ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ တတိယအစည်းအဝေးဆက်လက်ကျင်းပ

နေပြည်တော် ၆ ဇူလိုင်

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ တတိယအစည်းအဝေးအတွက် နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ လုံခြုံရေးကဏ္ဍ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍများ ဆိုင်ရာ လုပ်ငန်းကော်မတီအလိုက် ဆွေးနွေးပွဲများ၏ တတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2) သတ်မှတ်နေရာ အသီးသီး၌ ဆက်လက်ကျင်းပသည်။

နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ လုံခြုံရေးကဏ္ဍ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍဆိုင်ရာ လုပ်ငန်းကော်မတီများ၏ ဆွေးနွေးပွဲတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - (၂၁) ရာစုပင်လုံ တတိယအစည်းအဝေးသို့ တင်ပြမည့်အချက်များကို အပြီးသတ် ဆွေးနွေးအတည်ပြုကြသည်။

လူမှုရေးကဏ္ဍ လုပ်ငန်းကော်မတီဆွေးနွေးပွဲ နှင့်စပ်လျဉ်း၍ ဦးဇော်ဌေးက “လူမှုရေး ကဏ္ဍဖြစ်တဲ့အတွက် ကြီးကြီးမားမား အငြင်းအခုံ ဖြစ်စရာနည်းပါတယ်။ ကျန်တဲ့ကဏ္ဍတွေနဲ့ ယှဉ်ရင် ကျွန်တော်တို့ ကဏ္ဍက ဆွေးနွေးဘက်တွေကြားမှာ ပြေပြေလည်လည် ဆွေးနွေးနိုင်ခဲ့ပါတယ်။ သဘောတူညီချက်တွေလည်း အတန်အသင့် ရရှိခဲ့တယ်။

ဒီမနက်မှာပဲ သဘောတူညီချက် နှစ်ချက် ထပ်မံရရှိခဲ့ပါတယ်။ ပထမအချက်က ကလေးသူငယ်တွေ နဲ့ပတ်သက်ပြီး ကြီးလေးသော ချိုးဖောက်မှု ( Six Grave Violations )တွေ မလုပ်ဖို့ပါ။ အဲဒါက ဘယ်မှာပါလဲဆိုရင် အစိုးရနဲ့ EAOs လက်မှတ်ရေး ထိုးထားတဲ့ NCA မှာ ပါပြီးသား ဖြစ်ပါတယ်။ ကလေးသူငယ်တွေအပေါ်မှာ သတ်ဖြတ်ခြင်း၊ လိင်အကြမ်း ဖက်ခြင်းနဲ့ ကလေးစစ်သား စုဆောင်းခြင်းတွေ စတဲ့အချက်တွေပါဝင်ပါတယ်။

ဒါက လုံခြုံရေးကောင်စီမှာလည်း မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဆွေးနွေးနေတဲ့ အကြောင်း အရာပါ။ Listed Country ထဲမှာ မြန်မာနိုင်ငံက ပါနေပါတယ်။ ပါတော့ ငြိမ်းချမ်းရေးညီလာခံမှာ ကျွန်တော်တို့အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေလည်း ဒါကိုဆွေးနွေးတယ်။ ဆွေးနွေးပြီးတော့ NCA မှာလက်မှတ်ထိုးထားတဲ့ ကတိကဝတ်တွေကို ထပ်လောင်းပြီးတော့ အခြေခံမူတစ်ရပ် ချမှတ်နိုင်ခဲ့ပါတယ်။ ချမှတ်နိုင်ခဲ့တဲ့အတွက် ဒါလည်း ဝမ်းမြောက်စရာ တစ်ခုဖြစ်ပါတယ်။

အထူးသဖြင့် ကျွန်တော်တို့ နိုင်ငံရဲ့ လက်ရှိအနေအထားမှာ လုံခြုံရေးကောင်စီ အပါအဝင် ကျန်တဲ့မျက်နှာစာတွေမှာ မြန်မာ နိုင်ငံနဲ့ပတ်သက်တဲ့ ပြောကြားချက်တွေနဲ့ပတ်သက်လို့ ဒီငြိမ်းချမ်းရေးညီလာခံရဲ့ ဆွေးနွေးချက်က အထောက်အကူဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒါကိုလည်း အစုအဖွဲ့အားလုံးက လိုလို လားလား သဘောတူပါတယ်။

နောက်တစ်ချက်က မသန်စွမ်းသူတွေရဲ့ အခွင့်အရေးပါ။ အဆောက်အဦ ဆောက်လုပ်တာပဲ ဖြစ်ဖြစ်၊ Public ဧရိယာမှာပဲဖြစ်ဖြစ် မသန်စွမ်းတွေအတွက် အခွင့်အရေးတွေ သူတို့ပါဝင်နိုင်တဲ့ နေရာတွေလုပ်ထားတာ မရှိသေးဘူးပေါ့။ နောက်ပိုင်း အဆောက်အဦတွေ ဆောက်လုပ်ရင် မသန်စွမ်းတွေအတွက် ဝှီးချဲ Lane တွေပါရမယ်။ မျက်မမြင်တွေ လျှောက်နိုင်မယ့် လမ်းတွေပါရမယ်။ ကျွန်တော်တို့နိုင်ငံမှာ ဒီလို ကျယ် ကျယ်ပြန့်ပြန့် မရှိသေးပါဘူး။ မသန်စွမ်းတွေအတွက် အခြေခံမူ သဘောတူညီချက် တစ်ရပ်ကို ဒီမနက်မှာပဲ သဘောတူနိုင်ခဲ့ပါတယ်။ ဒီသဘောတူညီမှု အခြေခံမူအပေါ် မူတည်ပြီး မူဝါဒတွေ အကောင်အထည်ဖော်တာ တွေ၊ ဆက်လက်လုပ်ဆောင် သွားရမှာဖြစ်ပါတယ်။

လူမှုရေး ကဏ္ဍအနေနဲ့ အားလုံး ဆယ်ချက်လောက် သဘောတူညီချက်ရဖို့ မှန်းထားပါတယ်။ သို့သော် ကိုးချက်လောက် ကျန်မယ်လို့ ယူဆပါတယ်။ အထူးသဖြင့် လူမှုရေးကဏ္ဍက ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးနဲ့ လူမှုဖွံ့ဖြိုးရေးပေါ့။ အဲဒီမှာ လက်နက်ကိုင် ပဋိပက္ခကြောင့် နယ်စပ်ကိုရောက်သွားတဲ့ ဒုက္ခသည်တွေ၊ ပြည်တွင်းဒုက္ခသည်စခန်းတွေမှာ နေနေရတဲ့ အဖွဲ့တွေရှိတယ်။ ဒါတွေကို ပြန်လည် နေရာချထားရေးကိစ္စတွေကို အထူးအလေးပေးဆွေးနွေးပြီး သဘောတူညီချက်တွေရခဲ့ပါတယ်။

ဒါကြောင့် ဒီညီလာခံမှာ အငြင်းပွားဖွယ်ရာမရှိ သဘောတူညီချက် ကိုးချက် ဆယ်ချက် လောက်တင်နိုင်ဖို့ မှန်းထားပါတယ်။ မနေ့က သဘောတူထားတဲ့အချက်တွေမှာ ပြန်လည်ထူထောင်ရေး၊ ပြန်လည် နေရာချထားရေးကိစ္စတွေ၊ မူးယစ်ဆေးနဲ့ ပတ်သက်တဲ့ မူဘောင်တွေ၊ များသောအားဖြင့် လူမှုဖွံ့ဖြိုးရေးဆိုင်ရာနဲ့ ပြန်လည်ထူထောင်ရေး ပြန်လည်နေရာချထားရေး တွေပါတယ်။

ဒီမှာဆွေးနွေးပြီး မပြီးပြတ်သေးတဲ့ကိစ္စက လက်နက်ကိုင်ပဋိပက္ခကြောင့် တစ်ဖက်နိုင်ငံ ရောက်သွားတဲ့ ဒုက္ခသည်တွေ၊ ပြည်တွင်း က IDP Csmp တွေအနေနဲ့ သူတို့နေရာကို ပြန်လာတဲ့အခါမှာ မူလကသူတို့ ပိုင်ဆိုင်တဲ့ မြေယာတွေနဲ့ ပတ်သက်လို့ ကျယ်ကျယ် ပြန့်ပြန့်ဆွေးနွေးနေပါတယ်။ ကျွန်တော်တို့ ကဏ္ဍမှာတော့ ပြီးပြတ်တယ်။

သို့သော် မြေယာကဏ္ဍမှာတော့ ဆက်ပြီး ဆွေးနွေးရမှာဖြစ်ပါတယ်။ ဟိုဘက်ဒီဘက် ဆက်စပ်နေတဲ့ ကိစ္စတွေဆိုတော့ လုပ်ငန်းကော်မတီနှစ်ခု ပြန်ဆွေးနွေးကြမလားဆိုတာမျိုး မပြီးပြတ်သေးတဲ့ ကိစ္စတွေရှိပါတယ်။ မနက်ဖြန်မှာတော့ UPDJC အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးပြုလုပ်ပြီး လုပ်ငန်းကော်မတီ (၅)ခု ကတက်လာတဲ့ မူဝါဒစာတမ်းတွေ ပြန်လည် ပြင်ဆင်မယ်။ ပြင်ဆင်ပြီးရင် ဇွန် ၉ ရက်မှာ UPDJC အစည်းအဝေးလုပ်မယ်။ ဒီအစည်းအဝေးမှာ လုပ်ငန်းကော်မတီက ဆွေးနွေးလာတဲ့ မူဝါဒ၊ အဆိုပြုချက်တွေ၊ အခြေခံမူတွေကို သဘောတူညီ ချက်အနေနဲ့ တင်နိုင်မယ်။ တစ်ချို့ ကဏ္ဍတွေမှာ အငြင်းပွားဖွယ်ဖြစ်နေ တဲ့ အချက်တွေကို အဆိုပြုချက်တွေအနေနဲ့ Option တွေအနေနဲ့ တင်ပါမယ်။ ဒါတွေကို အဲဒီအစည်းအဝေးမှာ ထပ်မံဆွေးနွေးပြီး ညီလာခံစတဲ့အခါမှာ ပြန်လည်ဆွေးနွေး သွားမှာဖြစ်ပါတယ်” ဟု ပြောသည်။

မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍ လုပ်ငန်းကော်မတီဆွေးနွေးပွဲနှင့် စပ်လျဉ်း၍ ဒေါ်ဝါဝါမောင်က “တိုင်းရင်းသားတွေရဲ့ မိရိုးဖလာ ပိုင်ဆိုင်ခွင့်ကို တရားဝင် မှတ်ပုံတင်ခွင့်ရရှိအောင် ဆောင်ရွက်နိုင်မယ့် လုပ်ငန်းတွေ ပါဝင်ပါတယ်။ နောက်တစ်ခု က မြေယာကို အကာအကွယ်ပေးမှုတွေနဲ့ ပတ်သက်လို့ မြေယာကို တရားမဝင် နေထိုင်သူတို့၊ နိုင်ငံသား မဟုတ်သူတို့ ပိုင်ဆိုင်ခွင့် မရှိစေရပေါ့။ နိုင်ငံသားများသာလျှင် မြေယာကို တရားဝင်ပိုင်ဆိုင်ခွင့် ရှိတယ်ဆိုတာတွေ၊ ပိုင်ဆိုင်မှုနဲ့ ပတ်သက်တာတွေ၊ မြေယာဆိုင်ရာမူဝါဒတွေကို ဆွေးနွေးပါတယ်။ ကျွန်မတို့ ကဏ္ဍကနေ အနည်းဆုံး(၅)ချက်လောက်ကို မှန်းထားပါတယ်။ အဲဒီအထဲမှာ မြေယာမူဝါဒနဲ့ ပတ်သက်လို့ ပိုင်ဆိုင်မှုမူဝါဒ၊ မြေယာမူဝါဒတွေပြဋ္ဌာန်းပြီးတော့ ကာကွယ်ပေးရ မယ်ဆိုတဲ့ အပိုင်းတွေလည်း ပါဝင်ပါတယ်။ နောက် စီမံခန့်ခွဲမှု၊ မြေယာဖွံ့ဖြိုးမှု စီမံချက်တွေ၊ မြေယာအသုံးချမှုတွေ၊ သဘာဝ ပတ်ဝန်း ကျင်ထိန်းသိမ်းမှုတွေ၊ သက်ဆိုင်ရာဒေသခံ ပြည်သူ လူထုနဲ့ ကြိုတင်တိုင်ပင်ဆွေးနွေးမှုတွေ ရှိရမယ်၊ တင်ကြို အသိပေးဆောင်ရွက်ရမယ် စတဲ့ အပိုင်းတွေပါဝင်ပါတယ်” ဟုပြောသည်။

ယနေ့ဆွေးနွေးပွဲများသို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲ ကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ ၊အဖွဲ့ဝင်များ၊ ပူးတွဲကော်မတီဝင်များ၊ အစိုးရ၊ လွှတ်တော်၊ တပ်မတော် အစုအဖွဲ့တို့မှ လုပ်ငန်းကော်မတီဝင်များ၊ အကျိုးတော်ဆောင်များ နှင့် အထောက်အကူပြု ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

သူရဇော်၊ မျိုးသူဟိန်း