နေပြည်တော် ၁၄ ဇူလိုင် 

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ တတိယအစည်းအဝေး စတုတ္ထနေ့ အစုအဖွဲ့အလိုက် အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည့် တာဝန်ရှိသူများနှင့်  တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။ 

စိုင်းကျော်ညွန့် (UPDJC  အတွင်းရေးမှူး)

 

 

နိုင်ငံရေးကဏ္ဍမှာတော့ ကျား/မ ဆိုင်ရာ တန်းတူညီမျှရေး တစ်ခုတည်းပဲ ဆွေးနွေးတာပါ။ ဒီခေါင်းစဉ်အောက်မှာတော့ အချက်က လေးချက်ရှိပါတယ်။ လေးပိုဒ်ရှိတယ်။ ပထမအပိုဒ်က အဓိက ကျား/မ လိင်ကွဲပြားမှုနဲ့ ပတ်သက်ပြီး ခွဲခြားဆက်ဆံမှု မရှိစေရနဲ့ တန်းတူညီမျှ ရှိစေရမယ်ဆိုတဲ့ အချက် ဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ အမျိုးသမီးတွေ အနည်းဆုံး ၃၀ ရာခိုင်နှုန်းပါဝင်ရေးဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ တတိယအချက်ကတော့ လိင်ပိုင်းဆိုင်ရာ အခြေပြုပြီး အကြမ်းဖက်မှုနဲ့ သက်ဆိုင်တဲ့ ဥပဒေကို ပြဌာန်းပေးရမယ်ဆိုတဲ့ အချက်ရယ် စတုတ္ထအချက်ကတော့ နှစ်ကာလရှည်စွာ ဦးစားပေးမှု မရှိခဲ့တဲ့ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးဖို့ အစီအစဉ်နဲ့ ဘယ်လိုမူဝါဒ ချမှတ်နိုင်မယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

စကားလုံး ပြင်ဆင်တယ် ဆိုတာက တစ်ဖွဲ့က ပြင်ပြီဆိုရင် ကျန်တဲ့အဖွဲ့တွေ ကလည်း အကုန်လုံးလိုက်ပြီး ပြင်တာတွေ ရှိပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ကတော့ အဆိုပြုထားပါတယ်။ မူရင်း UPDJC မှာ တင်သွင်းလာတဲ့ အဆိုပြုလွှာဆိုရင် ကျစ်လစ် သိပ်သည်းပြီးသားပါ။ လိုချင်တဲ့ အချက်ကလည်း သူ့ဟာနဲ့သူ ပါဝင်ပြီးသားဆိုတော့ မူရင်း UPDJC ရဲ့ အဆိုပြုချက်က ကောင်းမွန်ပြီးသားပါ။ ပြင်စရာရှိရင်လည်းပြင်ပါ။ အတိုင်းအတာတစ်ခုအထိ လိုရင်းကို ရောက်ပြီးသားဆိုတော့ အဲဒီအပေါ်မှာဘဲ ဝိုင်းဝန်းပြီး ထပ်ဆင့် ဆုံးဖြတ်ချက် ချပေးဖို့ဆိုပြီး ကျွန်တော့အနေနဲ့ request လုပ်ပါတယ်။  အားလုံး ရှေ့ဆက်ညှိနှိုင်းတဲ့အခါမှာ အဖွဲ့တော်တော်များများက အဆင်ပြေပါပြီ။ ဒီနေ့ ကျန်တဲ့ အစုအဖွဲ့မှာ ဒါတွေကို အတည်ပြုနိုင်လိမ့်မယ်လို့ ကျွန်တော်မြင်ပါတယ်။ UPDJC ရဲ့ ဆုံးဖြတ်ချက် အတိုင်းပါ။

 ဦးရည်မွန်(ခ)မောင်တင်သစ်(လွှတ်တော်အစုအဖွဲ့)

 

 

ကျွန်တော်က လွှတ်တော်အစုအဖွဲ့ထဲက လူမှုရေးကဏ္ဍမှာ တာဝန်ယူဆွေးနွေးနေပါတယ်။ မနေ့က ကျွန်တော်တို့ ကဏ္ဍအလိုက် ဆွေးနွေးပွဲမှာ ဘာတွေဆွေးနွေးခဲ့ တယ်ဆိုတာကို ကိုယ့်အစုအဖွဲ့မှာ မျှဝေတဲ့ အစီအစဉ်ပါ။ လုံခြုံရေးကဏ္ဍအနေနဲ့ တတိယ အစည်းအဝေးအထိတော့ သဘောတူညီချက် မချနိုင်သော်လည်း ဆွေးနွေးမှုတွေတော့ ဆက်တိုက်ရှိနေပါတယ်။ တရားဝင်ဆွေးနွေးပွဲတွေ အလွတ်သဘော ဆွေးနွေးမှုတွေလည်း ရှိနေပါတယ်။ လာမယ့် အစည်းအဝေးမှာတော့ လုံခြုံရေးကလည်း သဘောတူညီချက် ပေါ်ထွက်လာအောင် အားလုံးကြိုးစားမယ်ဆိုတာကို မနေ့က အစည်းအဝေးမှာ တပ်မတော်၊ EAOs တို့က ပြောဆို သိခဲ့ရတာတွေကို ပြန်ပြီး မျှဝေပါတယ်။ 

လုံခြုံရေးကဏ္ဍနဲ့ ပတ်သက်လို့ အစိုးရအစုအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့၊ နိုင်ငံရေးပါတီအစုအဖွဲ့တွေကြားထဲမှာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ယုံကြည်မှု ပိုရှိအောင်၊ ပိုတိုးတက်လာအောင် အထူးသဖြင့် အပြန်အလှန်ပိုပြီး နားလည်မှုရရှိအောင် ကြိုးစားနေတဲ့အခြေအနေဖြစ်ပါတယ်။ အခု ညီလာခံမှာ မြောက်ပိုင်း ၇ ဖွဲ့လုံး လာတက်တဲ့ အတွက် ဝမ်းမြောက်စရာ ကိစ္စဖြစ်ပါတယ်။  ဘယ်လိုပဲဖြစ်ဖြစ် အခုအချိန်အထိ NCA လက်မှတ်ရေးထိုးတဲ့အဖွဲ့တွေရှိသလို မထိုးရသေးတဲ့ အဖွဲ့တွေလည်းရှိတယ်ပေါ့။ ဘယ်လိုပဲ ကွဲပြားစေကာမူ အားလုံးရဲ့စိတ်ထဲမှာ တစ်စိတ်တစ်ဝမ်းတည်းဖြစ်တာကိုတော့ ဝမ်းသာပါတယ်။ အဲဒီအတွက်  အမြန်ဆုံးနည်းနဲ့ နိုင်ငံရေးဆွေးနွေးပြီးတော့ အဖြေရှာကြမယ်။ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေ လည်း မကြာခင်မှာ လက်မှတ်ရေးထိုးလာနိုင်လိမ့်မယ်လို့ လည်း ယုံကြည်ပါတယ်။ 

ဒေါ်ဇင်မာအောင် (လွှတ်တော်အစုအဖွဲ့)

 

 

ကျွန်မက လွှတ်တော်အစုအဖွဲ့အနေနဲ့ လူမှုရေးကဏ္ဍမှာ ဦးဆောင်ပြီးတော့ ဆွေးနွေးခဲ့ပါတယ်။ မနေ့က ကဏ္ဍအလိုက် ဆွေးနွေးခဲ့တဲ့အပေါ်မှာ လွှတ်တော်အစု အဖွဲ့ကို အဲဒီဆွေးနွေးချက်တွေ ပြန်တင်ပြပြီး အတည်ပြုချက်ရယူတယ်။ လူမှုရေးကဏ္ဍရဲ့ အဓိကဖြစ်တဲ့ ထူထောင်ရေး၊ ပြန်လည်နေရာချထားရေးနဲ့ လူမှုဘဝ ဖူလုံရေးကိစ္စရပ်တွေအပေါ် ဆောင်ရွက်တဲ့နေရာ၊ ဆုံးဖြတ်ချက်ချတဲ့နေရာ၊ စီမံကိန်း တွေအကောင်အထည်ဖော် ဆောင်ရွက်တဲ့နေရာတွေမှာ အနည်းဆုံး အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါဝင်ဖို့ ကိစ္စရပ်ပါပါတယ်။ ပညာရေးနဲ့ပတ်သက်လို့ အားလုံးလက်လှမ်းမှီ လွှမ်းခြုံနိုင်တဲ့ ပညာရေးမျိုးအတွက်ကိုလည်း ဆောင်ရွက်ဖို့ဆိုတဲ့အချက်ပါတယ်။ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေ၊ ကလေးသူငယ်တွေ၊ မသန်စွမ်းတွေနဲ့ ပတ်သက် တဲ့အခွင့်အရေးတွေကို ကာကွယ်တဲ့ဥပဒေတွေကို ပြဋ္ဌာန်းပေးဖို့ ကိစ္စတွေလည်း ပါတယ်။ စုစုပေါင်း ၇ ချက်ထဲမှာ ကလေးသူငယ်အခွင့်အရေးသိသိနဲ့ ချိုးဖောက်မှုတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့ဆိုတဲ့ မူဝါဒ ချမှတ်ပေးဖို့တွေ ပါပါတယ်။ 

ပထမအစည်းအဝေးမှာ မူးယစ်ဆေးဝါးကို အမျိုးသားရေးတာဝန်အနေနဲ့ တိုက်ဖျက်ရမယ်ဆိုတာကို ဘယ်လိုတိုက်ဖျက်မလဲ ဆိုတာတွေပေါ့။ မူးယစ်ဆေးဝါး သုံးစွဲမှုကို လျော့ချတာရယ်  ကာကွယ်တာရယ် သဘောသဘာဝနယ်ပယ်ချင်းက မတူဘူး။ သုံးစွဲမှုကိုလျော့ချဖို့ ကိစ္စရပ်ကိုလည်း ကျွန်မတို့ ဒီမူထဲမှာ ထည့်ပြီးရေးဆွဲတဲ့ အခါမှာ နိုင်ငံတော်အနေနဲ့ လူထုအခြေပြု သီးခြားရန်ပုံငွေထားပြီးလုပ်ဖို့ ကိစ္စကိုလည်း ကျွန်မတို့ ဆွေးနွေးကြပါတယ်။ ဆွေးနွေးကြတဲ့အခါမှာ မူအနေနဲ့တော့ ပိုပြီးတော့ ကျစ်လစ် ခိုင်မာတဲ့အချက်တစ်ချက်ဖြစ်ဖို့ သဘောတူခဲ့ကြတာရှိတယ်ဆိုတော့ ကျွန်မတို့ အကာအကွယ်ဖြစ်တာကတော့ အမျိုးသမီးတွေ ပူးပေါင်းပါဝင်ဖို့၊ ကလေးသူငယ်အခွင့်အရေး၊ သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းသူတွေရဲ့ အခွင့်အရေးကို အကာအကွယ်ဖြစ်မယ့် မူတွေချမှတ်နိုင်ခဲ့တယ်။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တာတွေ အထူးသဖြင့် ကလေးသူငယ် တွေအပေါ်မှာ ကြီးလေးတဲ့ ချိုးဖောက်မှုတွေကို EAOs၊ တပ်မတော်၊ အစိုးရတို့ဘက်ကရော အားလုံးရှောင်ကျဉ်ဖို့ကိစ္စ  အဲဒီမူဝါဒတွေကို ချမှတ်ထားတာ အားလုံး ၇ ချက်ပါ။ အကြောင်းအရာအပေါ်မှာတော့ အကြိတ်အနယ် ဆွေးနွေးခဲ့ရတာ မရှိပါဘူး။ ဒါပေမယ့် မူထဲမှာထည့်တဲ့ အခါမျိုးမှာ စကားရပ်တွေ၊ စကားလုံးတွေအပေါ်မှာတော့ တစ်ယောက်နဲ့တစ်ယောက် အဓိပ္ပာယ် ဖွင့်ဆိုပုံတွေ၊ နားလည်ပုံတွေ မတူကြတော့ အဲဒီအပေါ်မှာတော့ အကြိတ်အနယ်ညှိနှိုင်း ရတာတွေ ရှိတယ်။ တစ်ချို့ မှတ်ချက်တွေကို ဘယ်နေရာမှာထားမလဲ၊ ဒါက Union Accord ထဲမှာ ပါသွားမှာ ဖြစ်တဲ့အတွက် ဖောင်းပွနေလို့မဖြစ်ပါဘူး။ မူ ဖြစ်တဲ့အတွက် မူနဲ့တူနေ ဖို့ လိုပါတယ်။ ဖြုတ်လိုက်တဲ့မှတ်ချက်တွေကိုလည်း Union Accord ထဲမပါ ပေမယ့် ကိုးကားစရာအဖြစ် ဘယ်နေရာမှာထားမလဲ ဆိုတာကိုတော့ အကြိတ်အနယ် ဆွေးနွေးခဲ့တာရှိပါတယ်။ ဒါတွေကလည်း သက်ဆိုင်ရာ UPDJC အတွင်းရေးမှူးအဖွဲ့ကို တင်ပြပြီးတော့ အဟောသိကံ မဖြစ်ရအောင် ပြန်ကိုးကားပြီးတော့ တစ်နေနေရာရာမှာ ရှိနေရမှာပါ။ Union Accord က မူဝါဒဆွေးနွေးတာဖြစ်တဲ့အတွက် ကျစ်လစ်သိပ်သည်း ပြီးတော့ မူဝါဒရဲ့ အင်္ဂါရပ်တွေနဲ့ ညီညွတ်အောင်တော့ အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ ဆွေးနွေးရတဲ့အပိုင်းတွေရှိပါတယ်။

 အမေးအရေး-အေးအေးသန့်

ဓာတ်ပုံ-ဟန်လင်းနိုင်