ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ တတိယအစည်းအဝေးအတွက် နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ လုံခြုံရေးကဏ္ဍ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍများဆိုင်ရာ လုပ်ငန်းကော်မတီ ဆွေးနွေးပွဲများ ဒုတိယနေ့ ဆက်လက်ကျင်းပ

နေပြည်တော် ၅ ဇူလိုင်

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ တတိယအစည်းအဝေးအတွက် နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ လုံခြုံရေးကဏ္ဍ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍများဆိုင်ရာ လုပ်ငန်းကော်မတီအလိုက် ဆွေးနွေးပွဲများ၏ ဒုတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2) သတ်မှတ်နေရာ အသီးသီး၌ ဆက်လက်ကျင်းပသည်။

နိုင်ငံရေးကဏ္ဍ လုပ်ငန်းကော်မတီ ဆွေးနွေးပွဲ နှင့်စပ်လျဉ်း၍ ဒေါက်တာ တူးဂျာ က “ ကျား၊ မ တန်းတူရေးနဲ့ ပတ်သက်ပြီး အဓိက ဆွေးနွေးကြပါတယ်။ ဒီနေ့ ဆွေးနွေးမှုအရ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ကဏ္ဍတိုင်းမှာ အမျိုးသမီး တွေအနေနဲ့ အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်ခွင့်ပြုဖို့ သဘောထားတွေချမှတ်နိုင်ခဲ့ပါတယ်။ ဒါကိုလည်း အများစုက သဘောတူကြပါတယ်။ ခုလောလောဆယ် အမျိုး သမီးပါဝင်မှုက ၃၀ ရာခိုင်နှုန်း လျော့ချင်လည်းလျော့နေမယ်။ ဒါပေမယ့် မူအရ အနည်း ဆုံး ၃၀ ရာခိုင်နှုန်းနဲ့ ချမှတ်လုပ်ဆောင်သွားဖို့ ဖြစ်ပါတယ်” ဟုပြောသည်။

မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍဆိုင်ရာ လုပ်ငန်းကော်မတီ ဆွေးနွေးပွဲနှင့် စပ်လျဉ်း၍ ဦးအောင်နိုင်ဦး က “ကျွန်တော်တို့ UPDJC က ပြန်ချပေးတဲ့ မူဝါဒအပေါ်မှာ အချင်းချင်းပြန်လည်ဆွေးနွေးနေပါတယ်။ ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့ကနေ အဆိုပြုလာတဲ့ အချက်တွေအပေါ်မှာလည်း စပြီးဆွေးနွေးနေပါတယ်။ မနေ့က ဆွေးနွေးရင်း မပြီးပြတ်သေးတဲ့ ကိစ္စတွေကို ဒီနေ့ပြန်ဆွေးနွေးမယ်ဆိုတာ လည်းရှိပါတယ်။ ကျွန်တော်တို့ အဓိက ဆွေးနွေးနေတာကတော့ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စတွေဖြစ်ပါတယ်။

အခွန်နဲ့ပတ်သက်ပြီး ဘယ်လိုခွဲဝေမလဲ၊ သယံဇာတနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုခွဲဝေမလဲ၊ နောက်ပြီး စီးပွားရေးနဲ့ပတ်သက်တဲ့ မူဝါဒချမှတ်တဲ့ အပိုင်းတွေ၊ စီမံကိန်းတွေ ရေးဆွဲတဲ့အပိုင်းတွေ ဒါတွေကို ပြည်ထောင်စုနဲ့ ဖက်ဒရယ် စနစ်အရ ဖြစ်လာမယ့် တိုင်းဒေသကြီးနဲ့ပြည်နယ်တွေကို ဘယ်လိုဖက်ဒရယ် အခြေခံမူကို အခြေခံပြီး ဘယ်လိုစဉ်းစားကြမယ်ဆိုတာကို အခြေခံမူနဲ့သွားပြီး ဆက်လက်ဆွေးနွေးနေတာ ဖြစ်ပါတယ်။ ပြီးတော့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဘယ်လိုသွားကြမယ်ဆိုတာတွေကို ဆက်လက်ဆွေးနွေးနေပါတယ်” ဟုပြောသည်။

ထို့အတူ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ လုံခြုံရေးကဏ္ဍလုပ်ငန်းကော်မတီ ဆွေးနွေးပွဲများတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ တတိယအစည်းအဝေးသို့ တင်ပြမည့် အချက်များကို ဆက်လက်ညှိနှိုင်းဆွေးနွေး ကြသည်။

ယနေ့ဆွေးနွေးပွဲများသို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲ ကော်မတီ (UP DJC) အတွင်းရေးမှူးအဖွဲ့ အဖွဲ့ဝင်များ၊ ပူးတွဲကော်မတီဝင်များ၊ အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့တို့မှ လုပ်ငန်းကော်မတီဝင်များ၊ အကျိုးတော်ဆောင်များနှင့် အထောက်အကူပြု ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

သူရဇော်၊ မျိုးသူဟိန်း(သတင်းစဉ်)