ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ တတိယအစည်းအဝေးအတွက် လုပ်ငန်းကော်မတီအလိုက် ဆွေးနွေးပွဲများ ကျင်းပ

နေပြည်တော် ၄ ဇူလိုင်

 

 

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ တတိယအစည်းအဝေးအတွက် နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ လုံခြုံရေးကဏ္ဍ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍများ၏ လုပ်ငန်းကော်မတီအလိုက် ဆွေးနွေးပွဲများကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2) သတ်မှတ်နေရာ အသီးသီး၌ ကျင်းပသည်။

 

 

နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ လုံခြုံရေးကဏ္ဍ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍဆိုင်ရာ လုပ်ငန်းကော်မတီများ၏ ဆွေးနွေးပွဲတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ တတိယအစည်းအဝေးသို့ တင်ပြမည့်အချက်များကို ညှိနှိုင်းဆွေးနွေးကြသည်။ 

 

 

စီးပွားရေးကဏ္ဍ လုပ်ငန်းကော်မတီ ဆွေးနွေးပွဲနှင့်စပ်လျဉ်း၍ ဦးလှမောင်ရွှေက “ကျွန်တော်တို့ စီးပွားရေးကဏ္ဍအနေနဲ့ အရင်တစ်ပတ် အချက်(၃၇)ချက်မှာတုန်းက အချက်(၁၁)ချက်ကို ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၁)အနေနဲ့ တင်သွင်းနိုင်ခဲ့ပါတယ်။ 

“အခုအကြိမ်မှာ စီးပွားရေးကဏ္ဍအနေနဲ့ အချက်(၁၀)ချက်ကျော်ကို တင်သွင်းနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ အခုအထိ ဆွေးနွေးနေတဲ့ အခြေအနေအရ အချက်(၁၅)ချက်လောက်ကို UPDJC ကို တင်နိုင်မယ်။ ဒါပေမယ့် ညီလာခံကို အချက်ဘယ်နှစ်ချက် တင်သွင်းရမလဲဆိုတာကို UPDJC က ဆုံးဖြတ်မှာ ဖြစ်ပါတယ်”ဟုပြောသည်။ 

 

 

လုပ်ငန်းကော်မတီ ဆွေးနွေးပွဲများအတွင်း ကဏ္ဍအလိုက် ဆွေးနွေးသွားမည့် အခြေအနေများနှင့် စပ်လျဉ်း၍ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “အဓိကကတော့ ပြီးခဲ့တဲ့ UPDJC မှာ ကျွန်တော်တို့ ဆုံးဖြတ်လိုက်တယ်။ အထူးသဖြင့် နိုင်ငံရေးကဏ္ဍနဲ့ ပတ်သက်လို့ ခေါင်းစဉ်နှစ်ခု တင်တယ်။ ပထမတစ်ချက်က တိုင်းရင်းသား လူနည်းစု အခွင့်အရေး၊ ဒုတိယအချက်က ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ကျား၊ မ တန်းတူရေးတို့ ဖြစ်ပါတယ်။ ဒီနှစ်ချက်ကို UPDJC မှာ ကျွန်တော်တို့ အကြိတ်အနယ် ဆွေးနွေးကြပါတယ်။ 

 

 

“လူနည်းစုကိစ္စအပေါ်မှာ သဘောတူညီချက် မရဘူး။ တိုင်းရင်းသားလူနည်းစုနဲ့ အခြားလူနည်းစုပါ။ ဒီအပေါ်မှာ အဓိပ္ပါယ်ဖွင့်ဆိုတဲ့ အခါမှာလည်း နိုင်ငံရေးကဏ္ဍမှာ တော်တော်လေး အပြင်းအထန် ပြောရပါတယ်။ ဒီလိုပြောရတဲ့အတွက် အခုညီလာခံမှာ အဲဒီကိစ္စကို မဆွေးနွေးသေးပါဘူး။ ကျွန်တော်တို့အနေနဲ့ ဘာတွေရသွားလဲဆိုရင် အဓိက ကျွန်တော်တို့က ငြိမ်းချမ်းရေးညီလာခံကိုစပြီး ဦးတည်တာက ဖက်ဒရယ်မူဘောင်ဖြစ်ပါတယ်။ ဖက်ဒရယ်မူဘောင်တွေ မပြတ်သေးပါဘူး။ မပြတ်သေးတဲ့အတွက် ဒီမိုကရေစီ အခြေခံမူတွေကျန်ပါသေးတယ်။ အဲဒီတော့ ဒီမိုကရေစီနဲ့ပတ်သက်တဲ့ အခြေခံမူတွေကို ကျွန်တော်တို့က ဆွေးနွေးဖို့ မူလကဦးတည်ထားတာမရှိဘူး။ မရှိတော့ ဒီမိုကရေစီ အခွင့်အရေးတွေ၊ နိုင်ငံသားတွေရဲ့ မူလအခွင့်အရေးတွေပေါ်မှာလည်း စကားလုံးအရ အကျေအလည် မရဘူး၊ မရတော့ နောက်ဆုံးတစ်ချက်က နိုင်ငံရေးကဏ္ဍမှာတော့ ကျား၊ မ တန်းတူရေးနဲ့ ပတ်သက်ပြီးတော့ သဘောတူညီချက်ရအောင် ဆွေးနွေးမယ်။ ကျန်တဲ့ကဏ္ဍတွေကတော့ သိပ်ပြီး များများစားစား အငြင်းပွားစရာ မရှိဘူး။ စီးပွားရေးနဲ့ မြေယာကဏ္ဍတွေကလည်း ထွက်သင့်သလောက် ထွက်မယ်။ လူမှုရေးကလည်း မူလက သဘောတူထားတာ (၆)ချက်ရှိတယ်။ အခုသုံးရက်မှာလည်း ထပ်ဆွေးနွေးဖို့ရှိတယ်။ မူလမှန်းထားတာကတော့ (၁၀)ချက်လောက်ကို လူမှုရေးကဏ္ဍက တင်နိုင်အောင် ကြိုးစားမယ်လို့ ဆုံးဖြတ်ထားတယ်။ ဘာကြောင့်လဲဆိုတော့ ဒီညီလာခံမှာ နိုင်ငံရေးဏ္ဍမှာ သဘောတူညီချက်က နည်းမယ့် သဘောရှိတဲ့အတွက် ကျန်တဲ့ကဏ္ဍတွေကနေ သဘောတူညီချက်တွေ အများဆုံးရအောင် ကြိုးပမ်းသွားမယ်လို့ ဆုံးဖြတ်ထားတယ်” ဟုပြောသည်။ 

 

 

ယနေ့ဆွေးနွေးပွဲများသို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ အဖွဲ့ဝင်များ၊ ပူးတွဲကော်မတီဝင်များ၊ အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့တို့မှ လုပ်ငန်းကော်မတီဝင်များ၊ အကျိုးဆောင်များနှင့် အထောက်အကူပြု ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ 

 

 

နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ လုံခြုံရေးကဏ္ဍ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍဆိုင်ရာ လုပ်ငန်းကော်မတီ ဆွေးနွေးပွဲများကို ဇူလိုင် (၆) ရက်ထိ သုံးရက်တာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

 

(သတင်းစဉ်)