နေပြည်တော် ၃၀ ဇွန်
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံ ကျင်းပရေးဗဟိုကော်မတီ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံ ကျင်းပရေးဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဗဟိုကော်မတီဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးကျော်တင်၊ ဒေါက်တာဖေမြင့်၊ ဦးသန့်စင်မောင်၊ ဒေါက်တာမြင့်ထွေးနှင့် ဦးအုန်းမောင်၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဒုတိယဝန်ကြီး ဦးခင်မောင်တင်နှင့် ဦးမောင်မောင်ဝင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ကိုဗစ်-၁၉ ရောဂါသည် တစ်ကမ္ဘာလုံးကို ထိခိုက်စေသည့်ကိစ္စ ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဦးဆောင်မှု၊ ကျန်းမာရေးဝန်ကြီးဌာန၏ ကြိုတင်စီစဉ်မှုများကြောင့် First Wave ကို ကောင်းမွန်စွာ ထိန်းသိမ်းနိုင်သည့် အနေအထားရှိပါကြောင်း၊ မိမိတို့သတိထားရမည့်ကိစ္စမှာ လက်ရှိရပ်တည်ထားသည့် ထိန်းသိမ်းမှုကို ဆက်လက်ထိန်းသိမ်းရန် ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါသည် အားလုံးကို ထိခိုက်စေခဲ့ပြီး မိမိတို့၏ ငြိမ်းချမ်းရေးလမ်းစဉ်ကိုလည်း နှောင့်နှေးမှုဖြစ်စေခဲ့ပါကြောင်း။
ငြိမ်းချမ်းရေးခရီးစဉ်သည် လွယ်ကူသည့်ခရီးစဉ် မဟုတ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု မတိုင်မီကပင် ငြိမ်းချမ်းရေးခရီးစဉ်၏ ရှေ့ဆက်သွားရမည့် နည်းလမ်းများကို အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ EAO များနှင့် အမြဲမပြတ် ဆွေးနွေးခဲ့ပါကြောင်း၊ အစောပိုင်းတွင် ဆွေးနွေးညှိနှိုင်းမှုများ ကြန့်ကြာသော်လည်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ခေါ်ယူနိုင်ပြီး နောက်တွင် တိုးတက်မှုများ ရရှိခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားခဲ့ပါက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံကို သုံးလခန့်စော၍ ကျင်းပနိုင်မည်ဖြစ်ပါကြောင်း။
ငြိမ်းချမ်းရေးခရီးစဉ်သည် အရေးကြီးသည့်အတွက် ကိုဗစ်-၁၉ ရောဂါကိုလည်း အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်သည့် အခြေအနေတွင် New Normal ဟုခေါ်သည့် ပုံစံဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံကို ကျင်းပရန် စီစဉ်ရခြင်းဖြစ်ပါကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂတွင် နှစ်စဉ်အထွေထွေညီလာခံ ကျင်းပပါကြောင်း၊ ယခုနှစ် အထွေထွေညီလာခံကို ပုံစံသစ်ဖြင့် ကျင်းပရန် စီစဉ်ထားပါကြောင်း၊ အထွေထွေညီလာခံ၏ General Debate တွင် ပုံမှန်တက်ရောက်နေကျ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများ မတက်ရောက်ဘဲ Video Conferencing ဖြင့် ပြုလုပ်သွားမည် ဖြစ်ပါကြောင်း၊ ယင်းအချက်ကိုကြည့်၍ မိမိတို့အနေဖြင့် (၂၁)ရာစုပင်လုံကို ကျင်းပသည့်အခါတွင် အကျဉ်းချုံးကိုသာ လုပ်နိုင်သည့် အခြေအနေရှိသည်ဟု သုံးသပ်ပါကြောင်း။
မိမိတို့ စဉ်းစားသုံးသပ်ရာတွင် ကိုယ်စားလှယ်များကို Social Distancing ဖြင့်ထား၍ ဆောင်ရွက်မည်ဆိုပါက မည့်သည့်အရေအတွက် ဖြစ်နိုင်မည်ဆိုသည်ကို ကြည့်ပါကြောင်း၊ ထိုသို့ သုံးသပ်ရာတွင် ယခင်က ကိုယ်စားလှယ် (၇၀၀)ခန့် တက်ရောက်ပါကြောင်း၊ ယခင် ကိုယ်စားလှယ်အရေအတွက် သုံးပုံတစ်ပုံခန့်ဖြင့် ကျင်းပရန် အဖြေထွက်ပါကြောင်း၊ ယင်းအဖြေအပေါ်မူတည်၍ EAO များနှင့် ညှိနှိုင်းသည့်အခါတွင် EAO များကလည်း ငြိမ်းချမ်းရေးညီလာခံသည် မဖြစ်မနေ ကျင်းပသင့်ပါကြောင်း၊ ထို့ကြောင့် ကိုဗစ်-၁၉ အခြေအနေပေါ်မူတည်၍ ပြုပြင်ပြောင်းလဲမှုလုပ်ထားသည့် ပုံစံသစ်ဖြင့် ဆောင်ရွက်ရန်ကိုလည်း သဘောတူပါကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်ခြင်းသည် ချက်ချင်းထွက်ပေါ်လာ သည့်အခြေအနေမဟုတ်ဘဲ Working Plan အဖွဲ့တွင် ဆက်တိုက်ညှိနှိုင်းရသည်များ ရှိပါကြောင်း၊ ညှိနှိုင်းချက်များအပေါ်မူတည်၍ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံကို ကျင်းပရန် စီစဉ်နေခြင်းဖြစ်ပါကြောင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံ အောင်မြင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် ပြောကြားလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံ ကျင်းပရန် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ဖိတ်ကြားရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က ကြိုဆိုနေရာချထားရေး၊ တည်းခိုနေထိုင်ရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် ခန်းမအတွင်း နေရာချထားရေး လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က သယ်ယူပို့ဆောင်ရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လည်းကောင်း၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့် အမြဲတမ်းအတွင်းဝန်တို့က အခမ်းအနားပြင်ဆင်ရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ဧည့်ခံကျွေးမွေးရေး လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က လုံခြုံရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က သတင်းပြန်ကြားရေးနှင့် မှတ်တမ်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် တာဝန်ရှိသူတို့က ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဘဏ္ဍာရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးခင်မောင်တင်က ပူးပေါင်းညှိနှိုင်းရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြကြရာ တင်ပြချက်များနှင့်စပ်လျဉ်း၍ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌက လိုအပ်ချက်များကို ပေါင်းစပ်ညှ်နှိုင်း ဆောင်ရွက်ပေးသည်။
ယင်းနောက် တက်ရောက်လာကြသူများက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံ ကျင်းပနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို အကြံပြုဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံ ကျင်းပရေး ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ငြိမ်းချမ်းရေးကိစ္စသည် အရေးကြီးသည့်အတွက် ကိုဗစ်-၁၉ ကာလတွင် ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များနှင့် တက်ရောက်လာကြသူအားလုံး၏ ကျန်းမာရေးအတွက် ကိုဗစ်-၁၉ ဆိုင်ရာ ညွှန်ကြားချက်များနှင့် လမ်းညွှန်ချက်များကို အပြည့်အဝ ကျင့်သုံးလိုက်နာဆောင်ရွက်ခြင်းဖြင့် အောင်အောင်မြင်မြင် ကျင်းပနိုင်မည်ဟု ယူဆပါကြောင်း ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်


