ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံသို့ တင်သွင်းမည့် ကဏ္ဍငါးခုနှင့် ပတ်သက်၍ ဆွေးနွေးမှုစတင်၊ အများစုကိုသဘောတူညီမှုရရှိ

နေပြည်တော် ၂၅ မေ 

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ (ဒုတိယ အစည်းအဝေး) နောက်ဆုံးနေ့တွင် တင်သွင်းမည့် ကဏ္ဍငါးခုတွင် ပါဝင်သည့် အခြေခံမူနှင့် အချက်ပေါင်း (၄၁)ချက်ကို (၂၁)ရာစုပင်လုံ (ဒုတိယအစည်းအဝေး) ဒုတိယနေ့တွင် စတင်ဆွေးနွေးခဲ့ပြီး အများစုကိုသဘော တူညီမှုရရှိသည်ဟု ဒုတိယနေ့ သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ မြေယာနှင့် သဘာဝ ပတ်ဝန်းကျင်ကဏ္ဍ၊ လုံခြုံရေးကဏ္ဍ ကဏ္ဍငါးခုကို အစိုးရနှင့်လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းနှင့် နိုင်ငံရေးပါတီများ ဆွေနွေးခဲ့ပြီး ကဏ္ဍအသီးသီးတွင် ပါဝင်သည့် အခြေခံမူနှင့် အချက်အများစုကို သဘောတူညီနိုင်ခဲ့ကြောင်း ကဏ္ဍအသီးသီးတွင် တာဝန်ယူထားသည့် UPDJC အတွင်း ရေးမှူးနှင့် အဖွဲ့ဝင်များက ပြောကြားသည်။

နိုင်ငံရေးကဏ္ဍတွင် ပါဝင်သည့် ဒေါက်တာဆလိုင်း လျန်မှုန်းဆာခေါင်းက ''နိုင်ငံရေးကဏ္ဍမှာ ခေါင်းစဉ်ခွဲ အနေနဲ့ အချုပ်အခြာအာဏာ ကိစ္စဖြစ်တယ်။ ဒုတိယက အချုပ်အခြာ အာဏာကျင့်သုံးမှု ဖြစ်တယ်။ တတိယက တန်းတူရေးဖြစ်တယ်။ စတုတ္ထက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဖြစ်တယ်။ ပဉ္စမက ဖက်ဒရယ်ပြည်ထောင်စုမူနဲ့ ပတ်သက်တဲ့ ကိစ္စဖြစ်တယ်။ နံပါတ် (၆)ကတော့ ပါတီစုံဒီမိုကရေစီ ကိစ္စဖြစ်တယ်။ ဒီနေ့ ဆွေးနွေးချက်အားလုံးကိုကြည့်မယ် ဆိုရင် ပုံစံလေးခု ထွက်လာတယ်။ ဆွေးနွေးတဲ့ ဆွေးနွေးချက်အားလုံး အပြုသဘောဆောင်တယ်။ အားလုံးက ပြည်ထောင်စုသဘောတူ စာချုပ်အထိ လက်မှတ်ရေးထိုးဖို့ ကြိုးစားကြရမယ်ဆိုတဲ့ သန္နိဋ္ဌာန်ချထားမှုနဲ့ ဆွေးနွေးကြ တယ်ဆိုတာကို ကျွန်တော်တို့ တွေ့ရတယ်။ ဒါကြောင့် နိုင်ငံရေးကဏ္ဍဟာ အပေါင်းလက္ခဏာ ဆောင်တယ်လို့ တင်ပြချင်ပါတယ်''ဟု ပြောသည်။

စီးပွာရေးကဏ္ဍတွင်ပါဝင်သည့် မင်းဇေယျာဦးက ''ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ စီပွားရေးမူဝါဒတွေ ဆွေးနွေးပါတယ်။ စုစုပေါင်း (၈) ချက်ရှိပါတယ်။ ကျွန်တော် အခု ထွက်လာတဲ့အထိ စီးပွားရေးကဏ္ဍ ဆွေးနွေးနေဆဲပါ။ ဆွေးနွေးချက် (၅)ခု ဆွေးနွေးပြီးပါပြီ။ (၅)ခုလုံးမှာ (၁)ကနေ (၅)အထိ မူအရ သဘောညီချက်ရပါတယ်။ ဆွေးနွေးမှုတွေ ကောင်းမွန်ပါတယ်။ စကားလုံးပြင်ဆင်တာ လောက်ပဲ နည်းနည်းလေး ဆွေးနွေးကြတာများပါတယ်''ဟု ပြောကြားသည်။

လူမှုရေးကဏ္ဍအတွက် ဦးဇော်ဌေးက ''လူမှုရေးကဏ္ဍမှာ ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးနဲ့ လူမှုဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များနဲ့ပတ်သက်တဲ့ အခြေခံမူ လေးချက်ရှိပါတယ်။ အခြေခံမူဖြစ်တဲ့အတွက် အကောင်အထည်ဖော်ရမယ့် အဆင့်တွေကို ဖယ်ထားရပါတယ်။ အဲဒီအတွက် နိုင်ငံတကာစံနှုန်း ပြည်တွင်းအနေ အထားနဲ့ ချိန်ကိုက်ပြီး လုပ်ထားပါတယ်။ ဒီနေ့ လူမှုရေးကဏ္ဍမှာ လေးချက်လုံး ပါဝင်ဆွေးနွေးနိုင်ခဲ့ပါတယ်'' ဟု ပြောသည်။

မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍတွင် ပါဝင်သူ ဦးမြင့်စိုးက ''မြေယာကဏ္ဍမှာ အခြေခံမူ (၆)ချက် ဖြစ်ပါတယ်။ အခြေခံမှုနဲ့ပတ်သက်ပြီး အချို့စကားလုံး အသုံးအနှုန်း အကြံပြုတင်ပြတာ ရှိပါတယ်။ တစ်ခုချင်းအပေါ် လက်မခံနိုင်တာ သိပ်မတွေ့ရပါဘူး။ အချို့စကားလုံးတွေ ပြင်ဆင်ချင်တာ တွေ့ရပါတယ်။ ဒါကို မှတ်တမ်းအနေနဲ့ ထားရှိပါတယ်။ မနက်ဖြန်မှာတော့ အကြံပြုချက်တွေနဲ့ ပြန်လည်သုံးသပ်ပြီး ရရှိတဲ့အချက် အလက်တွေ ဆက်လက်တင်ပြသွားမှာ ဖြစ်ပါတယ်''ဟု ဖြေကြားသည်။

လုံခြုံရေးကဏ္ဍတွင် ပါဝင်သူ ရဲဘော်မျိုးဝင်းက ''လုံခြုံရေးကဏ္ဍမှာ ချမှတ်ထားတာက နိုင်ငံတော် ကာကွယ်ရေးဆိုတဲ့ လုံခြုံရေးကဏ္ဍပါ။ လုံခြုံရေးကဏ္ဍက တိုင်းပြည်အတွက် အရေးကြီးလို့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှာ စတင်ဆွေးနွေးခြင်းမပြုဘဲ ပြည်ထောင်စုအဆင့်မှာသာ စတင်ဆွေးနွေးဖို့ သတ်မှတ်ခဲ့ ပါတယ်။

ဒါကြောင့် အခြေခံမူဝါဒ အဖြစ်နဲ့ ညီလာခံကို တင်ပြနိုင်ခြင်း မရှိပါဘူး။ စေ့စပ်ညှိနှိုင်းဆွေးနွေးမှုအရ အနာဂတ်ပြည်ထောင်စုမှာ တပ်မတော်တစ်ခုတည်း ဖြစ်ရေးဆိုတဲ့ဟာကို မူအားဖြင့် လုပ်ငန်းကော်မတီ အဆင့် မှာ ဆွေးနွေးထားတယ်။ ဒီညီလာခံမှာ လုပ်ငန်းကော်မတီက ရရှိထားတဲ့ သဘောထား၊ UPDJC ရဲ့ လမ်းညွှန်မှုနဲ့အညီ ဒီကနေ့မှာ လုံခြုံရေးကဏ္ဍမှာ တပ်မတော်တစ်ခုတည်း ထားရှိရေးဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးဖြစ်ပါတယ်''ဟု ပြောကြားသည်။

အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီများ နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့စည်း ငါးခုမှ ကဏ္ဍ ငါးခုအပေါ် ယနေ့တွင် စတင်ဆွေးနွေး ခဲ့ခြင်းဖြစ်ပြီး ညီလာခံနောက်ဆုံးနေ့ အတည်ပြုနိုင်မှု မတိုင်မီ အထိ ပြင်ဆင်ဖြည့်စွက်မှုများ ရှိနေမည်ဖြစ်သည်။

သတင်း-ရဲခေါင်ညွန့်