နေပြည်တော် ၂၁ သြဂုတ်
မည်သို့သော အကြောင်းချင်းရာကြောင့်ဖြစ်စေ စစ်ပွဲများ ဆိုသည်က “လူ့အသက်တို့နှင့် ရင်းရ၏။ ဘက်နှစ်ဖက်၊ သုံးဖက် သို့မဟုတ် မမည်မျှများပြားသော ဘက်ပေါင်းတို့ စစ်မျက်နှာများဖွင့်ကြ၊ တိုက်ကြ သည်ဖြစ်စေဘက်အားလုံးတွင် ထိခိုက်နစ်နာမှု အနည်းအများဖြင့် ရှိကြသည်သာ။ တိုက်ခိုက်မှုများကြားက မည်သူအနိုင်ရသည်ဖြစ်စေ နစ်နာထိခိုက်မှုများက အားလုံးတွင် ဖြစ်ခဲ့ပြီးပြီ။ ထို့ကြောင့်ပင် မြန်မာပြည်သူတို့က ငြိမ်းချမ်းရေးကို လိုလားသည့်အကြောင်း အခါအခွင့်သင့်တိုင်း ဖော်ထုတ်နေကြခြင်း ဖြစ်ပေသည်။
ပြည်သူတို့က စစ်ကို မလိုလား။
မှန်၏။ ယေဘုယျအားဖြင့် စစ်ပွဲများကို မည်သူမှ မလိုလား တော့ပြီး၊ တိုင်းရင်းသားလူမျိုးစုများနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မည် ဆိုလျှင် အရင်းအမြစ်ကျဆုံးဖြစ်သည့် တန်းတူညီမျှမှု၊ ပြည်နယ် တို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံနိုင်မှုတို့သာ ဖြစ်ပေမည်။ စစ်လက်နက်အင်အားများပြားမှု၊ ကြီးမားမှုတို့ဖြင့် ဖော်ဆောင်နိုင်မည် မဟုတ်ချေ။
မီးကို မီးဖြင့် မငြိမ်းသတ်နိုင်သကဲ့သို့ စစ်ကိုစစ်ဖြင့် မတားနိုင်။ ငြိမ်းချမ်းရေးနည်းလမ်းကို ရှာဖွေဆွေးနွေးကြ သည့်အခါများတွင် ရင်းမြစ်စစ်စစ်ကို ဆုပ်ဆုပ်ခဲခဲပြုကာ အညှာပြဿနာကို ပြေလည် ရေးကို စူးစိုက်ဖို့လိုမည်။ ငြိမ်းအေးမှုကိုလိုလားသည့်၊ နှလုံးသားကို ပေါ်လွင်စေသည့် ဆွေးနွေးမှုမျိုးကို ရွေးချယ်ရန်လည်းလိုမည်။ ငြိမ်းချမ်းရေး၏ မူလဘူတဖြစ်သော ဆွေးနွေးရေးညှိနှိုင်းရေးကို ဇောင်းပေးကြရန်လိုမည်။ 'လက်နက်ကိုအားကိုးမှ အင်အားကို အသုံးချမှ ထိရောက်မှုရှိမည်၊ အရာဝင်မည်၊ အလေးပေးခံရမည်။ အောင်မြင်မည်ဟူသည့် နိုင်ငံရေးဓလေ့ဆိုးကို ဖြစ်ပေါ်စေသည့် အဇ္ဈတ္တစိတ်သဏ္ဌာန် ရေသောက်မြစ်ကို ဖြတ်တောက်ပစ်ဖို့ထိ ရည်ရွယ်ကြဖို့'ဟူသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ -၂၁) ရာစု ပင်လုံစတုတ္ထအစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ပြောခဲ့သလို ဖြစ်ရန်လိုမည်။
ဤသို့သော စိတ်အခြေခံသဘောထားများကသာ တည်တံ့သော ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မည်ဖြစ်ပါ သည်။ စားပွဲဝိုင်းများ ပေါ်တွင် တွေ့ဆုံရဲ ရင်ဆိုင်ဆွေးနွေးရဲ၊ ညှိနှိုင်းရဲ၊ အလျော့အတင်း အပေးအယူလုပ်ရဲသည့် နိုင်ငံရေးယဉ်ကျေးမှုမျိုးကို ထူထောင်နိုင်ကြမှသာ စစ်မှန်ကာ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးလမ်း ခရီးကို ဖောက်လုပ်နိုင်မည်ဟု ယုံကြည်ပါသည်။
တွေ့ဆုံရဲ၊ ရင်ဆိုင်ရဲ၊ ဆွေးနွေးညှိနှိုင်းရဲသည့် သတ္တိကိုမွေးကာ စိတ်ရှည် ဇွဲသန်မှုတို့ဖြင့် ပိုင်းပိုင်းဖြတ်ဖြတ် ရပ်တည်ရမည့် ငြိမ်းချမ်းရေး လမ်းစဉ်ဖြစ်ပါသည်။ ဆွေးနွေးစရာများ၊ ငြင်းခုံစရာများက နှစ်ရှည်ကြာခဲ့ပြီဖြစ်သော ပြည်တွင်းပဋိပက္ခများထဲတွင် ရှိနေမည် မှာ ဧကန်ဖြစ်သည့်အားလျော်စွာ ဆွေးနွေးမှုများ မည်မျှပင် အကြိမ် ကြိမ် အခါခါ ဖြစ်ရစေကာမူ နားလည်မှုမရမချင်း၊ ငြိမ်းချမ်းမှု မရမချင်း သူ့ဘက်ကိုယ့်ဘက် နားလည်မှုဖြင့် တည်ဆောက်ကြရန် “ကိုလည်း ပြည်သူတို့က မျှော်လင့်နေကြပေသည်။
ပြည်သူလူထုမျက်မှောက်တွင် အင်အားစုအသီးသီးတို့၏ ဂုဏ်သိက္ခာကြီးမြင့်မှုသည်လည်းကောင်း၊ ရင့်ကျက်မှု သည် လည်းကောင်း၊ ဖြူစင်ရိုးသားမှုသည်လည်းကောင်း၊ ငြိမ်းချမ်းရေးကို အမှန်တကယ် မြတ်နိုးလိုလာမှုသည် လည်းကောင်း အသီးသီး မှန်မှန်ကန်ကန် ရပ်တည်ခြင်းဖြင့် ထင်လင်းစွာရှိနေမည် ဖြစ်ပေသည်။
အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး။ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင် ရေး ဆိုသည့်လုပ်ငန်းစဉ်တို့ ဟန်ချက်ညီရောယှက်ပါဝင်နေသည့် လုပ်ငန်းစဉ်များကို တစ်ဆင့်ချင်း ဆက်လက် အကောင်အထည် ဖော်ကြခြင်းဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေး မုချရလိမ့်မည်ဟု ခိုင်ခိုင် မာမာ ယုံကြည်ထားပါကြောင်း။
မြန်မာ့အလင်း