ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ တတိယအစည်းအဝေး စတုတ္ထနေ့ ကျင်းပ

နေပြည်တော်  ၁၄   ဇူလိုင်

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ တတိယအစည်းအဝေး  စတုတ္ထနေ့ အစုအဖွဲ့အလိုက် အစည်းအဝေးများကို ယနေ့ နံနက်ပိုင်းမှစတင်၍ နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန- ၂ ရှိ သတ်မှတ်နေရာများ၌ ကျင်းပသည်။

 

အစိုးရအစုအဖွဲ့အစည်းအဝေး၌ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က အမှာစကားပြောကြားသည်။ 

ယင်းနောက် တတိယနေ့အစည်းအဝေးတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍတို့၏ သဘောထားစုစည်းချက်များကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ပါဝင်ဆွေးနွေးခဲ့ကြသည့် အစုအဖွဲ့ဝင်များက ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ကဏ္ဍအလိုက် မူဝါဒအဆိုပြုလွှာများနှင့်စပ်လျဉ်း၍ အစုအဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြုဆွေးနွေးကြသည်။

 

လွှတ်တော်အစုအဖွဲ့ အစည်းအဝေး၌ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အဖွဲ့ဝင် ဦးခွန်မောင်သောင်းက အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် ကဏ္ဍအလိုက် မူဝါဒ အဆိုပြုလွှာများနှင့်စပ်လျဉ်း၍ အစုအဖွဲ့ဝင်များက ဝိုင်းဝန်း အကြံပြုဆွေးနွေးကြသည်။

တပ်မတော်အစုအဖွဲ့ အစည်းအဝေး၌ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အတွင်းရေးမှူးများ အဖွဲ့ အဖွဲ့ဝင် ဗိုလ်ချုပ်စိုးနိုင်ဦးက အဖွင့်အမှာ စကားပြောကြားသည်။

ယင်းနောက် အစည်းအဝေး တတိယနေ့တွင် ဆွေးနွေးခဲ့သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍတို့၏ သဘောထားစုစည်းချက်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ပါဝင်ဆွေးနွေးခဲ့ကြသည့် အစုအဖွဲ့ဝင်များက ရှင်းလင်း တင်ပြကြသည်။

အဆိုပါအစုအဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် အစည်းအဝေးတက်ရောက်ကြသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးအတည်ပြုကြသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအစုအဖွဲ့ အစည်းအဝေး၌ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) ဒုတိယဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်း ဆာခေါင်းက အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် အစုအဖွဲ့အလိုက် ဆွေးနွေးပွဲများအတွင်း ဆောင်ရွက်မည့် အစီအစဉ်များ ရှင်းလင်းတင်ပြခြင်း၊ ကဏ္ဍအလိုက် ရရှိခဲ့သည့် အခြေခံမူများကို ရှင်းလင်းတင်ပြခြင်းတို့ကို ဆောင်ရွက်ကြသည်။

ယင်းနောက် အစည်းအဝေး တတိယနေ့တွင် ဆွေးနွေးခဲ့သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍတို့၏ အစည်းအဝေးသဘောထား စုစည်းချက်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ပါဝင်ဆွေးနွေးခဲ့ကြသည့် အစုအဖွဲ့ဝင်များက ရှင်းလင်း တင်ပြကြသည်။

အဆိုပါအစုအဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် အစည်းအဝေးတက်ရောက်ကြသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးအတည်ပြုကြသည်။

 

နိုင်ငံရေးပါတီအစုအဖွဲ့အစည်းအဝေး၌  ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)  အတွင်းရေးမှူးအဖွဲ့ အဖွဲ့ဝင် ဦးစိုင်းကျော်ညွှန့်က အဖွင့်အမှာစကားပြောကြားသည်။ 

ယင်းနောက် အစည်းအဝေးတတိယနေ့တွင် ဆွေးနွေးခဲ့သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍတို့၏ အစည်းအဝေးသဘောထား စုစည်းချက်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ပါဝင်ဆွေးနွေးခဲ့ကြသည့် အစုအဖွဲ့ဝင်များက ရှင်းလင်း တင်ပြကြသည်။ 

အဆိုပါအစုအဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် အစည်းအဝေးတက်ရောက်ကြသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးအတည်ပြုကြသည်။ 

နိုင်ငံရေးကဏ္ဍဆိုင်ရာ မူဝါဒအဆိုပြုလွှာနှင့်စပ်လျဉ်း၍ ကျား/မ ဆိုင်ရာ တန်းတူညီမျှမှုကဏ္ဍတွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စု၏ မည်သည့်နိုင်ငံသားကိုမျှ ကျား/မဆိုင်ရာ လိင်ကွဲပြားမှုကို အခြေခံသော ခွဲခြားဆက်ဆံခြင်း မရှိစေရေးနှင့် တန်းတူညီမျှမှု ရှိစေရေးအတွက် မူဝါဒချမှတ်ရမည်ဟု UPDJC ၏ သဘောတူညီ ချက်အဖြစ် အဆိုပြုထားရာ ယင်းကို  ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ ကျား/မဆိုင်ရာ လိင်ကွဲပြားမှုကို အခြေခံသော ခွဲခြားဆက်ဆံခြင်း မရှိစေရေးနှင့် တန်းတူညီမျှမှု ရှိစေရေးအတွက် မူဝါဒချမှတ်ရမည်ဟု တပ်မတော်အစုအဖွဲ့က အဆိုပြုထားကြောင်း။ 

ထို့ပြင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုတွင် ကျား/မ ရေးရာ အခြေပြု အကြမ်းဖက်မှုများအား ကာကွယ်နိုင်သည့် မူဝါဒများကို ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်ရန်ဟု UPDJC ၏ သဘောတူညီချက်အဖြစ် အဆိုပြုထားရာ ယင်းကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် ကျား/မရေးရာ အခြေပြုအကြမ်းဖက်မှုများအား ကာကွယ်နိုင်သည့် မူဝါဒများကို ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်ရန်ဟု တပ်မတော် အစုအအဖွဲ့က အဆိုပြုထားကြောင်း သိရသည်။ 

စီးပွားရေးကဏ္ဍဆိုင်ရာ မူဝါဒအဆိုပြုလွှာနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး/ပြည်နယ် အစိုးရများသည် မိမိတို့ တိုင်းဒေသကြီး/ ပြည်နယ်များအတွင်းရှိ အများပြည်သူ အကျိုးစီးပွားများအတွက် ဦးစားပေးအကောင်အထည်ဖော် လုပ်ဆောင်နိုင်ရန် စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးရေးမူဝါဒနှင့် စီမံကိန်းများကို ရေးဆွဲချမှတ်ဖော်ဆောင်ခွင့်ရှိရမည်။ ထိုသို့ရေးဆွဲရာတွင် ပြည်ထောင်စု စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးရေးမူဝါဒနှင့် စီမံကိန်းများကို သဟဇာတဖြစ်စေရေးနှင့် ဆက်စပ်သော အခြားတိုင်းဒေသကြီး/ပြည်နယ်များ၏ အကျိုးစီးပွားကို ထိခိုက်မှုမရှိစေရေး ထည့်သွင်းစဉ်းစားရန် ဟု သဘောတူထားကြောင်း သိရသည်။ 

လူမှုရေးဆိုင်ရာ မူဝါဒအဆိုပြုလွှာနှင့်စပ်လျဉ်း၍ ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေး၊ လူမှုဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များအား  ဆောင်ရွက်ရာတွင် ဆုံးဖြတ်ချက်ချသည့် အဆင့်တိုင်းနှင့် အကောင်အထည်ဖော်မှုအဆင့်တိုင်းတွင် အမျိုးသမီးများ (၃၀) ရာခိုင်နှုန်း ပါဝင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သော အားလုံးအကျုံးဝင် ပညာရေးစနစ် ဖော်ဆောင်ရန်၊ လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သော ကျန်းမာရေး စောင့်ရှောက်မှု (Universal Health Coverage) စနစ်ကို ဖော်ဆောင်ရန်၊ မသန်စွမ်းသူများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်များအပါအဝင် အမျိုးသမီးများဆိုင်ရာ အခွင့်အရေးများအတွက် ဥပဒေများ ပြဋ္ဌာန်းပေးရန်၊ လူမှုဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရာတွင် လူမှုသဟဇာတ(Social Cohesion) သဘောတရားများကို ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်း စဉ်းစားဆောင်ရွက်ရန်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အလွဲသုံးမှုဆိုင်ရာ အန္တရာယ်လျော့ချရေး (Harm Reduction)၊ ကုသရေးနှင့် ပြန်လည် ထူထောင်ရေးအတွက် ထိရောက်စွာ စီမံဆောင်ရွက်ရန်၊ ကလေးသူငယ် အခွင့်အရေးရရှိရန်နှင့် ကလေး သူငယ်ဘက်စုံဖွံ့ဖြိုးရေးအတွက် ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကို လေးစားလိုက်နာရေးနှင့် ကလေးသူငယ်များအတွက် ကြီးလေးသော ချိုးဖောက်မှု ၆ ချက် (Six Grave Violations) ပပျောက်ရေးကို ဦးတည်၍ စီမံချက်ချမှတ် ဆောင်ရွက်ရန် ဟု သဘောတူ အဆိုပြုထားကြောင်း သိရသည်။ 

မြေယာနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍဆိုင်ရာ မူဝါဒအဆိုပြုလွှာနှင့်စပ်လျဉ်း၍ အကာအကွယ်ပြုရေးဆိုင်ရာ အစီအမံများကဏ္ဍတွင် နိုင်ငံတွင်းရှိ မြေယာများအား နိုင်ငံသားများသာ ပိုင်ဆိုင်ခွင့်ရှိပြီး နိုင်ငံခြားသားနှင့် တရားမဝင်နေထိုင်သူများအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပိုင်ဆိုင်ခွင့်မရှိစေရ ဟု UPDJC ၏ သဘောတူညီချက်အဖြစ် အဆိုပြုထားရာ ယင်းကို နိုင်ငံတွင်းရှိ မြေယာများကို နိုင်ငံသားများသာ ပိုင်ဆိုင်ခွင့်ရှိပြီး နိုင်ငံခြားသားနှင့် တရားမဝင်နေထိုင်သူများအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပိုင်ဆိုင်ခွင့်မရှိစေရ ဟု အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် နိုင်ငံရေးပါတီအစုအဖွဲ့များက သဘောတူအဆိုပြုထားကြောင်း။ 

မြေယာကိုအသုံးပြု၍ စီမံကိန်းလုပ်ငန်းအမျိုးမျိုး ဖော်ဆောင်ရာတွင် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှု ဆန်းစစ်ခြင်း၊ လူမှုရေးဆိုင်ရာ ထိခိုက်မှုဆန်းစစ်ခြင်း၊ ကျန်းမာ ရေးဆိုင်ရာထိခိုက်မှု ဆန်းစစ်ခြင်းနှင့် ဒေသခံပြည်သူလူထုနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း စသည့် လုပ်ငန်းများကို ကြိုတင်ပြုလုပ်ရမည် ဟု UPDJC ၏ သဘောတူညီချက်အဖြစ် အဆိုပြုထားရာ ယင်းကို မြေယာကို အသုံးပြု၍ စီမံကိန်းလုပ်ငန်းအမျိုးမျိုး ဖော်ဆောင်ရာတွင် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှု ဆန်းစစ်ခြင်း၊ လူမှုရေးဆိုင်ရာ ထိခိုက်မှု ဆန်းစစ်ခြင်း၊ ကျန်းမာ ရေးဆိုင်ရာ ထိခိုက်မှု ဆန်းစစ်ခြင်းနှင့် ဒေသခံပြည်သူလူထုနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း စသည့် လုပ်ငန်းများကို ကြိုတင်ပြုလုပ်ရမည် ဟု အစိုးရ၊ လွှတ်တော်နှင့် တပ်မတော် အစုအဖွဲ့တို့က သဘောတူအဆိုပြုထားကြောင်း သိရသည်။ 

ယနေ့ကျင်းပသည့် စတုတ္ထနေ့ အစည်းအဝေးတွင် အစုအဖွဲ့အလိုက် ဆွေးနွေးပွဲများကို အထက်ဖော်ပြပါ အချက်များနှင့် သဘောထားကွဲလွဲမှုရှိသည့် အချက်များကို သက်ဆိုင်ရာ အစုအဖွဲ့အလိုက် ညှိနှိုင်းဆွေးနွေးအတည်ပြုကြကြောင်း သိရသည်။ 

(သတင်းစဉ်)