒီအခက်အခဲအကြပ်အတည်းတွေ၊ တစ်ဆို့မှုတွေ၊ ရပ်တန့်နေမှုတွေက အစဘယ်လိုအခက်မခဲတွေပဲတွေ့ဆုံနေရပါစေတစ်နိုင်ငံလုံး ပြည်သူတစ်ရပ်လုံးလိုလား တောင့်တတဲ့ ငြိမ်းချမ်းရေးဆိုတာကိုတော့ ကျွန်တော်တို့အနေနဲ့ ဆက်လက် ကြိုးပမ်း သွားမယ်ဆိုတာတင်ပြချင်ပါတယ်” ဟု ဦးစိုင်းကျော်ညွန့်က ဆက်လက်ပြောကြားခဲ့သည်။ 


နှစ်ရက်တာကျင်းပသည့် အဆိုပါ အစည်းအဝေးတွင် လာမည့် ဇူလိုင်လ အတွင်း ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူး အဖွဲ့ဝင်များ၏ အလွတ်သဘော အစည်းအဝေးများ ပြန်လည်ကျင်းပရန် အဆိုပြု ခဲ့ကြောင်း သိရသည်။ 


တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အစုအဖွဲ့ကိုယ်စားလှယ် RCSS အတွင်းရေးမှူး(၂) ဦးစိုင်းငင်းက“  ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းတွေဖက်က ငြိမ်းချမ်းရေးရှေ့လုပ်ငန်းစဉ်နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစ်ဆို့မှု ကျော်လွှားနိုင်ရေးအခင်းအကျင်းကို အကြမ်းဖျင်းတင်ပြဆွေးနွေးခဲ့သလို အစိုးရဖက်က လည်းငြိမ်းချမ်းရေးရှေ့လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ အဆိုပြုချက်ကို တင်ပြခဲ့ပါတယ်။ အစိုးရရဲ့ အဆိုပြုချက်ကိုယူဆောင်သွားပြီး ကျွန်တော်တို့ EAO အစုအဖွဲ့အကြားမှာ အလေးထားအရေးတယူဆွေးနွေးမှာ ဖြစ်ပါတယ်။ ပြီးတာနဲ့ အစိုးရ၊ နိုင်ငံရေးပါတီအစု အဖွဲ့တို့နဲ့ အမြန်ဆုံးအလွတ်သဘောတွေ့ဆုံကာထပ်မံ ဆွေးနွေးနိုင်ဖို့ ကြိုးပမ်းစီစဉ် သွားမှာ ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲမှာ နိုင်ငံရေးပါတီ အစုအဖွဲ့ရဲ့ ဆွေးနွေးချက်တွေကို ကျွန်တော်တို့ အနေနဲ့ အလေးအနက် ထားပါတယ်။ တစ်ဖက်မှာ ကျွန်တော်တို့ EAO အစုအဖွဲ့အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ဆို့မှု ကျော်လွှားရေးအတွက် ညှိနှိုင်းရေး အဖွဲ့ ဖွဲ့စည်းပြီးအစိုးရနဲ့ အလွတ်သဘောတွေ့ဆုံ ဆွေးနွေးနိုင်အောင်  ဆောင်ရွက်သွား ဖို့ရှိပါတယ်။ တရားဝင်ဆွေးနွေးပွဲတွေ မကျင်းပနိုင်ခင်မှာ ဒီလို (UPDJC) အတွင်းရေးမှူး များအလွတ်သဘော အစည်းအဝေးတွေကို မကြာခန ကျင်းပသင့်ပါတယ်။ ရှေ့လုပ်ငန်း စဉ်တွေအတွက် ဘယ်လိုအခြေအနေပဲ ဖြစ်နေပါစေ ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်လို့ ပဲဖြစ်ပါတယ်” ဟုပြောကြားသည်။ 


အစိုးရကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်၊ ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) ခင်ဇော်ဦး က ပါဝင်ဆွေးနွေးသည့် အစုအဖွဲ့အသီးသီးနှင့် အတွင်းရေးမှူးအဖွဲ့ဝင်များ လုပ်ပိုင်ခွင့်ရရှိ ရန်လိုကြောင်းနှင့် မူကြမ်းများအဆင့် သက်မှတ်ပေးထားရန်  လိုကြောင်းကိုယနေ့ အစည်းအဝေးအပြီးတွင် ပြောကြားခဲ့သည်။ 


“ပြန်ကြည့်လိုက်ရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုတာမယုံကြည်မှုနဲ့ စတင်ခဲ့ကြတာ ပဲဖြစ်ပါတယ်။ ဒါကြောင့် အကြောင်းအရာပေါ်မှာသာအခြေခံခြင်း မဟုတ်ဘဲ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ဆက်ဆံရေးပေါ်မှာလည်း အဓိကအခြေခံပါတယ်။ ဒါအပြင် လုပ်ငန်းစဉ် တွေဟာ အရေးကြီးတယ်လို့ ဆိုပေမဲ့ နိုင်ငံရေးဆန္ဒအပေါ်မှာလည်း များစွာမူတည်ပါ တယ်။ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုဆိုတာကတော့ သဘောသဘာဝအရ ဘယ်လိုမှ ချောမွေ့နိုင်ခြင်းမရှိနိုင်ပါဘူး။ ခေါင်းဆောင်တွေရဲ့ ဆန္ဒအရ အောင်မြင်မှုကိုချဉ်းကပ်ကြ ရမှာဖြစ်ပါတယ်။ တရားဝင်အစည်းအဝေးပွဲတွေမှာ ဆွေးနွေးညှိနှိုင်းမဲ့ ခေါင်းဆောင် အထူးသဖြင့် အတွင်းရေးမှူးအဖွဲ့ဝင်တွေကို delegation Power (ကိုယ်စားလှယ် အဖွဲ့လုပ်ပိုင်ခွင့်) ပေးအပ်ပေးဖို့ လိုပါတယ်။ Draft Line  တွေ သတ်မှတ်ပေးဖို့ ဖြစ်ပါ တယ်။ ဒီလိုမှ မဟုတ်ရင် ကျွန်တော်တို့အတွင်းရေးမှူးတွေဟာ messenger (တမန်) အဆင့်ပဲရှိနေမယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ အစည်းအဝေးတွေဟာ သိပ်ပြီး ထိရောက် နိုင်မှာမဟုတ်ဘူးလို့ ယူဆရပါတယ်” ဟုဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) ခင်ဇော်ဦးက နိဂုံးချုပ် အမှာစကားတွင် ပြောကြားခဲ့သည်။ 

 

1


ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) ခင်ဇော်ဦးက“ နောက်တစ်ခုက ဆွေးနွေးညှိနှိုင်းမှုတွေမှာ မိမိတို့အသာစီးရဖို့အတွက် တစ်ဖက်အဖွဲ့အစည်းတွေ အချင်း ချင်းကွဲသွားအောင် ပြုလုပ်ခြင်းဟာအလွန်ကျဉ်းမြောင်းတဲ့ အမြင်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ကတော့ မိမိတို့ ဆွေးနွေးဘက်များက စုစုစည်းစည်းနဲ့ စည်းလုံးမှုရှိပြီးတော့ ဆွေးနွေးမှသာ ဆွေးနွေးညှိနှိုင်းမှုက ပိုမိုအဆင်ပြေချောမွေ့နိုင် မယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့အနေနဲ့ ဆွေးနွေးဘက်တွေ အချင်းချင်းကွဲ သွားတာ မျိုးကိုလဲမလိုလားပါဘူး။ တစ်ဆို့နေတဲ့ အချက်တွေကိုလာမဲ့ ဆွေးနွေးပွဲမှာ ဆွေးနွေးနိုင်အောင် ပြင်ဆင်ပေးကြပါ။ ဒါမှသာလျှင် တစ်ဆို့နေတဲ့ အချက်တွေကို ကျွန်တော်တို့ အသေးစိတ် ဆွေးနွေးပြီးတော့မှ ဘယ်လိုပူးပေါင်ဆောင်ရွက်နိုင်မလဲ။ ဘယ်လိုကျော်ဖြတ်နိုင်မလဲဆိုတာကိုလုပ်ရမှာ ဖြစ်ပါတယ်။ သာမန်ပဲဆွေးနွေးနေရင် တော့ အခက်အခဲအတားအဆီးတွေကို ကျော်ဖြတ်နိုင်မှာ မဟုတ်ပါဘူး။ ဒါကို အသေး စိတ်တစ်ချက်ခြင်းစီ ဆွေးနွေးဖို့လိုတယ်လို့ ကျွန်တော်တို့ ယူဆပါတယ် ” ဟုပြောကြား ခဲ့သည်။ 
    

ယနေ့ကျင်းပသည့် ဒုတိယနေ့အစည်းအဝေးသို့ အစိုးရအစုအဖွဲ့မှ ကိုယ်စား လှယ် (၁၀) ဦး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအစုအဖွဲ့မှ (၉) ဦး၊ နိုင်ငံ ရေးပါတီများအစုအဖွဲ့မှ ကိုယ်စားလှယ် (၁၀) ဦးတို့တက်ရောက်ခဲ့ကြသည်။
UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဦးလှမောင်ရွှေက“အတွင်းရေးမှူးအဖွဲ့ ဆွေးနွေး ပွဲတွေရဲ့ လိုအပ်ချက်ကိုဆွေးနွေးသလို အခုလောလောဆယ်မှာတစ်ဆို့နေတဲ့ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်တွေ အကြောင်းလဲဆွေးနွေးပါတယ်။ ကျွန်တော်တို့ အစိုးရဘက်က တစ်ဆို့နေတဲ့ နည်းလမ်းတွေကိုကျော်လွှားဖို့ အဆိုပြုတာရှိတယ်။ နည်းလမ်းလေး သွယ်ကိုတစ်ပြိုင်နက်တည်းဆောင်ရွက်ဖို့ အဆိုပြုတာရှိပါတယ်။ EAO တွေဘက်က ဒါကိုယူသွားမယ်၊ ယူသွားပြီးရင် သူတို့ရဲ့ တစ်ဖွဲ့ခြင်းထဲမှာဒါမှမဟုတ် စုဖွဲ့မှုထဲမှာဆွေး နွေးပြီးရင် ကျွန်တော်တို့နဲ့ ပြန်လည်ဆွေးနွေးဖို့ဆိုတာရှိပါတယ်။ အလွတ်သဘော ဆွေးနွေးပွဲ ဖြစ်တဲ့အတွက် ဆုံးဖြတ်ချက်ဆိုပြီး မထားပေမဲ့ သဘောထားစုစည်းချက် တွေရှိတယ်။ အဲ့ဒီစုစည်းချက်တွေကိုတော့ အစည်းအဝေး တက်ရောက်သူတွေအားလုံး ပေးထားတယ်။ နောက်ထပ်အဆိုပြုချက်ကဇူလိုင်လအတွင်းမှာ အတွင်းရေးမှူး ဆွေးနွေးပွဲ ပြန်လုပ်ဖို့ အဆိုပြုတာရှိပါတယ်။ အဲ့ဒါပြီးရင် တရားဝင်အစည်းအဝေးတွေ ပြန်စနိုင်ပြီး UPDJC အစည်းအဝေးတွေခေါ်နိုင်မယ်။ ပြီးရင် ညီလာခံဆက်ဆောင်ရွက် နိုင်မယ်လို့ မျှော်လင့်ပါတယ် ” ဟုနှစ်ရက်တာ အစည်းအဝေး၏ရလဒ်နှင့်ပတ်သက်၍ ပြောသည်။ 
    

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူး အဖွဲ့ဝင်များ၏ အလွတ်သဘောအစည်းအဝေးကျင်းပရခြင်းသည် တရားဝင်ဆွေးနွေးပွဲ များတက်ရောက်ရန် ခေတ္တဆိုင်းငံ့ထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့ရှိ သောကြောင့် အားလုံးတက်ရောက်နိုင်ရန် အလွတ်သဘော အစည်းအဝေး ကျင်းပ ရခြင်းဖြစ်သော်လည်းကရင်အမျိုးသား အစည်းအရုံးကေအဲန်ယူမှာတက်ရောက်နိုင်ခဲ့ ခြင်းမရှိပေ။ 


သတင်း…ရဲခေါင်ညွန့်၊ ဓာတ်ပုံ..ဖိုးထောင် 

 

1