ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးကျင်းပ

နေပြည်တော်  ၁၅  ဇူလိုင် 

 

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ အတွင်းရေးမှူးအဖွဲ့ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးခင်ဇော်ဦး၊ ဦးဇော်ဌေး၊ ဦးမြင့်စိုး၊ ဦးနိုင်ငံလင်း၊ ဦးလှမောင်ရွှေ၊ ဦးအောင်စိုး၊ ဗိုလ်ချုပ်စိုးနိုင်ဦး၊ ဦးမျိုးဝင်း၊ စိုင်းလ၊ ခွန်မြင့်ထွန်း၊ စောမြရာဇာလင်း၊ စိုင်းကျော်ညွန့်၊ မင်းကျော်ဇေယျာဦး၊ တာလှဖေ၊ နိုင်အောင်မငေးနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာဝ ပတ်ဝန်းကျင် ကဏ္ဍအလိုက် မူဝါဒ အဆိုပြုချက်များ ဆွေးနွေးခဲ့မှု အခြေအနေကို ရှင်းလင်းခြင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ တတိယအစည်းအဝေး၏ သဘောထား ထုတ်ပြန်ကြေညာချက်၊ (၁၇)ကြိမ်မြောက် UPDJC Agenda နှင့် Agenda အလိုက် တင်ပြမည့် ပုဂ္ဂိုလ်သတ်မှတ်ရေး၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံ တတိယအစည်းအဝေး နောက်ဆုံးနေ့ အစီအစဉ်များ၊ ညီလာခံ သဘာပတိများ၊ သဘောတူစာချုပ် လက်မှတ် ရေးထိုးမည့်သူများ၊ အသိသက်သေများ အမည်စာရင်း၊ ညီလာခံတွင် ကဏ္ဍအလိုက် မူဝါဒ သဘောတူညီချက်များ တင်သွင်းမည့် ပုဂ္ဂိုလ်နှင့် အစုအဖွဲ့အလိုက် ထောက်ခံအဆိုတင်သွင်း မည့် ပုဂ္ဂိုလ်များ သတ်မှတ်ရေး တို့ကို ဆွေးနွေးကြသည်။ 

 

သူရဇော်၊ မျိုးမြင့်(သတင်းစဉ်)