ရန်ကုန် ၁၃ ဇွန်
အစိုးရအစုအဖွဲ့၊ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအစုအဖွဲ့နှင့် နိုင်ငံရေးပါတီအစုအဖွဲ့များ ပါဝင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေး မှူးအဖွဲ့ဝင်များ၏ အလွတ်သဘောအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့၊ ရွှေလီလမ်းရှိအမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) တွင် ကျင်းပသည်။
အစိုးရကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်၊ ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) ခင်ဇော်ဦး က ကြိုဆို နှုတ်ခွန်းဆက် စကားပြောကြားရာတွင် "နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု၊ တစ်နည်းအားဖြင့် စေ့စပ်ညှိနှိုင်းမှု အပိုင်းမှာအရေးကြီးတဲ့အပိုင်းသည် ယုံကြည်မှု တည်ဆောက်ရေးဖြစ်ပါတယ်။ မည်သည့်စေ့စပ်ညှိနှိုင်းမှုမှာမဆို တစ်ဖက်နှင့်တစ်ဖက်ဟာ ယုံကြည်မှုမြင့်မားနေဖို့လိုအပ်ပါတယ်။ တစ်ဖက်ကိုတစ်ဖက် ယုံကြည်ထားနိုင်မှသာ ပွင့်ပွင့်လင်းလင်း စေ့စပ်ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။ အလွတ်သဘောတွေ့ဆုံဆွေးနွေးမှု တွေဟာယုံကြည်မှု တည်ဆောက်ရေးအတွက် အထောက်အကူပြုပေမဲ့ အဲ့ဒီလိုအလွတ် သဘောတွေ့ဆုံဆွေးနွေးယုံနဲ့ မလုံလောက်ပါဘူး။
တရားဝင်ဆွေးနွေးပွဲများစတင်ရန်လိုအပ်
"လုပ်ထုံးလုပ်နည်းနဲ့အညီ တရားဝင်အစည်းအဝေးတွေလည်း ကျင်းပဖို့လိုအပ်ပါတယ်။ ဒါမှလည်းခိုင်မာတဲ့ ဆက်ဆံရေးကိုကူညီအားဖြည့်ပေးနိုင်မှာ ဖြစ်ပါတယ်။ တရားဝင် အစည်းအဝေးတွေက ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေက အဓိကကျပါတယ်။ ဆုံးဖြတ်ချက်တွေ ခိုင်မာမှသာလျှင် အခက်အခဲအတားအဆီးတွေကို ကျော်လွှား နိုင်ပြီးစေ့စပ်ညှိနှိုင်းမှု ဖြစ်စဉ်ကဆက်ပြီး လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။ ဒီကနေ့ ကျွန်တော်တို့ တရားဝင်အစည်းအဝေးတွေ ရပ်တန့်နေတာကြောင့် စေ့စပ်ညှိနှိုင်းမှု ဖြစ်စဉ်ကဆက်လက် မလည်ပတ်နိုင်ဘူးဆိုတာကို ဝန်ခံရမှာဖြစ်တယ်။ ဘယ်လိုပဲ အတွေးအခေါ်တွေ ပြောင်းပြောင်း၊ ဘယ်လိုပဲပုံစံတွေ ပြောင်းချင်၊ ပြောင်းချင် တရားဝင် ဆွေးနွေးပွဲမှာပြောဆိုဆွေးနွေးကြဖို့ ဖြစ်ပါတယ်။ ဒါမှလည်း ကျွန်တော်တို့ ဆုံမှတ် တစ်ခုကိုရောက်နိုင်မှာဖြစ်ပါတယ်။ တရားဝင်ဆွေးနွေးပွဲတွေမှာပြောဆို ဆွေးနွေး နိုင်တဲ့ အခွင့်အရေးတွေ ရှိနေပါလျက် စားပွဲပေါ်ကိုတက်မလာပဲ အပြင်ကနေ ပြောဆို နေခြင်းဟာလည်းစေ့စပ်ညှိနှိုင်းမှုအတွက် အကျိုးမရှိသလိုအနှောက်အယှက် တောင် ဖြစ်နိုင်ပါတယ်။
ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်ပြင်ပသြဇာလွှမ်းမိုးမှုမရှိဖို့လိုအပ်
"ကျွန်တော်တို့ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ ပြည်တွင်းကပိုင်ဆိုင်တဲ့ Home Made တွေပါ။ ပြည်ပရဲ့ ဖိအားတွေကြောင့် လုပ်နေတာလည်းမဟုတ်ပါဘူး။ မိမိတို့အဓိက ဖြစ်စေချင်တဲ့ ဆန္ဒတွေအပေါ် ပြည်ပလွှမ်းမိုးမှုတွေ ကျရောက်လာမှာ မလိုလားတဲ့ အတွက် ဆွေးနွေးပွဲတွေမှာဟိုးအစကတည်းက နိုင်ငံခြားကပုဂ္ဂိုလ်တွေကို ကြားဝင် ဖြန်ဖြေပေးဖို့ အကူအညီတောင်းခဲ့တာမရှိခဲ့ပါဘူး။ NCA ရေးဆွဲစဉ်က လေ့လာသူအဖြစ် ပါဝင်စေခဲ့သော်လည်း NCA ရေးဆွဲပြီးနောက်ပိုင်း နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပြင်ပပုဂ္ဂိုလ်တွေကို ပါဝင်ခွင့်မပေးခဲ့ပါဘူး။ ပဋိပက္ခတွေ ဖြေရှင်းဖို့ ပြင်ပဖိအား တွေကြောင့် လုပ်ရတယ်ဆိုရင် သက်ဆိုင်ရာအဖွဲအစည်းတွေရဲ့ နိုင်ငံရေးစိတ်ဆန္ဒမပါပဲ အပစ်အခတ်ရပ်စဲတာဖြစ်ဖြစ်၊ နိုင်ငံရေးဆွေးနွေးတာပဲဖြစ်ဖြစ် အတိုင်းအတာတစ်ခု အထိ ဖြစ်လာနိုင်သော်လည်း ပြင်ပဖိအားတွေ လျော့ကျသွားတာနဲ့ တစ်ပြိုင်နက် အရင်ကလိုတိုက်ကြတာခိုက်ကြတာတွေ ဖြစ်တတ်တယ်ဆိုတာ နိုင်ငံတကာအတွေ့ အကြုံတွေ လေ့လာရင်း ကျွန်တော်တို့အားလုံးသိခဲ့ကြပြီပဲ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတကာက ငွေကြေးအပါအဝင် အရင်းအမြစ်တွေကိုရယူပြီးလုပ်တဲ့အခါ မိမိတို့ ပြည်သူကို တာဝန်ခံရတာမျိုးထက် ပြင်ပကအကူအညီပေးခဲ့တဲ့သူတွေကို တာဝန်ခံရမျိုး လည်း ဖြစ်သွားတတ်ပါတယ်။ တကယ်တော့ ကျွန်တော်တို့တတွေဟာ မိမိတို့ ပြည်သူတွေကိုသာ တာဝန်ခံရတာမျိုးပဲ ဖြစ်ပါတယ်။ ပြင်ပကအကူအညီ အထောက် အပံ့နဲ့ အရင်းအမြစ်တွေကိုလိုတာထက် ပိုပြီးမယူကြဖို့လည်း အရေးကြီးပါတယ်။ မိမိတို့ တွေ့ဆုံဆွေးနွေးမှုတွေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်မှာ ပြင်ပက သြဇာလွှမ်းမိုးမှုမရှိ အောင် ဆောင်ရွက်ကြမှာဖြစ်ပါတယ်။
ဘုံရည်မှန်းချက်ဖြစ်မှသာလျှင် တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်လည်ပတ်နိုင်
"ကျွန်တော်တို့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုတွေဟာအကြွင်းသုညကစားပွဲ Zero Sum Game မဖြစ်အောင်လည်း သေချာစွာစီမံကြရပါမယ်။ တစ်ဖက်ကအားလုံးအနိုင် ယူသွားပြီးကျန်တဲ့ တစ်ဖက်က အားလုံးကိုဆုံးရှုံးသွားတာမျိုး မဖြစ်စေရပါဘူး။ သူနိုင် ကိုယ်နိုင် Win-Win ဆိုတဲ့အနေအထားမျိုးကလည်း တစ်ခါတစ်ခါမှာ လက်တွေ့မကျတာ မျိုးတွေ့ရ တတ်ပါတယ်။ ဒါကြောင့် စေ့စပ်ညှိနှိုင်းမှုတွေ လုပ်တဲ့အခါမှာ နှစ်ဖက်စလုံးက အပေးအယူ အလျော့အတင်းတွေ လုပ်ဆောင်ကြရမှာကိုလည်း နားလည်ထားပြီးသား ဖြစ်ပါတယ်။ အားလုံးအတွက် ဘုံရည်မှန်းချက်တွေ ဖြစ်ပေါ်မှသာလျင် တွေ့ဆုံဆွေးနွေး ပွဲတွေဟာ ဆက်လက်လည်ပတ်မှာဖြစ်ပါတယ်။ ဒီတွေ့ဆုံဆွေးနွေးမှု တွေဟာပုံစံတကျ ဖြစ်ဖို့နဲ့ တရားဝင်ရှိမယ်ဆိုရင် တရားဝင်တွေ့ဆုံဆွေးနွေးဖို့ လိုအပ်မှာဖြစ်ပါတယ်။ အလွတ်သဘောမျိုးတွေသာ လုပ်နေမယ်ဆိုရင်လည်း တရားဝင်ဖြစ်မှုတွေ စနစ်တကျရှိမှုတွေ လျော့နည်းသွားနိုင်ပြီးတန်ဖိုးတွေ လျော့ကျသွားနိုင်ပါတယ်။
တွေ့ဆုံဆွေးနွေးနေစဉ်တည်ငြိမ်ဖို့လိုအပ်
“နောက်တစ်ချက်ကတော့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်တဲ့အချိန်မှာအခြေအနေ တွေဟာ တည်ငြိမ်နေဖို့လည်း လိုအပ်ပါတယ်။ အခြေအနေတွေက မငြိမ်မသက်တွေ ဖြစ်နေမယ်ဆိုရင် တွေ့ဆုံဆွေးနွေးမှုအတွက် များစွာအနှောက်အယှက် ဖြစ်ကြမှာ ဖြစ်ပါတယ်။ တွေ့ဆုံဆွေးနွေးမှုတွေက သဘောတူညီချက် မရသေးနိုင်ပေမဲ့ အခြေအနေ ကိုတည်ငြိမ်စွာထိန်းထားနိုင်မယ်ဆိုရင် ဘယ်သူမှ နောက်ပြန်မလှည့်ဘူးဆိုတဲ့ ယုံကြည်မှုကိုတည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ တကယ်တော့ ကျွန်တော်တို့ဖြစ်စဉ်က အတော်လေးကောင်းမွန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ကပုံပေါ်နေပြီးဖြစ်ပါတယ်။ NCA စာချုပ်ဟာအပစ်အခတ်ရပ်စဲရေးနဲ့ အပစ်အခတ် ရပ်စဲရေးခိုင်မာလာစေဖို့ ၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေကို အာမခံချက်ပေးထားတဲ့ အားလုံးသဘောတူတဲ့ သဘောတူညီချက် တစ်ခုလည်းဖြစ်ပါတယ်။ ဒီသဘော တူညီချက်အတိုင်း ကျွန်တော်တို့တတွေ လိုက်နာဆောင်ရွက်သွားကြဖို့တော့ လိုပါတယ်။ သွေဖယ်မှုတွေနဲ့ ကြုံလာရင်လည်းပွင့်ပွင့်လင်းလင်းဆွေးနွေးကြဖို့ ဖြစ်ပါတယ်။ ကျွန်တော်ငှားပြီးသုံးခဲ့တဲ့ အမေရိကန်သမ္မတတစ်ဦးဖြစ်တဲ့ လင်ဒန်ဂျွန်ဆင်ရဲ့ စကားလို အိမ်အပြင်မှာအော်ဟစ်ပြီး အိမ်ထဲကိုခဲမပေါက်ကြဖို့၊ အိမ်ထဲမှာလာရောက်ပြီး ငြင်းခုံ ဆွေးနွေးနေဖို့ပဲဖြစ်ပါတယ်” ဟုပြောကြားသည်။
UPDJC အတွင်းရေးမှူးအဖွဲ့ဝင်များ၏ အလွတ်သဘောအစည်းအဝေးကို ဇွန်လ ၁၃ ရက်မှ ၁၄ ရက်အထိ နှစ်ရက်တာကျင်းပသွားမည်ဖြစ်ပြီးတရားဝင် အစည်းအဝေးများ ပြန်လည်စတင်နိုင်ရန်အတွက် အခက်အခဲများကိုပူပေါင်းအဖြေ ရှာရန်နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ အစည်းအဝေးများ ပြန်လည် ကျင်းပနိုင်ရေးအတွက် ပူးပေါင်းအဖြေရှာရေးတို့ကိုအစုအဖွဲအသီးသီးမှ ကိုယ်စားလှယ် များက ပွင့်ပွင့်လင်းလင်းဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အစုအဖွဲ့ကိုယ်စားလှယ် RCSS အတွင်းရေးမှူး ဦးစိုင်းငင်းကမိမိတို့ UPDJC အတွင်းရေးမှူးများ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို လုပ်ငန်းလမ်းညွှန်တွင် (၁၆) ချက်ပြဌာန်းပေးထားကြောင်း၊ NCA စာချုပ်တွင်ပါသည့်လမ်းပြမြေပုံ (၇) ဆင့်အတိုင်းဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေး နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများအာမခံချက်များအပြည့်အဝရှိသော ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်တို့ကိုအခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များများနှင့် အညီတည်ဆောက်သွားရန်အတွက် မိမိတို့အတွင်းရေးမှူးများ၏ တာဝန်ယူမှု၊ တာဝန်သိမှု၊ တာဝန်ခံမှု၊ သမာသမတ်ကျမှု၊ ပြည်သူလူထုအကျိုးအတွက် ဦးထိပ်ထားမှုများသည် အဓိကကျအရေးပါသည့် အခန်းကဏ္ဍများဖြစ်ကြောင်း၊ အတွင်းရေးမှူးများ ၏ အဓိက တာဝန်များဖြစ်သည့် UPDJC အစည်းအဝေးကိစ္စရပ်များ၊ ဆုံးဖြတ်ချက်များ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ အစည်းအဝေးကိစ္စရပ်များ၊ သဘောတူညီချက်များကို အကောင်အထည်ဖော်ဆောင်ရာတွင် မိမိတို့အနေဖြင့် အပြည့်အဝ မဆောင်ရွက်နိုင် သေးကြောင်း။
အဆိုပါတာဝန်များကို ဆောင်ရွက်နိုင်ရန်အတွက် ယခုအလွတ်သဘော အစည်းအဝေးတွင် နည်းလမ်းရှာရမည်ဖြစ်ကြောင်း၊ ဆွေးနွေးဖော်၊ ဆွေးနွေးဖက်များ၏ သူ့မူကိုယ်မူအသေဆုပ်ကိုင်၍ မလျော့တမ်းဆွေးနွေးနေခြင်းသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစ်ဆို့နေသည့် အကြောင်းအရင်းများဖြစ်ကြောင်း၊ အစိုးရတစ်ရပ် အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆောင်ရွက်ရာတွင် အချိန်အကန့်အသက် ရှိသောကြောင့် ၂၀၂၀ မတိုင်မီအဓိကကျသည့် ဖက်ဒရယ်အခြေခံမူနှင့် ဒီမိုကရေစီအခြေခံ မူများ ရရှိရေးအတွက် မိမိတို့အားလုံး ဝိုင်းဝန်းပံ့ပိုးပေးသင့်သည်ဟုထင်ပါကြောင်း၊ NCA စာချုပ် လက်မှတ်ရေးထိုးထားခြင်းမရှိသည့် EAO အဖွဲ့များ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွင်းပါဝင်လာရေးအတွက် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်နေသည်ကိုမိမိတို့ ထောက်ခံအသိအမှတ်ပြုကြောင်း အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြော ကြားသည်။
ထို့နောက် နိုင်ငံရေးပါတီများအစုအဖွဲ့ကိုယ်စားလှယ် USDP အတွင်းရေးမှူး ဦးမြင့်စိုးက “ငြိမ်းချမ်းရေးဆောင်ရွက်ရာမှာ ဘယ်အဖွဲ့အစည်းဖြစ်ဖြစ် အကောင်းမြင် ဖို့လိုပါတယ်။ ကျွန်တော်တို့ကအကောင်းဘက်က ရှု့မြင်သုံးသပ်ရမဲ့အစားတစ်ဖက်နဲ့ တစ်ဖက် ကိုယ့်ရဲ့ရပ်တည်မှုနဲ့ပဲမလျော့ဘူးဆိုရင် ငြိမ်းချမ်းရေးဟာ အလှမ်းဝေးနေမှာပါ။ ဖက်ဒရယ်ကိုဘယ်လိုသွားမလဲ။ နိုင်ငံတကာမှာဖြစ်နေတဲ့အပေါ် လက်ရှိကျွန်တော် တို့မှာ ဖြစ်နေတဲ့အပေါ်မှာအခြေခံပြီးတော့ သွားရမယ်။ နိုင်ငံတော်ရဲ့ အကျိုးစီးပွား၊ အမျိုးသားအကျိုးစီးပွားပေါ်မှာ အခြေခံပြီးသွားရမယ်။ ဒါဟာအပြုသဘောဆောင်တယ်။ ဘုံအကျိုးစီးပွားကိုအားလုံးကလက်ခံနားလည်ရင် ဆွေးနွေးရတာအဆင်ပြေမယ်။ ကိုယ်ကိုယ်ကိုယ် ခုခံကာကွယ်ခြင်းမဟာဗျူဟာနဲ့ ဆက်သွားနေမယ်ဆိုရင်တော့ ကျွန်တော်တို့ နောင်လာနောက်သားမျိုးဆက်တွေကို ကောင်းတဲ့အမွေ ငြိမ်းချမ်းရေးဆိုတဲ့ အမွေကိုပေးနိုင်မှာမဟုတ်ဘူး။ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ဝင်များရဲ့ အလွတ်သဘောအစည်းအဝေးကနေပြီးတော့မှ ကျွန်တော်တို့နိုင်ငံရေးပါတီ အစုအဖွဲ့ကနေပြီး ပေးအပ်တဲ့တာဝန်၊ ပေးအပ်တဲ့ လုပ်ငန်းတွေကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟုအဖွင်အမှာစကားတွင် ထည့်သွင်းပြောကြား ခဲ့သည်။
ယနေ့ကျင်းပသည့် ပထမနေ့အစည်းအဝေးသို့ အစိုးရအစုအဖွဲ့မှ ကိုယ်စားလှယ် (၁၀) ဦး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အစုအဖွဲ့မှ(၉) ဦး၊ နိုင်ငံရေးပါတီ များအစုအဖွဲ့မှ ကိုယ်စားလှယ် (၁၀) ဦးတို့တက်ရောက်ခဲ့ကြသည်။
UPDJC အတွင်းရေးမှူးများ၏လုပ်ငန်းလမ်းညွှန်အရ UPDJC အတွင်း ရေးမှူးများ စုံညီအစည်းအဝေးကို (၁) လတစ်ကြိမ် ကျင်းပရမည်ဖြစ်သော်လည်း ၂၀၁၈ ဇူလိုင်နောက်ပိုင်း တစ်နှစ်နီးပါကြာ ကျင်းပနိုင်ခဲ့ခြင်းမရှိဘဲ ယနေ့တွင်မှ (UPDJC) အတွင်း ရေးမှူးအဖွဲ့ဝင်များ၏ အလွတ်သဘောအစည်းအဝေးကို ပြန်လည်ကျင်းပနိုင်ခြင်းဖြစ်သည်။
သတင်းရဲခေါင်ညွန့်၊ ဓာတ်ပုံ..ဖိုးထောင်