ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံတတိယအစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီး

နေပြည်တော်  ၁၆  ဇူလိုင် 

 

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံ တတိယအစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂၌ ကျင်းပရာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ ကျေးဇူးတင်စကား ပြောကြားသည်။

 

အခမ်းအနားသို့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) ဒုတိယဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့် အတွင်းရေးမှူးအဖွဲ့ အဖွဲ့ဝင်များ၊ အစိုးရအစုအဖွဲ့၊ လွှတ်တော်အစုအဖွဲ့၊ တပ်မတော်အစုအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့၊ နိုင်ငံရေးပါတီများအစုအဖွဲ့တို့မှ ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ၊ အစုအဖွဲ့အသီးသီးမှ ပါဝင်သင့်ပါဝင်ထိုက်သူများ၊ လေ့လာသူများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ညီလာခံတွင် ဦးဆောင်သဘာပတိအဖြစ် ပဒိုစောကွယ်ထူးဝင်းက ဆောင်ရွက်ပြီး သဘာပတိအဖွဲ့ဝင်များအဖြစ် ဒုတိယဗိုလ်ချုပ်ကြီးတင်မောင်ဝင်း၊ ဦးကျော်တင့်ဆွေ၊ ဒေါ်နီရွှေလျန်းနှင့် ဦးမြင့်စိုးတို့ကဆောင်ရွက်ကြသည်။

 

 

ရှေးဦးစွာညီလာခံဦးဆောင်သဘာပတိပဒိုစောကွယ်ထူးဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် - 

 

တစ်ချိန်က မိမိတို့ရဲ့အမျိုးသားများ၏ နိုင်ငံရေးလိုလားချက်၊ ရပ်တည်ချက်များကို ရရှိနိုင်ရန်အတွက် လက်နက်ကိုင်နည်း၊ တော်လှန်ရေးနည်းလမ်းနှင့် အသက်ပေါင်းများစွာရင်းပြီး ရုန်းကန်တိုက်ပွဲဝင်ရာမှ အခုလိုအတူတကွ၊ ပဋိပက္ခ ဖြစ်ပွားဖက်များအကြား မျက်နှာချင်းဆိုင်ပြီး၊ တန်းတူရည်တူဆွေးနွေး ငြင်းခုံအဖြေရှာနိုင်သည့် အဆင့်တဆင့်ကို ရောက်ရှိလာနိုင်အောင် အမျှော်အမြင်ရှိရှိဆောင်ရွက်ခဲ့သော နိုင်ငံတော်၏ ခေါင်းဆောင်များအားလုံးကို၊ တိုင်းရင်းသား ပြည်သူများ၏ကိုယ်စား၊ အထူးကျေးဇူးတင်ရပါသည်ဟု ပြောကြားလိုကြောင်း။

 

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -(၂၁)ရာစုပင်လုံ တတိယအစည်းအဝေးကို (၆)ရက်တာအတွင်း၊ ညီလာခံကို အောင်အောင်မြင်မြင်နှင့်ကျင်းပနိုင်ခဲ့ပါကြောင်း၊ ညီလာခံတက်ရောက်သည့် အစုအဖွဲ့အသီးသီးမှ ခေါင်းဆောင် ကိုယ်စားလှယ်များတို့က တက်တက်ကြွကြွဆွေးနွေး၊ ငြင်းခုံအဖြေရှာပြီး သဘောတူညီချက်များကို ဆုံးဖြတ်ချမှတ်နိုင်ခဲ့သည့်အတွက် ပါဝင်ဆွေနွေးသော အဖွဲ့အသီးသီးမှ ခေါင်းဆောင်၊ ကိုယ်စားလှယ်များ အားလုံးကိုလည်း အထူးကျေးဇူးတင်ရပါကြောင်း။

 

ယခုကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -(၂၁) ရာစုပင်လုံ တတိယအစည်းအဝေးက နိုင်ငံရေး သဘောတူညီချက်ရရှိမှုမှာ အချက်အားဖြင့်မများသော်လည်း အနှစ်သာရအားဖြင့်၊ အနာဂါတ်ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့်  ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်သည် ရှင်သန်ပြီး၊ ပိုမိုကောင်းမွန်သော ရလာဒ်များကို ဆက်လက်ပြီး ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း။

 

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ တတိယအစည်းအဝေးတွင် ကဏ္ဍအလိုက် ဆွေးနွေးမှုမှရရှိသည့် သဘောတူဆုံးဖြတ်ချက်များကို ညီလာခံမှအတည်ပြုပြီး ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၂)ကို ချုပ်ဆိုနိုင်မည်ဖြစ်သည့်အတွက်ကြောင့်လည်း (NCA) အကောင်အထည်ဖော်မှုလုပ်ငန်း၊ ပြည်ထောင်စုငြိမ်းချမ်းရေး တည်ဆောက်မှု၏ လုပ်ငန်းအဆင့်တစ်ဆင့် တိုးတက်အောင်မြင်မှုဖြစ်သည်ဟု မှတ်ယူရမည် ဖြစ်ပါကြောင်း။

 

ယခုကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ တတိယအစည်းအဝေးသည် တိုင်းပြုပြည်ပြု၊ တိုင်းကျိုးပြည်ကျိုး ဆောင်သောလုပ်ငန်းကို ထမ်းရွက်သည့် ညီလာခံဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် မိမိတို့ပြည်ထောင်စု၏ ဂုဏ်ရောင်ပြောင်သည့် အနာဂတ်သမိုင်းကို ညီညီညွတ်ညွတ် ရေးသားသော ညီလာခံဖြစ်ပါကြောင်း၊ မိမိတို့၏ ဆောင်ရွက်မှု၊ ဆုံးဖြတ်မှုများရေးသားမှုများသည် အနာဂတ်မျိုးဆက်သစ်များအတွက် ကောင်းမွန်သည့် အမွေအနှစ် ကောင်းမွန်သည့်အနာဂတ်ကိုထားခဲ့ရန် လိုအပ်ပါကြောင်း။ မိမိတို့ရေးသား ဆောင်ရွက်မှုသည် နောင်လာမည့်မျိုးဆက်သစ် လူငယ်များအတွက် ကောင်းမွန်သည့် အနာဂတ်အမွေကို ပေးစွမ်းမှုမရှိလျှင် မိမိတို့သည် သမိုင်း၏ တရားခံများ ဖြစ်သွားနိုင်ပါကြောင်း။

 

အနာဂတ် ပြည်ထောင်စု၏ တည်ငြိမ်အေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးသည် ယနေ့အနာဂတ်ပြည်ထောင်စု၏ ကံကြမ္မာကို ဖန်တီးသည့် မိမိတို့၏ လက်ထဲတွင်ရှိပါကြောင်း။

 

မိမိတို့၏ အမြော်အမြင်ကြီးမှု၊ ပြည်ထောင်စုအပေါ် စိတ်ရင်းစေတနာရှိမှုနှင့် သမာသမတ်ကျမှုအပေါ်မူတည်ပါကြောင်း၊ မိမိတို့၏ ပြောဆိုဆွေးနွေးမှု၊ ငြင်းခုံအဖြေရှာမှုများသည် မိမိတို့ပြည်ထောင်စု၏အကျိုး၊ မိမိတို့တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ အကျိုးအတွက် ဖြစ်သည်ဟု ယုံကြည်ပါကြောင်း။

 

ဤညီလာခံမှ မိမိတို့သင်ခန်းစာ အများကြီးရရှိမည်ဟု ယုံကြည်ပါကြောင်း၊ ဤသင်ခန်းစာများမှတစ်ဆင့် အနာဂတ်နိုင်ငံရေး ဆွေးနွေးပွဲများကို ပိုမိုကောင်းမွန်အောင် လုပ်နိုင်မည့် အစီအစဉ်များကို ချမှတ်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ လာမည့် ၂၀၁၈ ခုနှစ်မကုန်မီ ကျင်းပမည့် စတုတ္ထအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံကို များစွာအထောက်အကူပြုနိုင်မည်ဟု ခံယူပါကြောင်း။

 

မိမိတို့နိုင်ငံ၏ ဖြစ်ပေါ်မှု သမိုင်းဖြစ်စဉ် ဖြစ်တည်မှုများကို သုံးသပ်သည့်နေရာတွင် မတူညီသော ရပ်တည်မှု ၊ ချည်းကပ်မှု ရှုထောင့်မှနေပြီး သုံးသပ်သည့်အတွက် မတူညီသည့်အမြင် ကွာခြားသည့် ကောက်ချက်ချမှုများ တွေ့ရှိပါကြောင်း၊ မတူညီသည့် အမြင်၊ သုံးသပ်မှု ကောက်ချက်ချ အဖြေထုတ်မှုများကြောင့် သဘောထား ကွဲလွဲမှုကို ဖြစ်စေပြီး၊ ပဋိပက္ခဖြစ်မှုများ ဖြစ်ခြင်းဖြစ်ပါကြောင်း၊ ခြုံပြီးပြောရလျှင် ဒီမိုကရေစီ ဆိတ်သုန်းခြင်းနှင့် အမျိုးသားတန်းတူရေး ဆိတ်သုန်းခြင်းတို့ကြောင့် ဆိုနိုင်ပါကြောင်း။

 

ယနေ့ မိမိတို့နိုင်ငံ၌ ဖြစ်ပွားသည့် ဖြစ်ပွားဆဲ လက်နက်ကိုင် ပဋိပက္ခများသည် လူမျိုးရေး၊ အမျိုးသားရေးကို အခြေခံသည့် နိုင်ငံရေး ပဋိပက္ခ အကျိုးဆက်များ ဖြစ်ပါကြောင်း၊ အထူးသဖြင့် ဤလက်နက်ကိုင် ပဋိပက္ခများသည် တိုင်းရင်းသားနယ်မြေအတွင်းတွင် ရှိနေပါသေးကြောင်း။ ယင်းပဋိပက္ခများအားလုံး ချုပ်ငြိမ်းသွားရန် မိမိတို့ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။ ယင်းလက်နက်ကိုင် ပဋိပက္ခများကို ဖြစ်ပွားစေသည့် အခြေခံ အမျိုးသားနိုင်ငံရေး ပြဿနာများကို ဖြေရှင်းသွားရမည် ဖြစ်ပါကြောင်း၊ ပင်လုံ စိတ်ဓာတ်ဖြင့် အမျိုးသားတန်းတူရေးကို ဖော်ဆောင်ပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်မည်ဟု တင်ပြလိုကြောင်းပြောကြားသည်။

 

ထို့နောက် ကဏ္ဍအလိုက် အခြေခံမူအဆိုပြုချက်များကိုတင်သွင်းကြရာနိုင်ငံရေးကဏ္ဍ အခြေခံမူအဆိုပြုချက်ကို တပ်မတော်အစုအဖွဲ့ကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း) ကလည်းကောင်း၊ စီးပွားရေးကဏ္ဍ အခြေခံမူအဆိုပြုချက်ကို အစိုးရအစုအဖွဲ့ ကိုယ်စားလှယ် ဦးလှမောင်ရွှေကလည်းကောင်း၊ လူမှုရေးကဏ္ဍ အခြေခံမူအဆိုပြုချက်ကို နိုင်ငံရေးပါတီများအစုအဖွဲ့ကိုယ်စားလှယ် ဦးနိုင်ငံလင်းကလည်းကောင်း၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍအခြေခံမူအဆိုပြုချက်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အစုအဖွဲ့ ကိုယ်စားလှယ် ခွန်မြင့်ထွန်းကလည်းကောင်း ဖတ်ကြားတင်သွင်းကြသည်။

 

ယင်းနောက် အစိုးရအစုအဖွဲ့ကိုယ်စားလှယ် ဦးကျော်ကျော်ဟန်၊ လွှတ်တော်အစုအဖွဲ့ ကိုယ်စားလှယ် ဦးမင်းဦး၊ တပ်မတော်အစုအဖွဲ့ကိုယ်စားလှယ် ဗိုလ်ချုပ်စိုးနိုင်ဦး၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့ ကိုယ်စားလှယ် နိုင်အောင်မငေးနှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့ကိုယ်စားလှယ် စောထွန်းအောင်မြင့်တို့က ကဏ္ဍအလိုက်တင်သွင်းသည့် အခြေခံမူ အဆိုပြုချက် အချက် ၁၄ ချက်ကိုထောက်ခံဆွေးနွေးကြသည်။

 

ထို့နောက် ဦးဆောင်သဘာပတိ ပဒိုစောကွယ်ထူးဝင်းက ကဏ္ဍအလိုက် တင်ပြလာသည့် နိုင်ငံရေးကဏ္ဍ အဆိုပြုချက် ၄ ချက်၊ စီးပွားရေးကဏ္ဍ အဆိုပြုချက် ၁ ချက်၊ လူမှုရေးကဏ္ဍ အဆိုပြုချက် ၇ ချက်၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍ အဆိုပြုချက် ၂ ချက် စုစုပေါင်း ၁၄ ချက်အပေါ် အစိုးရအစုအဖွဲ့၊ လွှတ်တော်အစုအဖွဲ့၊ တပ်မတော်သားအစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအစုအဖွဲ့နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့တို့မှ ထောက်ခံတင်ပြပြီးဖြစ်သဖြင့် ကဏ္ဍအလိုက် အဆိုပြုချက်အခြေခံမူများအားလုံးကို တစ်ပေါင်းတစ်စည်းတည်း အတည်ပြုကြောင်း ကြေညာသည်။

 

ယင်းနောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC) မှ တင်သွင်းလာသောစာတမ်းများအား UPDJC အတွင်းရေးမှူးအဖွဲ့ဝင်ဦးမျိုးဝင်းက မှတ်တမ်းတင်နိုင်ရန် ညီလာခံသို့ အဆိုပြုတင်သွင်းရာဦးဆောင် သဘာပတိကမှတ်တမ်းတင် ကြောင်းကြေညာသည်။

 

ထို့နောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ တတိယအစည်းအဝေးမှ အတည်ပြုထားသော သဘောတူညီချက် ၁၄ ချက်ကို ပြည်ထောင်စု သဘောတူစာချုပ်၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် အစိုးရအစုအဖွဲ့မှ ဒေါက်တာတင်မျိုးဝင်း၊ လွှတ်တော်အစုအဖွဲ့ ကိုယ်စားလှယ်ဦးအောင်စိုး၊ တပ်မတော်အစုအဖွဲ့ ကိုယ်စားလှယ် ဗိုလ်ချုပ်စန်းမြင့်၊ တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့ ကိုယ်စားလှယ် ဒေါက်တာလျန်မှုန်းဆာခေါင်းနှင့် နိုင်ငံရေးပါတီအစုအဖွဲ့ ကိုယ်စားလှယ် ဦးသုဝေတို့က လက်မှတ်ရေးထိုးကြသည်။

 

ပြည်ထောင်စုသဘောတူစာချုပ်၏ အစိတ်အပိုင်း (၂) တွင် အသိသက်သေအဖြစ် အစိုးရအစုအဖွဲ့ တိုင်းရင်းသား ကိုယ်စားလှယ် ဦးထုံဖူးဒဂုဏ်၊ တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့ တိုင်းရင်းသားကိုယ်စားလှယ် နန်းစေးအွာ၊ နိုင်ငံရေးပါတီအစုအဖွဲ့ တိုင်းရင်းသားကိုယ်စားလှယ် တာမြင့်ကျော်၊ အစိုးရအစုအဖွဲ့ ပါဝင်သင့်ပါဝင်ထိုက်သူ ကိုယ်စားလှယ် ဦးကျော်ဝင်း၊ တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့ ပါဝင်သင့်ပါဝင်ထိုက်သူကိုယ်စားလှယ်  ဦးလှကျော်အောင်နှင့် နိုင်ငံရေးပါတီအစုအဖွဲ့ ပါဝင်သင့်ပါဝင်ထိုက်သူကိုယ်စားလှယ် နန်းခမ်းအုံတို့  လက်မှတ်ရေးထိုးကြသည်။

 

သဘောတူညီချက် ၁၄ ချက်၊ အစုအဖွဲ့ ကိုယ်စားလှယ်များ၏ လက်မှတ်များ အသိသက်သေများ၏ လက်မှတ်များကို http://myanmardigital.news/mm/content/24925  တွင် သီးခြားဖော်ပြထားပါသည်။

 

ယင်းနောက်ဦးဆောင်သဘာပတိ က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံ တတိယအစည်းအဝေး၏ သဘောထားထုတ်ပြန်ကြေညာချက်ကို ညီလာခံသို့ ဖတ်ကြားတင်ပြသည်။

 

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစု ပင်လုံတတိယအစည်းအဝေး၏ သဘောထား ထုတ်ပြန်ချက်ကို ဖော်ပြပါ  http://myanmardigital.news/mm/content/24896  တွင် သီးခြားဖော်ပြထားပါသည်။

 

ထို့နောက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကကျေးဇူးတင် စကားပြောကြားသည်။

 

 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကျေးဇူးတင်စကားကို ဖော်ပြပါ http://myanmardigital.news/mm/content/24897  တွင် အပြည့်အစုံဖော်ပြထားပါသည်။

 

ယင်းနောက် ညီလာခံသဘာပတိဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်းက နိဂုံးချုပ် အမှာစကားပြောကြားရာ ယင်းအမှာစကားကို http://myanmardigital.news/mm/content/24924 တွင် ဖော်ပြထားပါသည်။

 

 

ထို့နောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ တတိယအစည်းအဝေး အောင်မြင်စွာပြီးမြောက်ကြောင်း ကြေညာသည်။ 

 

ယနေ့ကျင်းပပြီးစီးသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -(၂၁) ရာစုပင်လုံတတိယအစည်းအဝေးမှ သဘောတူညီချက် ၁၄ ချက်ကို ပြည်ထောင်စုသဘောတူစာချုပ်၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် လက်မှတ်ရေးထိုးခဲ့ပြီး ယခင်ကျင်းပခဲ့သည့် ဒုတိယအစည်းအဝေးတွင် သဘောတူညီချက် ၃၇ ချက်ကို ပြည်ထောင်စု သဘောတူစာချုပ်၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် လက်မှတ်ရေးထိုးနိုင်ခဲ့သည့်အတွက် ပြည်ထောင်စု သဘောတူစာချုပ်တွင် အချက်ပေါင်း ၅၁ ချက် ထည့်သွင်းနိုင်ခဲ့ပြီဖြစ်သည်။ 

 

သတင်းအဖွဲ့